စိုက်ကွင်း၊ စက်ရုံအလုပ်ရုံတွေရဲ့ ငှားရမ်းမှုနှုန်းထားကို ပြန်လည်သုံးသပ်ပြီး စာချုပ်စည်းကမ်းနဲ့အညီ စီမံဆောင်ရွက်သွားဖို့ရှိကြောင်း ဒုတိယဝန်ကြီး ဦးလှကျော်ပြောကြား

နေပြည်တော် ၂၃ မေ

 

စိုက်ကွင်း၊ စက်ရုံအလုပ်ရုံတွေရဲ့ ငှားရမ်းမှုနှုန်းထားကို ပြန်လည်သုံးသပ်ပြီး စာချုပ်စည်းကမ်းနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် လိုအပ်တာများကို စီမံဆောင်ရွက်သွားဖို့လည်း အစီအစဉ်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အငှားချထားခံရသူအား မူလအငှားစာချုပ်မှာ မပါဝင်တဲ့ အခြားလုပ်ငန်း ပြောင်းလဲလုပ်ဆောင်ရန် တင်ပြလာမှုများအပေါ်မှာ မိမိတို့ဝန်ကြီး ဌာနအနေနဲ့ စိစစ်သုံးသပ်ခြင်းနှင့် ဆက်စပ်ဌာနတွေက အကြံပြုချက်များ ရယူခြင်းများ ဆောင်ရွက်ပြီးတော့ ပြောင်းလဲလုပ်ဆောင်ရန် တင်ပြလာတဲ့ လုပ်ငန်းအပေါ်မှာမူတည်ပြီး အဖွဲ့စနစ်နဲ့ စိစစ်လျက်ရှိပါကြောင်း၊ ငှားရမ်းခ အခကြေးငွေကို ကာလပေါက်ဈေးနှုန်းများနဲ့ နှိုင်းယှဉ်ပြီး နှုန်းထားပြောင်းလဲ ခြင်းများကို လိုအပ်ပါက တည်ဆဲလုပ်ထုံးလုပ်နည်းများနဲ့အညီ အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြပြီး စာချုပ်ပြင်ဆင် ချုပ်ဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။

 

“ကာလပေါက်ဈေးနှင့် မကိုက်ညီဘဲ ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်းထားသော နိုင်ငံတော်ပိုင် အဆောက်အဦနှင့် မြေနေရာများကြောင့် ပြည်သူ့ဘဏ္ဍာ ထိခိုက်နစ်နာနေရခြင်းအား မည်ကဲ့သို့ အရေးယူမည် ကို သိလိုခြင်း” မေးခွန်းကို ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံက ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင်မေးမြန်းရာ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီး ဦးလှကျော်က “ နိုင်ငံတော်အနေနဲ့ ပြောင်းလဲလာတဲ့ ဈေးကွက်စီးပွားရေးစနစ်အရ အစိုးရ ဌာနပိုင် လုပ်ငန်းတွေနဲ့ နိုင်ငံတော်မှ ဝန်ထုပ်ဝန်ပိုဖြစ်စေတဲ့ လုပ်ငန်းတွေရဲ့ အသုံးစရိတ်ကို လျှော့ချနိုင်ဖို့ ယင်းလုပ်ငန်းတွေကနေ နိုင်ငံတော်ကို ဝင်ငွေရရှိ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ပုဂ္ဂလိက အခန်းကဏ္ဍ မြှင့်တင်ပေးနိုင်ရေးအတွက် ဌာနပိုင်လုပ်ငန်းတွေကို ပြန်လည်စိစစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ယခင် အစိုးရလက်ထက်က ပုဂ္ဂလိကကို ငှားရမ်းရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မေးခွန်းမှာပါတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနပိုင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှာရှိတဲ့ ဆယ်မိုင်ကုန်း ပျိုးဥယျာဉ်အရောင်းဆိုင်၊ ဆယ်မိုင်ကုန်းဘက်စုံခြံနှင့် သိုလှောင်ရုံများ ငှားရမ်းခြင်းနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ခဲ့ရတဲ့ အခြေခံ အကြောင်းအရင်းများကို ဦးစွာတင်ပြလိုကြောင်း။

