စိုက်ပျိုးသီးနှံအထွက်တိုး နိုင်ငံ့စီးပွားဖွံ့ဖြိုး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  ထို့အပြင်  တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးကဏ္ဍများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် စီးပွားရေးဦးတည်ချက် (၃) ရပ်ကို ချမှတ်၍ ရေတို၊ ရေရှည် စီမံကိန်းများရေးဆွဲပြီး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက် ထွက်ရှိရေးကို ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူများ စားရေရိက္ခာဖူလုံရေး၊  ပြည်ပပို့ကုန်တိုးတက်တင်ပို့ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။  စိုက်ပျိုးရေးကဏ္ဍသည်  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  အဓိက အားထားရာ ကဏ္ဍဖြစ်ပြီး ပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသည့် အဓိကသီးနှံ များဖြစ်သည့်  ဆန်စပါး၊  ဆီထွက်သီးနှံများဖြစ်သည့်  မြေပဲ၊  နှမ်း၊  နေကြာ၊  စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့် ပဲမျိုးစုံ၊ ပြောင်းသီးနှံများကို သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးကြရန်လိုအပ်သည်။

နိုင်ငံတော်က အဓိကကျသောသီးနှံများ အထွက်တိုးရေးကို နှစ်စဉ်စီမံကိန်းများချမှတ်ပြီး   တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ  ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် ယနေ့အထိ  စပါးစိုက်ဧက  ၁၇ သန်း၊  ပဲမျိုးစုံစိုက်ဧက  ၁၀ ဒသမ ၅၇ သန်း၊ ဆီထွက်သီးနှံစိုက်ဧက ၈ ဒသမ ၂၄ သန်း၊ အစေ့ထုတ်ပြောင်းစိုက်ဧက ၁ ဒသမ၆ သန်းနှင့် ဝါသီးနှံစိုက်ဧက သုည ဒသမ ၅၂ သန်း စိုက်ပျိုးပြီးစီးခဲ့သည်။ လာမည့်စိုက်ပျိုး ရေးရာသီတွင် အဓိကကျသော ဆန်၊ ပဲ၊ ဆီထွက်သီးနှံစိုက်ပျိုးရေးကို ယခုထက်ပိုမို ထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ပြီး အခြားသီးနှံပင်များ အထွက်တိုးရေးကိုလည်း ပိုမိုကြိုးပမ်းလုပ်ကိုင်ကြမည်ဆိုပါက နိုင်ငံ့စီးပွားရေး တိုးတက်လာမည်မှာ သေချာသည်။

ယခုဘဏ္ဍာနှစ် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ၁၀ နိုင်ငံစာရင်းအလိုက်တွင် အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ အမေရိကန်၊ တရုတ်၊ ကမ္ဘောဒီးယားနိုင်ငံပြီးလျှင် မြန်မာနိုင်ငံက အဆင့် (၈) နေရာတွင် ရပ်တည်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ နှစ်စဉ်ဆန်တန်ချိန်  ၂ ဒသမ ၁ သန်း တင်ပို့လျက်ရှိရာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်၊ သန်း ၈၀၀ နီးပါးရရှိလျက်ရှိပြီး ယခုဘဏ္ဍာ နှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုလျော့နည်းသွားသော်လည်း ပြည်ပနိုင်ငံများ တွင် ဆန်ဈေးနှုန်းမြင့်တက်နေသည့်အတွက် ဆန်မှ နိုင်ငံခြားဝင်ငွေရရှိမှု မလျော့ သည်ကို တွေ့ရသည်။ ယခုဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၇၄ သန်း ရရှိခဲ့သည်။

လက်ရှိဘဏ္ဍာနှစ်တွင်  ပြည်တွင်း၌ ဆန်ဈေးနှုန်းမြင့်မားနေပြီး ပြည်တွင်းဆန်ဈေးကွက် တည်ငြိမ်စေရန်အတွက် ကျန်ရှိနေသောကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုလျှော့ချသွားမည်ဟုသိရသည်။ ပုံမှန်အားဖြင့် ပြည်ပသို့ နှစ်စဉ် ဆန်တန်ချိန် ၂ ဒသမ ၁ သန်း တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် တစ်သန်းကျော်သာ တင်ပို့နိုင်တော့မည်ဖြစ်သော်လည်း ဆန်မှနိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် ပုံမှန်အတိုင်းပင်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် အဓိကစိုက်ပျိုးသီးနှံ ဆန်စပါးမှ ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပိုမိုပိုလျှံ၍ ပြည်ပသို့ တိုးတက်တင်ပို့နိုင်ရေးအတွက် နွေစပါး၊ မိုးစပါး စိုက်ဧကများကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေးအတွက် တတိယအားထားရမည့်သီးနှံမှာ ဆီထွက်သီးနှံ အမျိုးမျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများ ကောင်းမွန်စွာထွက်ရှိသော်လည်း ပြည်တွင်းစားသုံးမှုမှာ လိုအပ်သည်ထက် ပိုမိုသုံးစွဲလျက်ရှိနေသေးသဖြင့် ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှ မှာယူ တင်သွင်းမှုများ မြင့်မားလျက်ရှိသည်။ ထို့ကြောင့် ပြည်သူများကျန်းမာရေးအတွက်လည်းကောင်း၊ ပြည်ပမှတင်သွင်းရသည့် နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရန် အတွက်လည်းကောင်း ပြည်တွင်း၌ ဆီစားသုံးမှုလျှော့ချရေးကို အသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြပြီး ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။

ပြည်ပဝင်ငွေ တိုးတက်ရရှိရေးအတွက် ဒုတိယအားထားရမည့်သီးနှံဖြစ်သည့် ပဲမျိုးစုံစိုက်ပျိုးရေးကိုလည်း သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးပြီး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံခြားငွေတိုးတက်လာရေးတွင် ချည်နှင့် ချည်ထွက်ပစ္စည်း တင်သွင်းမှုလျှော့ချနိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် ချည်မျှင်ရှည်ဝါသီးနှံကို စိုက်ဧကတိုးချဲ့၍ ငါးနှစ်ကာလအတွင်း မူလစိုက်ခဲ့သည့် ဝါတစ်ဧက အထွက်နှုန်း ပိဿာ ၇၀၀ ဖြင့် စိုက်ဧက ရှစ်သိန်း ပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