စနစ်တကျ စွန့်ပစ်မှသာ

၅   နိုဝင်ဘာ 

မြန်မာတစ်နိုင်ငံလုံးတွင် စက်မှုဇုန်ပေါင်း ၅၀ ကျော်ရှိသည်။ ယင်းအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိပြီး စက်ရုံ စုစုပေါင်း ၃၅၆၂ ရုံ ရှိသည်ဟု သတင်းများတွင်တွေ့ရသည်။ စက်မှုဇုန်များ၊ စက်ရုံများသည် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အရေးပါသလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ မောင်းနှင်အားများလည်း ဖြစ်သည်။ သို့ရာတွင် စက်မှုကုန်ထုတ်လုပ်ငန်းများ တည်ထောင်လုပ်ကိုင်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဆက်နွှယ်သော ဘေးအန္တရာယ်များ ဖြစ်ပေါ်မလာစေရန်လည်း ထည့်သွင်းစဉ်းစားကြရမည်ဖြစ်ပြီး စီးပွားရေး အတွက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက်ကိုပါထည့်သွင်းရင်းနှီးမြှုပ်နှံကြပါမှ ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မှာဖြစ်သည်။

ကုန်ထုတ်လုပ်သည့်စက်ရုံ အစုအဝေးများဖြင့် တည်ထောင်ထားသည့် စက်မှုဇုန်တစ်ခုအနေဖြင့် မြေ၊ ရေ၊ လျှပ်စစ်နှင့် အခြားစွမ်းအင်များ၊ ကုန်ကြမ်းများ၊ လုပ်သားများ စသည့် သွင်းအားစုများဖြင့် ကုန်ထုတ်လုပ်ကြရာတွင် ဘေးထွက်ပစ္စည်းများဖြစ်သည့် အမှိုက်များ၊ အမှုန်အမွှားများ၊ အခိုးအငွေ့နှင့် အပူထုတ်လွှတ်မှုများ၊ အနံ့အသက်ဆိုးများ၊ ဓာတုဗေဒဓာတ်ကြွင်းများ၊ အညစ်အကြေးများ ပျော်ဝင်နေသည့် ရေဆိုးများ စသည်တို့လည်း ထွက်လာသည်။ ယင်းတို့ကို စွန့်ပစ်ရာတွင် ပတ်ဝန်းကျင်ရေထု၊ မြေထုနှင့် မြစ်ချောင်းများ၊ သဘာဝရေအရင်းအမြစ်များ ညစ်ညမ်းမှုမဖြစ်စေရန်သန့်စင်ပြီးမှ စွန့်ပစ်သည့်နည်းလမ်းများကို ကျင့်သုံးကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကုမ္ပဏီများ၏ ၆၀ ရာခိုင်နှုန်းမှာ အစားအစာနှင့် အဖျော်ယမကာထုတ်လုပ်သူများ ဖြစ်ကြပြီး အများစုမှာ အသေးစားနှင့်အလတ်စား လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။ ယင်းအနက်မှ အလွန်နည်းပါးလှသည့် အရေအတွက်ကသာ စွန့်ပစ်ရေဆိုးသန့်စင်မှုကို အမှန်တကယ်လည်ပတ် လုပ်ကိုင်နေကြောင်း စစ်တမ်းတစ်ခုတွင် တွေ့ရသည်။ အချို့သော စားသောက်ကုန်နှင့် အဖျော်ယမကာ စက်ရုံများမှ စွန့်ပစ်ရေဆိုးများကြောင့် အင်းများနှင့် မြစ်ချောင်းများတွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ငါးများ သေဆုံးခြင်း၊ စပါးစိုက်ပျိုးမှုကို ထိခိုက်စေခြင်း၊ မြစ်ချောင်းရေကို သောက်သုံးရေအတွက် မှီခိုနေရသည့် ကျေးရွာများတွင် ထိခိုက်နစ်နာမှုများ ရှိခဲ့ခြင်းတို့ကြောင့် ဒေသခံများက စက်ရုံများကို ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ် ခဲ့သည်ကို သတင်းများတွင် ဖတ်ရှုခဲ့ရသည်။ စက်ရုံများမှ အနံ့ဆိုးများကို ထိန်းချုပ်နိုင်မှုမရှိခြင်းနှင့် မီးကြွင်းမီးကျန်များပါဝင်သော ပြာမှုန်များ ထုတ်လွှင့်ခြင်းတို့ကြောင့်လည်း လူမှုကွန်ရက်များနှင့် မီဒီယာများမှတစ်ဆင့် ဆန့်ကျင်မှုများရှိခဲ့သည်ကို တွေ့ရသည်။ ဤသည်မှာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုန်ထုတ်လုပ်မှု အတွက်ကိုသာ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး အမှိုက်/ ရေဆိုးစွန့်ပစ်မှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်အောင် ထိန်းသိမ်းမှုတို့အတွက် ထည့်သွင်းရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

ကုန်ထုတ်လုပ်ငန်းများကို တည်ထောင်လုပ်ကိုင်ရာတွင်ရေနှင့် စွမ်းအင်အရင်းအမြစ်များ သုံးစွဲမှုလျှော့ချနိုင်သော၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနည်းပါး၍ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်ထုတ်လုပ်မှုနည်းစဉ်များကို ကျင့်သုံးခြင်းဖြင့်သာ ရေရှည်တွင် ကောင်းကျိုးရလဒ်တို့ကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကင်းရှင်းသည့် တာဝန်သိသော စီမံခန့်ခွဲမှုစနစ်ဖြင့်သာ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မှာဖြစ်သည်ဟု သိနားလည်ပြီး စက်မှုလုပ်ငန်းထွက် စွန့်ပစ္စည်းများနှင့် ရေဆိုးများကို စနစ်တကျစွန့်ပစ်ကာ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပေါ်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း