 

စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ယခင်က ဓာတ်မြေသြဇာအပါအဝင် လယ်ယာကဏ္ဍ သွင်းအားစုတွေ၊ တောင်သူလယ်သမားများ ဖြန့်ဖြူးတဲ့လုပ်ငန်းကို တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်းမှာ ရောင်းဝယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပြီးတော့ ပင်မတာဝန် စိုက်ပျိုးရေးနည်းပညာပေး လုပ်ငန်းတွေကို အဓိကထား ဦးတည်ဆောင်ရွက်ခဲ့တဲ့အလျှောက် ဓာတ်မြေသြဇာ အပါအဝင် သွင်းအားစု ဖြန့်ဖြူးရေး လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမရှိတော့ဘဲ ဌာနရဲ့ဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်ကို ခေတ်စနစ်နဲ့အညီ ပြင်ဆင်ခဲ့ပါကြောင်း။

 

သို့ဖြစ်တဲ့အတွက် ယင်းဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကရှိခဲ့တဲ့ သိုလှောင်ရုံတွေဟာ အသုံးမပြုဘဲ ရှိနေခဲ့ပါတယ်၊ တစ်ဖက်ကလည်း အဆိုပါ သိုလှောင်ရုံဂိုဒေါင်တွေဟာ ကာလကြာမြင့်လာမှုနဲ့အတူ ယိုယွင်းမှု အခြေအနေများ ဖြစ်ပေါ်လာခဲ့ပါတယ်၊ ဒီလိုအခြေအနေမှာ ဌာနပိုင်လုပ်ငန်းတွေကို ငှားရမ်းခွင့် ရရှိသူများအနေနဲ့ ဌာနမှာရှိစဉ်အခြေအနေထက် ပိုမိုကောင်းမွန်လာစေဖို့အတွက် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံဆောင်ရွက်စေဖို့ တွန်းအားပေးဆောင်ရွက်ခဲ့ပါတယ်၊ စတင်လွှဲပြောင်းပေးစဉ်က တည်ရှိခဲ့တဲ့လုပ်ငန်းတွေ၊ အဆောက်အအုံတွေရဲ့ အခြေအနေ၊ ငှားရမ်းလုပ်ကိုင်ခွင့် ရှိသူများရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ထိုစဉ်ကရှိခဲ့တဲ့ ဒေသပေါက်ဈေးအခြေအနေကို ချိန်ဆပြီး ငှားရမ်းကနှုန်းထားတွေကို သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း။

 

ပဲခူးဆယ်မိုင်ကုန်းအရောင်းဆိုင်ကို ငှားရမ်းခဲ့ရာမှာ နိုင်ငံတော်သမ္မတရုံးကို တင်ပြခွင့်ပြုချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှ သဘောတူအတည်ပြုချက်အရ နှစ်ရှည် နှစ် (၃၀)စာချုပ် ချုပ်ဆိုငှားရမ်းထားခြင်း ဖြစ်ပါတယ်၊ သို့သော်လည်း စာချုပ်ပါ မူလရည်ရွယ်ချက်အတိုင်း အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရခြင်းအပေါ် နှစ်ဖက်နစ်နာမှုမရှိစေဖို့အတွက် သက်ဆိုင်ရာကုမ္ပဏီကို ဦးစွာသတိပေးခေါ်ယူ ဆွေးနွေးခဲ့ပါတယ်၊ ဆွေးနွေးချက်နဲ့အညီ ရှေ့ဆက်လက် ဆောင်ရွက်မယ့် အစီအစဉ်များအနေနဲ့ ဒေသတွင်းစိုက်ပျိုးရေးဝါသနာရှင်များ လွယ်ကူစွာ ဝယ်ယူရရှိနိုင်တဲ့ သွင်းအားစုတွေ၊ စိုက်ပျိုးရေးသုံးကိရိယာတွေနဲ့ စားသုံးသူများ သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးဝလံများ လွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ဖို့အတွက် ခြံဝန်းအတွင်းမှာရှိတဲ့ နှစ်ရှည်ပင်များ ပြုပြင်ထိန်းသိမ်းပြီး ထွက်လာတဲ့ သီးနှံများကို အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခြင်းလုပ်ငန်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြလာမှုရှိပါတယ်။

