စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခြင်းနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စားသုံးရာတွင် အန္တရာယ်ကင်းစေရေး

နေပြည်တော် ၂၄ မေ

ပိုးသတ်ဆေးဖျန်းသည့်အခါ

အဝတ်အစားကို လုံခြုံစွာ ဝတ်ဆင်ပါ။

ဦးထုပ်၊ လက်အိတ်၊ နှာခေါင်းစည်း၊ လည်ရှည်ဖိနပ် စသော တစ်ကိုယ်ရည်သုံး ကာကွယ်ရေး ပစ္စည်းများကို ဝတ်ဆင်ပြီး ဆေးဖျန်းပါ။

လေတင်အရပ်မှ နေ၍ ဆေးမဖျန်းရ။

ဆေးဖျန်းစဉ် အစားအသောက် မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ။

ဆေးဖျန်းခေါင်း ပိတ်နေပါက ပါးစပ်ဖြင့် မမှုတ်ရ။

ပိုးသတ်ဆေးဖျန်းပြီးလျှင်

မျက်နှာနှင့် လက်များကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ။

တစ်ကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံများကို လျှော်ဖွပ်ပါ။

ပိုးသတ်ဆေးများကို ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခပ်သိမ်းပါ။

ဘူးခွံဟောင်းများ၊ အိတ်ခွံဟောင်းများကို အစားအသောက်မထည့်ရ။ ဆီပုံး၊ ဆန်ပုံး၊ ရေပုံးအဖြစ် မသုံးရ။

အစားအသောက်နှင့် ပိုးသတ်ဆေးကို အတူရောနှောမထားရ။

ပိုးသတ်ဆေး အဆိပ်သင့်လျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း သွားပါ။ ပိုးသတ်ဆေးဘူးကိုပါ ဆေးရုံသို့ ယူဆောင်သွားပါ။

အဆိပ်သင့်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ရုတ်တရက် အဆိပ်သင့်လျှင် ချက်ချင်းသေတတ်သည်။ ခန္ဓာကိုယ်ထဲသို့ နည်းနည်းချင်းနှင့် နှစ်ရှည်ဝင်ပါက သားလျှောခြင်း၊ မျိုးဆက်ပွား ကျန်းမာရေးထိခိုက်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြင်းအထိ ဖြစ်နိုင်သည်။

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စားသုံးရာတွင် အန္တရာယ်ကင်းစေရေး

ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ စားသုံးရာတွင် သဘာဝအတိုင်းမဟုတ်ပဲ ပြုပြင်ထားသော ဟင်းသီးဟင်းရွက်များကို စားသုံးမိခြင်းကြောင့် လတ်တလောတွင် ဝမ်းပျက်ဝမ်းလျောခြင်း၊ ဗိုက်ရစ်နာခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်မူးဝေခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး နောက်ပိုင်းတွင် ဦးနှောက်နှင့် အာရုံကြော ထိခိုက်ခြင်း၊ မျိုးပွားနိုင်စွမ်းလျော့နည်းခြင်း၊ သန္ဓေသား ချို့ယွင်းမှုဖြစ်ခြင်း၊ နှင်းခူရောဂါဖြစ်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်း စသည်တို့ ဖြစ်ပွားတတ်ပါသည်။

ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ စားသုံးရာတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းစေရန် ဓာတုဆေးများ အသုံးပြု၍ ဝါဝင်းနေအောင် ပြုလုပ်ထားသော သစ်သီးများကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ခင်းများတွင် အသုံးပြုသည့် ပိုးသတ်ဆေးများနှင့် ဓာတုပစ္စည်းများ အစားအသောက်ထဲတွင် မပါဝင်စေရန် ဟင်းသီးဟင်းရွက်များကို မလှီးဖြတ်ခင် ရေသန့်သန့်နှင့် စင်ကြယ်စွာ ဆေးကြောပြီးမှ ချက်ပြုတ်စားသုံးခြင်း၊

အစိမ်းစာမည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ဆားရည်တွင် (၁၅)မိနစ်ခန့် စိမ်ထားပြီး ရေသန့်သန့်ဖြင့် အထပ်ထပ်ဆေးပြီးမှ စားသုံးခြင်း၊ သဘာဝအတိုင်း စိုက်ပျိုးရောင်းချသော ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို စားသုံခြင်း စသည့် အချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူများမှလည်း ပိုးသတ်ဆေးဘူးပါ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ပိုးသတ်ဆေး အာနိသင်ပြယ်သည့်အချိန်ထိ စောင့်ပြီးမှသာ ဈေးကွက်သို့ တင်ပို့ရောင်းချသင့်ပါသည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN