စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန် စိုက်ပျိုးရေးသုံးပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများဆိုင်ရာပြပွဲကျင်းပ

ရန်ကုန် ၂၂  နိုဝင်ဘာ

 

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆင့်မြင့် လယ်ယာ ဧကပေါင်း ၄၀ဝ၀ ကျော် ဖော်ဆောင်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုး၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး  ဦးဟံထွန်းက ပြော သည်။

 

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ပြုလုပ် သည့် စိုက်ပျိုးရေးသုံးပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ပစ္စည်းများဆိုင်ရာပြပွဲ (Myanmar Agritech And Construction Machinery Expo 2019) ဖွင့်ပွဲ အခမ်းအနားတွင် စိုက်ပျိုး၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး  ဦးဟံထွန်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

 

ဆက်လက်၍ ၄င်းက “ ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ စပါးထွက်ရှိမှုက လက်ရှိ မှာ ၉၅ သန်း ဝန်းကျင်ထွက်ရှိပါတယ်။ မိမိဒေသမှာ ဖူလုံနိုင်ဖို့နဲ့ နိုင်ငံတကာ တင်ပို့ နိုင်ဖို့အတွက် လက်ရှိထွက်ရှိနေတဲ့ စပါးနှုန်းထက် ပိုမိုထွက်ရှိဖို့ လိုအပ်ပါတယ်။ မျိုးကောင်းမျိုးသန့် ရရှိရေးကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ ရန်ကုန် တိုင်းဒေသကြီးမှာ စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေး ဆောင်ရွက်ဖို့ အစိုးရအဖွဲ့အနေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း စပါးစိုက် ဧကပေါင်း ၁၂ သိန်းကျော်၊ နွေစပါးစိုက် ဧက ၂ သိန်း၊ ဆီထွက်သီးနှံမျိုးစုံနှင့် ဆောင်းသီးနှံ စိုက်ဧကပေါင်း ၅ သိန်းကျော် ရှိ ကြောင်း ယနေ့အခမ်းအနားကသိရသည်။

 

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန် ရည်ရွယ်ကျင်းပ သည့် ယနေ့ပြပွဲတွင်  ပြည်တွင်းရှိ  စိုက်ပျိုးရေးဆိုင်ရာ ကုမ္ပဏီများအပြင်  တရုတ်နိုင်ငံ ယူနန်၊ ဟန်ကျုံး၊ ကျန်ဆူးမြို့များမှ ကုမ္ပဏီပေါင်း (၄၈)ခုမှ ပြခန်းပေါင်း (၆၀)  ကျော် ပါဝင်ပြသထားသည်။

 

နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်တိုင် ကျင်းပသွားမည့် အဆိုပါ ပြပွဲတွင် စိုက်ပျိုးရေး၊ လယ်ယာ၊ ဆောက်လုပ်ရေးလုပ်ငန်းတို့နှင့် သက်ဆိုင် သည့် စက် ပစ္စည်းများအပြင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ပိုးသတ် ဆေးဖျန်းစက်၊ ဒရုန်းများ၊ ပါကင်ထုပ်စက်များ၊ သဘာဝ အော်ဂဲနစ် ဓါတ်မြေသြဇာ၊ ရွက်ဖြန်းမြေသြဇာ၊ အပင်ကြီးထွားအောင် ထိန်းချုပ်သော ကိရိယာ၊ အခြောက်ခံစက်နှင့် အမှုန့်ကြိတ်စက် များ ပြသထားမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် လေ့လာနိုင်ကြောင်းသိရသည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-နေလင်း)