 

ဌာနအနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်နိုင်မှု အခြေအနေပေါ်မူတည်ပြီး စစ်ဆေးတွေ့ရှိချက်အရ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူဆောင်ရွက်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်၊ ပဲခူးမြို့နယ်ရှိ သိုလှောင်ရုံတွေ ငှားရမ်းခြင်းကိစ္စမှာ အဆိုပါသိုလှောင်ရုံတွေကို ကောင်းမွန်စွာ ပြုပြင်ပေးဖို့နဲ့ ငှားရမ်းကာလကုန်ဆုံးပြီး ဌာနကိုပြန်လည်အပ်နှံချိန်မှာ ကောင်းမွန်တဲ့ အခြေအနေအတိုင်း ဌာနကို ပြန်လည်အပ်နှံနိုင်ဖို့အတွက် ညှိနှိုင်းပြီး စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ခြင်း ဖြစ်ပါတယ်၊ စာချုပ်မှာလည်း အဆိုပါ အချက်တွေကို ထည့်သွင်းချုပ်ဆိုတဲ့အပြင် ပြုပြင်ရန်အတွက် အနည်းဆုံးရင်းနှီးမြှုပ်နှံရမည့် ကုန်ကျစရိတ်ပမာဏကိုပါ သတ်မှတ်ထည့်သွင်းချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

 

ပဲခူးမြို့နယ် ဘိုကုန်းမှာရှိတဲ့ ငှားရမ်းထားတဲ့ သိုလှောင်ရုံ သုံးလုံးကို (၁၂-၆-၂၀၁၄) ရက်စွဲပါ စာချုပ်နဲ့ ငှားရမ်းထားခြင်း ဖြစ်ပါတယ်၊ ယင်းသိုလှောင်ရုံတွေကို ကျပ်သိန်း ၄၀ဝ ရင်းနှီးမြှုပ်နှံပြီး သတ်မှတ်စံချိန်စံညွှန်းမီ ပြုပြင်ပေးဖို့ စာချုပ်မှာထည့်သွင်းချုပ်ဆိုထားခဲ့ပါတယ်။ လက်ရှိငှားရမ်းက နှုန်းထားအနေနဲ့ တစ်နေ့ ၁၄ ဒသမ ၄ သိန်းဖြစ်ပြီး ငှားရမ်းခကာလသည် ကနဦး (၁၀)နှစ်၊ သက်တမ်း ငါးနှစ်စီပင် နှစ်ကြိမ်သက်တမ်းတိုးခွင့် သတ်မှတ်ချက်ဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး ငှားရမ်းခနှုန်းထားကို သက်တမ်းအလိုက် ပြန်လည်စိစစ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း။

 

