စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် ဧပြီ ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက  အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန အောက်ရှိ ဌာနအသီးသီးမှ နိုင်ငံဝန်ထမ်းများ သိရှိလိုက်နာနိုင်ကြရန် တာဝန်ရှိသူအဆင့်ဆင့်က အသိပညာပေး ထိန်းကျောင်းကြပ်မတ်ရန်လိုကြောင်း၊ အများပြည်သူ အကျိုးစီးပွား ကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သော လူအဖွဲ့အစည်းဖြစ်စေရန် မိမိတို့အားလုံး တစ်ညီတစ်ညွတ်တည်း ကြိုးပမ်းသွားကြရန်နှင့် မိမိတို့ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကိုရရှိပြီး၊ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ကို ဖြစ်ပေါ်စေရေး စနစ်တကျ ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံတော်ကချမှတ်ထားသော နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ ကျင့်ဝတ်စံနှုန်းများနှင့်အညီ ဖြောင့်မတ်တည်ကြည်စွာဖြင့် တာဝန်ဝတ္တရားများ ထမ်းဆောင်နိုင်ကြစေရန် မြှင့်တင်နိုင်ရေး အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ကိစ္စရပ်များ၊ နိုင်ငံတော်၏ မူဝါဒများနှင့်ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်မှုများနှင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များကိုသွေဖီပြီး နိုင်ငံတော်သစ္စာ ဖောက်ဖျက်မှုများကို ကျူးလွန်မှုမဖြစ်ပေါ်စေရန် ဦးစီးဌာနအလိုက် အသိပညာ ပေးဟောပြောခြင်းများ ပုံမှန်ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်