စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်းဖြင့် အပူပိုင်းဒေသများ စိမ်းလန်းစိုပြည်လာရေး

 

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသဟုဆိုရာတွင် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး သုံးခုအတွင်းရှိ ခရိုင် ၁၂ ခရိုင်မှ မြို့ နယ် ၅၄ မြို့နယ်၊ အကျယ်အဝန်းအားဖြင့် က ၂ဝ ဒသမ ၁၇ သန်း ပါဝင်သည်။ မိုးနည်းရေရှားရပ်ဝန်းဖြစ်သည့် ယင်းဒေသကြီး၏ သဘာဝပတ်ဝန်းကျင် အခြေအနေများ တိုးတက်ကောင်းမွန်လာရေးအတွက် ရေဝေရေလဲ သစ်တောများ၊ ကျေးရွာသစ်တောများ၊ စံပြသစ်တောများ ထူထောင်ခြင်း၊ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေဝေတောင်တန်းများ စိမ်းလန်းစိုပြည်ရေး စီမံကိန်းများ အကောင်အထည်ဖော်ခြင်းတို့ကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သည်။

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ရာတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင် စာတိုးမြှင့်အသုံးချရေးဆောင်ရွက်ခြင်း၊ ရေရရှိရေးဆောင်ရွက်ခြင်း စသည့် အဓိကလုပ်ငန်း တာဝန်များကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။ သစ်တောများပြုန်းတီးမှုနှင့် သစ်တောအတန်းအစားများ ကျဆင်းမှုတို့က ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည့်အတွက် သစ်တောများ ပြုန်းတီးမှုလျော့ပါးအောင် ဆောင်ရွက်ရာတွင် သစ်တောများမှထင်း၊ မီးသွေး စသည့်လောင်စာများ ထုတ်ယူသုံးစွဲမှု လျှော့ချရေးကလည်း အရေးပါသည်။

 

မြန်မာနိုင်ငံတွင် ထင်းလောင်စာသုံးစွဲမှု ပမာဏမှာ နှစ်စဉ် ၁၆ ဒသမ ၅၃ သန်း ကုဗတန်ရှိပြီး အာရှနိုင်ငံများအနက် ထင်းလောင်စာသုံးစွဲမှု မြင့်မားသည့် နိုင်ငံတစ်ခုဖြစ်နေသည်။ ဝင်ငွေမြင့်မားသည့် အိမ်ထောင်စုများကသာ လျှပ်စစ်မီးဖို၊ ဓာတ်ငွေ့မီးဖိုနှင့် မီးသွေးမီးဖိုတို့ကို သုံးစွဲနေပြီး တစ်လလျှင် ဝင်ငွေကျပ် ၅ဝဝဝဝ အောက်နည်းသော အိမ်ထောင်စု ၉၀ ရာခိုင်နှုန်းခန့်နှင့် တစ်လ ဝင်ငွေကျပ် ၂ဝဝဝဝဝ အထက်ရရှိသော အိမ်ထောင်စု ၅ဝ ရာခိုင်နှုန်းတို့က ထင်းမီးဖို သုံးစွဲနေကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ သို့ဖြစ်ရာ ထင်းလောင်စာသုံးစွဲမှုလျော့ကျ နိုင်ခြင်းအားဖြင့် သဘာဝတောကျန်များ ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်ကာ အပူပိုင်းရပ်ဝန်း တိုင်းဒေသကြီးသုံးခု အတွင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ပခုက္ကူ၊ မကွေး၊ မြင်းခြံနှင့် ရမည်းသင်းခရိုင် တို့မှ မြို့နယ် ၂၇ မြို့နယ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စီမံကိန်း ကာလခြောက်နှစ်အတွင်း ပထမငါးနှစ်တွင် စွမ်းအားမြှင့်မီးဖိုအလုံးရေ စုစုပေါင်း ၅၄ဝဝဝဝ ကို ဖြန့်ဝေသွားမည်ဟု သိရသည်။

 

စွမ်းအားမြှင့်မီးဖိုများမှာ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် ဒေသထုတ် စွမ်းအားမြှင့်မီးဖိုများဖြစ်ပြီး သမားရိုးကျမီးဖိုများထက် ထင်းလောင်စာသုံးစွဲမှု ၄၀ ရာခိုင်နှုန်း သက်သာသည်။ မီးအပူရှိန်ပြင်း၍ ချက်ပြုတ်ချိန်မြန်ဆန်သည်။ မီးမွှေးရလွယ်ကူပြီး မီးခိုးထွက်နည်းသည်။ မီးပျံ့လွင့်မှုနည်း၍ မီးဘေးအန္တရာယ်လည်း နည်းသည်။ သယ်ယူရွှေ့ပြောင်း ရလွယ်ကူပြီး မူလဓလေ့နှင့်လည်း ကိုက်ညီသည်။ လေထုညစ်ညမ်းမှု လျော့နည်းစေသည် စသည့် ကောင်းကျိုးများနှင့် ပြည့်စုံသည်။ စွမ်းအားမြှင့် မီးဖိုများသုံးစွဲခြင်းဖြင့် ထင်းရှာဖွေရသည့်အလုပ် လျော့နည်းသက်သာလာပြီး သစ်တောပြုန်းတီးမှုလည်း လျော့ကျလာမည်ဖြစ်သည်။ သစ်ပင်များ ခုတ်လှဲမှုလျော့လာသည်နှင့်အမျှ မြေဆီလွှာထိန်းသိမ်းမှုလည်း ကောင်းမွန်လာမည်ဖြစ်ကာ သစ်ပင်သစ်တောများ ရေရှည်တည်တံ့မှုဖြင့် သဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာပြီး ကမ္ဘာ့ရာသီဥတု ကောင်းမွန်မှုကိုလည်း အထောက်အကူပြုလာနိုင်မည် ဖြစ်သည်။

 

စွမ်းအားမြှင့်မီးဖိုများကို အသုံးပြုကြခြင်းက မိမိတို့အကျိုး၊ မိမိနေထိုင်ရာဒေသပတ်ဝန်းကျင်၏ အကျိုးတို့ကိုသာမက ကမ္ဘာကြီးကိုပါ အကျိုးပြုနေခြင်း ဖြစ်သည်ကို မီးဖိုအသုံးပြုသူတိုင်းက သတိမူမိကြဖို့ လိုအပ်သည်။ မီးဖိုများကို အသုံးပြုရာတွင် ပိုမိုလွယ်ကူထိရောက်စေရေး၊ သယ်ဆောင်ရာတွင် ပိုမိုပေါ့ပါးစေရေး၊ မီးဖို၏ စွမ်းအားကို ပိုမိုမြှင့်တင်နိုင်ရေးတို့အတွက် သုတေသနပြုလုပ်ခြင်း၊ ဒီဇိုင်းများ တွက်ချက်ရေးဆွဲထုတ်ဖော်ခြင်းတို့ကို သုတေသီ ပညာရှင်များက ဆောင်ရွက်ကြခြင်းဖြင့် စွမ်းအားမြှင့် မီးဖိုများကို အိမ်ထောင်စုတိုင်းက လိုလားနှစ်ခြိုက်စွာ သုံးစွဲနိုင်ကြပါစေကြောင်း။  ။

မြန်မာ့အလင်း