ထို့အတူ ပဲခူးမြို့ ဟင်္သာကုန်းကြားစခန်းမှာရှိတဲ့ ငှားရမ်းထားတဲ့ သိုလှောင်ရုံနှစ်လုံးကို (၁၀-၇-၂၀၁၄)ရက် ရက်စွဲပါစာချုပ်နဲ့ ငှားရမ်းထားပြီး ဒီသိုလှောင်ရုံတွေကို ကျပ်သိန်း ၅၀ဝ ရင်းနှီးမြှုပ်နှံပြီး သတ်မှတ်စံချိန်စံညွှန်းမီ ပြုပြင်ပေးရန် စာချုပ်မှာ ထည့်သွင်းချုပ်ဆိုဆောင်ရွက်ခဲ့ပါတယ်၊ လက်ရှိငှားရမ်းက နှုန်းထားအနေနဲ့ တစ်နှစ် ၁၀ ဒသမ ၈ သိန်းဖြစ်ပြီး ငှားရမ်းကာလမှာ ကနဦး (၁၀)နှစ်၊ သက်တမ်းတိုး ငါးနှစ်စီပင် နှစ်ကြိမ်သက်တမ်းတိုးခွင့် သတ်မှတ်ချက်ဖြင့် ငှားရမ်းထားခြင်းဖြစ်ပါတယ်၊ ပဲခူးမြို့နယ် ဘိုကုန်းရပ်မှာ ငှားရမ်းထားတဲ့ အဆောက်အအုံတစ်လုံးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှာ စာချုပ်ဖြင့် ငှားရမ်းထားပြီး ယင်းအဆောက်အအုံကို ကျပ်သိန်း ၃၀ ရင်းနှီးမြှုပ်နှံပြီး သတ်မှတ်စံချိန်စံညွှန်းမီ ပြုပြင်ပေးဖို့ စာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်၊ လက်ရှိငှားရမ်းခ နှုန်းထားတွေဟာ တစ်နေ့ကျပ် ခြောက်သိန်းဖြစ်ပြီး ကနဦး ငါးနှစ်၊ သက်တမ်းတိုး ငါးနှစ်စီတွင် သုံးကြိမ် သက်တမ်းတိုးခွင့် သတ်မှတ်ငှားရမ်း ထားခြင်းဖြစ်ပြီး သက်တမ်းကာလပေါက်ဈေးနဲ့အညီ ပြန်လည်ငှားရမ်းခကို စီမံဆောင်ရွက်လျက်ရှိကြောင်း။

 

ပဲခူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနရဲ့ သိုလှောင်ရုံငှားရမ်းမှုနဲ့ ပတ်သက်ပြီး ဌာနက စာချုပ်ပါစည်းကမ်း သတ်မှတ်ချက်များအတိုင်း ပုံမှန်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပါတယ်၊ စာချုပ်ပါစည်းကမ်းနဲ့ မကိုက်ညီပါက စာချုပ်စည်းကမ်းများအရ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုများကို စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ငှားရမ်းခနှုန်းထားနဲ့ ပတ်သက်ပြီး စတင်စာချုပ် ချုပ်ဆိုစဉ်ကတည်းက ငှားရမ်းခွင့်ရှိသူတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ထိုစဉ်ကာလကရှိခဲ့တဲ့  ဒေသပေါက်ဈေး၊ အဆောက်အအုံရဲ့ မူလအခြေအနေများအပေါ် ချင့်တွက်သတ်မှတ်ပြီး ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါစည်းကမ်းများအရပင် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်လည်း နှစ်ဖက်နစ်နာမှုမရှိစေရေးအတွက် ငှားရမ်းခနှင့် ပတ်သက်၍ ပြောင်းလဲလာတဲ့ အခြေအနေအရပ်ရပ်အပေါ်မှာ မူတည်ပြီး ဌာနမှလည်း နစ်နာမှုမရှိစေရန် သက်ဆိုင်ရာကုမ္ပဏီများနဲ့ ထိတွေ့ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း။

 

