စင်ကာပူလိဂ်တွင် ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်း မြန်မာနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲ လာရောက်ကစားမည်

ရန်ကုန် ၃၀ ဇန်နဝါရီ

 

စင်ကာပူလိဂ်တွင် လာရောက်ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲ လာရောက်ကစားမည်ဖြစ်သည်။

 

နီဂါတာအသင်းသည် မတ်လပထမပတ်တွင် ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်း၊ မြန်မာ ယူ-၁၈ အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ခြေစမ်းပွဲများအဖြစ် မတ် ၇ ရက်တွင် မြန်မာ ယူ-၁၈ အသင်းနှင့် နီဂါတာအသင်း၊ မတ် ၉ ရက်တွင် မြန်မာ ယူ-၂၂ အသင်းနှင့် နီဂါတာအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ 

 

နီဂါတာအသင်းသည် ဂျပန်ကလပ်အသင်းဖြစ်သော်လည်း စင်ကာပူလိဂ်တွင် ၂၀ဝ၄ ခုနှစ်ကတည်းက လာရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ရာသီတွင် သုံးကြိမ်ဆက်တိုက် ဗိုလ်စွဲထားသည့် အသင်းလည်း ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်း အပါအဝင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ စင်ကာပူနိုင်ငံ၌ သွားရောက် လေ့ကျင့်ပါကလည်း နီဂါတာအသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ဖူးကြောင်း သိရသည်။

 

မြန်မာ ယူ-၂၂ အသင်းသည် မတ် ၂၂ ရက်မှ ၂၆ ရက်အထိ ယှဉ်ပြိုင်ရမည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်မည်ဖြစ်ပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် ကစားသမားအများစု ပါဝင်လာမည် ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိ ယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှု ရပ်နားမည်ဖြစ်ပြီး မတ် ၄ ရက်တွင် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် စတင်လေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ယင်းပြိုင်ပွဲတွင် နောက်ဆုံးနှစ်ကြိမ်ဆက်တိုက် ခြေစစ်ပွဲ မအောင်ထားသောကြောင့် လာမည့်နှစ်တွင် ခြေစစ်ပွဲအောင်မြင်ရန် ပစ်မှတ်ထားလျက်ရှိသည်။

 

အာရှ ယူ-၂၃ ခြေစစ်ပွဲမှ မြန်မာအသင်းပါဝင်သော အုပ်စုကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းမှာမူ အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်လျက်ရှိသည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ကစားသမားများ ပွဲအတွေ့အကြုံရစေရန် MFF Youth အသင်းအမည်ဖြင့် MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ 

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်