စွမ်းအင်ကဏ္ဍရှိ ဦးစီးဌာနနှင့် လုပ်ငန်းများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေသုံးစွဲခြင်းဆိုင်ရာ အစီအမံများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၁၂ ဇန်နဝါရီ

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍရှိ ဦးစီးဌာနနှင့်လုပ်ငန်းများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေသုံးစွဲခြင်းဆိုင်ရာ အစီအမံများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများအနေဖြင့် လုပ်ငန်းနှင့်စီမံကိန်းများအတွက် ဘတ်ဂျက်ရေးဆွဲရာတွင် ဆောင်ရွက်လိုသော လုပ်ငန်းတစ်ခုချင်းအလိုက် အမှန်ကျခံသုံးစွဲမည့် ပမာဏနှင့် အနီးစပ်ဆုံးခန့်မှန်း ပြုစုနိုင်ရေး၊ ဘက်ဂျက်လျာထားစီမံခန့်ခွဲမှု စနစ်တကျရှိစေရေး၊ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်ဒါခေါ်ယူရေး လုပ်ငန်းစဉ်များ၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆို ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများကို သတ်မှတ်ထားသော အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ရေး၊ ပစ္စည်းတင်ပို့မှု၊ ရောက်ရှိမှုနှင့် လုပ်ငန်းများ သတ်မှတ်ချိန်အမီ ပြီးစီးနိုင်ရေး၊ ဘတ်ဂျက်ခွင့်ပြုငွေများကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ရရှိထားသော ဘတ်ဂျက်များကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးနှင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလဖြစ်သည့်အတွက် မိမိတို့လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် ဌာနအကြီးအကဲ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာဝန်ထမ်းအားလုံး အလေးထားဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ထို့နောက် ဦးစီးဌာနနှင့် လုပ်ငန်းများမှ တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တင်ဒါခေါ်ဆိုခဲ့မှု အခြေအနေ၊ performance base ငွေပေးချေရေးဆောင်ရွက်မှုများ၊ ပစ္စည်းများအချိန်မီ ရောက်ရှိရေး ဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက ၂၀၂၀−၂၀၂၁ ဘဏ္ဍာ နှစ်၏ ရငွေများကောက်ခံရရှိမှု အခြေအနေ၊ မူလခန့်မှန်းခြေစာရင်းအရ  ခွင့်ပြုဘဏ္ဍာငွေအပေါ် ပထမ(၃)လပတ်အတွင်း သုံးစွဲနိုင်မှု အခြေအနေ၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် လက်ကျန်အခြေအနေများကို လုပ်ငန်းတစ်ခုချင်းအလိုက် သုံးသပ်ဆွေးနွေးသည်။

 

အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စီမံရေးနှင့် ဘဏ္ဍာရေးဌာနများမှ ညွှန်ကြားရေးမှူးများ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်