ပဲခူးမြို့ ဆယ်မိုင်ကုန်းဘက်စုံခြံ ဧက ၁၀ဝ ကို အရှေ့တိုင်းသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်ကို ကနဦး (၁၀)နှစ် သက်တမ်းတိုး (၅)နှစ်နှစ်ကြိမ်  သက်မှတ်ချက်နဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ရက်နေ့က စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ခြင်း ဖြစ်ပါတယ်၊ စတင်ငှားရမ်းစဉ်က ငှားရမ်းခနှုန်းထားဟာ  ကျပ် (၁၀)သိန်းဖြစ်သော်လည်း စာချုပ်မှာ (၂)နှစ် တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး ငှားရမ်းခနှုန်းထားကို ပြင်ဆင်သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ဖြစ်တဲ့အတွက် (၁-၇-၂၀၁၆) ရက်နေ့မှစပြီး ကျပ် သိန်း(၅၀)သို့ တိုးမြှင့်သတ်မှတ်ထားပါကြောင်း။

 

ဌာနကစစ်ဆေးတွေ့ရှိချက်အရ ကြက်ကောင်ရေ (၁၀ဝ၀ဝ)ဆံ့ ကြက်မွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၀ ဧကကန်အတွင်း ငါးမွေးမြူခြင်းကို ကြက်ခြံနဲ့ တွဲဖက်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်အဖြစ် ကြက်သားပေါက် ထုတ်လုပ်ဖို့ စက်ရုံတည်ထောင်မှု တစ်လလျှင် ကြက်ကောင်ရေ သုံးသိန်းကျော် ဖြန့်ဖြူးနိုင်ဖို့ စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းတိုးချဲ့မှုအပိုင်းအနေနဲ့ ကြက်ကောင်ရေ ၈၀ဝ၀ ခန့်ဆံ့တဲ့ ကြက်ခြံ နှစ်ခြံတည်ဆောက်သွားဖို့ ရှိပါကြောင်း၊ အထက်ဖော်ပြပါ ဆယ်မိုင်ကုန်း ဘက်စုံခြံရဲ့ လုပ်ငန်းတိုးတက် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တာတွေကို ဌာနက အားပေးဆောင်ရွက်ပြီး တိုးတက်လာတဲ့ အခြေအနေအရ (၂)နှစ်တစ်ကြိမ် သုံးသပ်ချက်နဲ့ ငှားရမ်းခနှုန်းထားကို တိုးမြှင့်သတ်မှတ်နိုင်ရေး စာချုပ်နဲ့အညီ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုအချိန်မှာ မိမိတို့ ဝန်ကြီးဌာနအောက်မှာရှိတဲ့ စိုက်ကွင်း၊ စက်ရုံအလုပ်ရုံတွေရဲ့ ငှားရမ်းမှုနှုန်းထားကို ပြန်လည်သုံးသပ်ပြီး စာချုပ်စည်းကမ်းနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် လိုအပ်တာများကို စီမံဆောင်ရွက်သွားဖို့လည်း အစီအစဉ်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အငှားချထားခံရသူအား မူလအငှားစာချုပ်မှာ မပါဝင်တဲ့ အခြားလုပ်ငန်း ပြောင်းလဲလုပ်ဆောင်ရန် တင်ပြလာမှုများအပေါ်မှာ မိမိတို့ဝန်ကြီးဌာနအနေနဲ့ စိစစ်သုံးသပ်ခြင်းနှင့် ဆက်စပ်ဌာနတွေက အကြံပြုချက်များ ရယူခြင်းများ ဆောင်ရွက်ပြီးတော့ ပြောင်းလဲလုပ်ဆောင်ရန် တင်ပြလာတဲ့ လုပ်ငန်းအပေါ်မှာမူတည်ပြီး အဖွဲ့စနစ်နဲ့ စိစစ်လျက်ရှိပါကြောင်း၊ ငှားရမ်းခ အခကြေးငွေကို ကာလပေါက်ဈေးနှုန်းများနဲ့ နှိုင်းယှဉ်ပြီး နှုန်းထားပြောင်းလဲခြင်းများကို လိုအပ်ပါက တည်ဆဲလုပ်ထုံးလုပ်နည်း များနဲ့အညီ အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြပြီး စာချုပ်ပြင်ဆင် ချုပ်ဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း” ပြန်လည်ဖြေကြားသည်။

 

MDN