CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၄

CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀  နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်ရေးကော်မတီဝင် ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်းနှင့် အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်နှင့် အလုပ်သမားများ လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးနေကြောင်း၊ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ အများဆုံး ဖော်ဆောင်ပေးပြီး ပြည်ပဝင်ငွေ ရှာဖွေပေးနေသည့် CMP လုပ်ငန်းများသည် မြန်မာလုပ်သားထုနှင့် မြန်မာနိုင်ငံသားများအတွက် ရေတို၊ ရေရှည်အကျိုး ဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ကြောင်း။

CMP စက်ရုံများရှိသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် မြေပြင် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့အစည်းများ ဖွဲ့စည်းပြီးဖြစ်၍ သက်ဆိုင်ရာ နယ်မြေအလိုက် ကိုဗစ်-၁၉ သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေး စနစ်တကျ ကြပ်မတ်ရန်လိုကြောင်း၊ CMP ဆက်စပ် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း နှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုကြောင်း။

ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်ပေါ်နေသည့် အလုပ်သမားများကို New Normal အခြေအနေနှင့်အညီ အသစ်ဖွင့်လှစ်လုပ်ကိုင်သည့် စက်ရုံများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများ၏ ကျွမ်းကျင်မှု၊ နည်းပညာများနှင့် ကိုက်ညီသည့် အလုပ်အကိုင် ရရှိရေးနှင့် နည်းပညာများကို သင့်လျော်သည့်နေရာများတွင် ပြန်လည် အသုံးပြုနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရန်လိုကြောင်း။

CMP စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်များနှင့် အလုပ်သမားများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်လိုအပ်ပြီး ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာရေး လုပ်သားထုကို  လေ့ကျင့် ပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း တို့မှာ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အထောက်အကူပြု ဆပ်ကော်မတီ ၃ ရပ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့်အတွက် CMP စနစ်ဖြင့် စနစ်တကျ ဆောင်ရွက်ရေး စာရင်းဇယားများ စနစ်တကျ ထားရှိရေး၊ အမှာစာနှင့်အညီ ကုန်ကြမ်းနှင့်ထုတ်ပိုးပစ္စည်း တင်ပို့မှု၊ ကုန်ချောတင်ပို့မှု၊ CMP လုပ်ခရရှိမှုတို့ကို စစ်ဆေးကြီးကြပ်ခြင်း၊ CMP လုပ်ခများကို ဘဏ်သို့ပေးသွင်းခြင်း ရှိ/ မရှိ ၊ သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ  လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ စစ်ဆေးကြီးကြပ်ခြင်း၊ ပြည်ပသို့ ပြန်လည်တင်ပို့ရမည့် ကုန်ချောအရေအတွက် မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးကြီးကြပ်ခြင်းကို အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားလိုကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကုန်ထုတ်စွမ်းအား အရှိန်အဟုန် မပျက်စေရေး ကိုဗစ်-၁၉ကြောင့် အလုပ်ခွင်ထိခိုက်မှု နည်းပါးစေရေးနှင့် အလုပ်သမားများ ကျန်းမာရေးအတွက် စက်ရုံ၊ အလုပ်ရုံများတွင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ  ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ဦးရေ (၅၂၂,၅၉၀) ၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ဦးရေ (၁၃၄,၉၉၇) ဦးတို့ကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်