စိတ်သက်သာရာ ရသွားပြီဖြစ်တဲ့ ကတ်တီပါရီ

လတ်တလောမှာတော့ ပေါ့ပ်ကြယ်ပွင့် ကတ်တီပါရီဟာ သူ့ဘဝမှာ စိတ်သက်သာရာရစေတဲ့ ကိစ္စတစ်ခုနဲ့ ကြုံခဲ့ရပြီဖြစ်ပါတယ်။ ဒါကတော့ အများသိကြပြီးဖြစ်တဲ့အတိုင်း သူနဲ့ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်တို့အကြား နှစ်များစွာတည်ရှိနေခဲ့တဲ့ ဆိုးရွားတဲ့ဆက်ဆံရေးကို အဆုံးသတ်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီလို တေလာဆွစ်နဲ့ ပြန်လည်အဆင်ပြေခဲ့ပြီး နောက်မှာတော့ ကတ်တီပါရီအနေနဲ့ စိတ်သက်သာရာ ရခဲ့ပြီဖြစ်ကြောင်း ကတ်တီပါရီနဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းမှ ထုတ်ဖော်ပြောကြားချက်ကို ကိုးကားကာ ဟောလိဝုဒ် ရက်ပေါ်တာဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ခြောက်နှစ်ခန့်က စတင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ လတ်တလောမှာတော့ ငြိမ်းချမ်းရေးစကားတွေနဲ့ အဆုံးသတ်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ မေ ၈ ရက်မှာ နယ်လှည့်ဖျော်ဖြေပွဲတွေကို စတင်ခဲ့တဲ့ တေလာဆွစ်ထံကို ဖျော်ဖြေပွဲတွေ မစတင်မီမှာ ကတ်တီပါရီက လက်ဆောင်တွေ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီလက်ဆောင်တွေကိုတော့ တေလာဆွစ်က သူ့ရဲ့ လူမှုကွန်ရက် မီဒီယာပေါ်ကနေတစ်ဆင့် ဖော်ပြပေးခဲ့ပါတယ်။ ကတ်တီပါရီ ပေးပို့ခဲ့တာကတော့ ပြန်လည်အဆင်ပြေလိုကြောင်း ရေးသားထားတဲ့ စာတစ်စောင်နဲ့ ငြိမ်းချမ်းရေးရဲ့သင်္ကေတဖြစ်တဲ့ သံလွင်ခက်တွေပဲ ဖြစ်ပါတယ်။

ယခင်က ကတ်တီပါရီဘက်က ပြန်လည်အဆင်ပြေလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့် တေလာဆွစ်က လက်ခံခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် လတ်တလောမှာ ကတ်တီပါရီက စာရေးသားကာ ငြိမ်းချမ်းရေးစကား ဆိုခဲ့ချိန်မှာတော့ တေလာဆွစ်က လက်ခံခဲ့တာပါ။ ကတ်တီပါရီရဲ့ လက်ဆောင်တွေကို သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်မှာ ပြန်လည်ဖော်ပြခဲ့ရာမှာလည်း တေလာဆွစ်က ကျေးဇူးပါပဲ ကတ်တီပါရီလို့ အဓိပ္ပာယ်ရတဲ့ စာသားတွေကိုပါ ထည့်သွင်းရေးသား ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

တေလာဆွစ်က ကတ်တီပါရီပေးပို့ခဲ့တဲ့ လက်ဆောင်တွေကို ဖော်ပြရာမှာ ဗီဒီယိုဖိုင်တစ်ခုအဖြစ် အင်စတာဂရမ်ပေါ်ကနေတစ်ဆင့် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ယင်းဗီဒီယိုမှာတော့ တေလာဆွစ်က သူဟာ နယ်လှည့်ဖျော်ဖြေပွဲတွေကို မစတင်မီ အဝတ်လဲခန်းအတွင်း ဝင်ရောက်ခဲ့ရာမှာတော့ သူ့အတွက် ရောက်ရှိနေတဲ့ လက်ဆောင်တွေကို တွေ့ခဲ့ရတာဖြစ်ကြောင်း ဆိုပါတယ်။ သူငယ်ချင်းဟောင်းကြီးရေလို့ အစပြုထားတဲ့ စာတစ်စောင်နဲ့ သံလွင်ခတ်တွေကို တွေ့ခဲ့ရတာဖြစ်ပြီး ဒီလက်ဆောင်တွေဟာ သူ့အတွက်တော့ အလွန်ကို အဓိပ္ပာယ်ရှိကြောင်းလည်း တေလာဆွစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကတ်တီပါရီနဲ့ တေလာဆွစ်တို့ဟာ တစ်ချိန်က အလွန်ကိုခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲတွေ ကျင်းပခါနီးမှာ တေလာဆွစ်ရဲ့ နောက်ခံအကအဖွဲ့ကို ကတ်တီပါရီက ခေါ်ယူသွားခဲ့တာကြောင့် သူတို့ကြားမှာ ဆက်ဆံရေးမပြေလည် ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ပိုမိုဆိုးရွားခဲ့ပြီး အခေါ်အပြော မရှိတော့တဲ့အထိ ဖြစ်ခဲ့ရတာပါ။ တေလာဆွစ်က သူနဲ့ ကတ်တီပါရီတို့ရဲ့ အကြောင်းကို တေးသီချင်းတွေထဲမှာ ထည့်သွင်းရေးသားလေ့ရှိပေမယ့် ကတ်တီပါရီအကြောင်း ရေးသားထားတာ ဖြစ်တယ်လို့တော့ ပြောကြားခြင်း မရှိပါဘူး။ ကတ်တီပါရီကလည်း တေလာအကြောင်း တေးသီချင်းတွေ ရေးသီလေ့ရှိပါတယ်။ ဒါပေမယ့် ကတ်တီပါရီက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ သူ့ရဲ့ တေးအယ်လ်ဘမ်သစ် ထွက်ရှိပြီး အရောင်းမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ သူ့အနေနဲ့ တေလာဆွစ်နဲ့ ပြန်လည်အဆင်ပြေ လိုကြောင်း၊ အရာရာသင်ပုန်းချေကာ အသစ်ကနေ ပြန်စချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီလို ရုပ်သံအစီအစဉ်ကနေတစ်ဆင့် တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ကတ်တီပါရီရဲ့ တောင်းဆိုမှုကို တေလာဆွစ်ဘက်က တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် တေလာဆွစ်နဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေက နေတစ်ဆင့် ပြန်လည်ထွက်ပေါ်လာခဲ့တာကတော့ ကတ်တီပါရီရဲ့ တောင်းဆိုမှုအပေါ် တေလာဆွစ်က ပေါ့ပ်ကြယ်ပွင့်အနေနဲ့ သူ့ရဲ့တေးအယ်လ်ဘမ်သစ် ရောင်းအားတက်ဖို့ရာ သူ့ကို အသုံးချလိုတာ ဖြစ်တယ်လို့ ထင်နေတာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် လတ်တလောမှာတော့ ဒီလိုဆိုးရွားတဲ့ ဆက်ဆံရေးတွေ အားလုံးအဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။ ကတ်တီပါရီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို တေလာဆွစ်ဘက်ကလည်း လက်ခံပြီး ကျေးဇူးတင်စကားတောင် ရေးသားဖော်ပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တေလာဆွစ်ရဲ့ ပရိသတ်တွေကလည်း ဝမ်းသာကြောင်း လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ရေးသားဖော်ပြတာကိုလည်း တွေ့ရပါတယ်။ တေလာဆွစ်အနေနဲ့ သူကမ်းလှမ်းတဲ့ ငြိမ်ချမ်းရေးစကားတွေကို ယခုလို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တာကြောင့် ကတ်တီပါရီက စိတ်သက်သာရာ ရခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
(အေးပြည့်)