စင်ကာပူနိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် အစိုးရအဖွဲ့နှင့်လည်း ပတ်သက်နိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးပြောကြား

သြဂုတ် ၈

စင်ကာပူနိုင်ငံ အစိုးရအဖွဲ့ ဒေတာဘေ့စ်အား ကျွမ်းကျင်ဟက်ကာများ၏ အဆင့်မြင့် ချိုးဖောက်ဝင်ရောက်မှု နောက်ကွယ်တွင် ပြည်ပအစိုးရများလည်း ချိတ်ဆက်ပါဝင်ကြောင်း အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဟက်ကာများက  စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းအား အဓိကပစ်မှတ်ထားပြီး စင်ကာပူနိုင်ငံသား ၁ ဒသမ ၅ မီလီယံ၏ ကျန်းမာရေး စစ်တမ်းများကိုပါ ခိုးယူသွားခဲ့ခြင်းဖြစ်သည်။ “ ဒီတိုက်ခိုက်မှုကို ကျွန်တော်တို့ အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး လေ့လာခဲ့တဲ့အခါမှာ ( APT) အဖွဲ့ရဲ့ လက်ချက်လို့ သုံးသပ်ရတယ်။” ဟု ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် ဝန်ကြီး Iswaran  က ပြောကြားခဲ့သည်။ ဒီလို ခေတ်မီဆိုက်ဘာ တိုက်ခိုက်သူတွေဟာ သတင်းအချက်အလက်ခိုးယူဖို့ ဒါမှမဟုတ် လုပ်ငန်းအဟန့်အတား ဖြစ်ဖို့အတွက် စနစ်တကျ အစီအစဉ်ရေးဆွဲပြီး ဦးစီးဦးဆောင်ပြုတတ်တဲ့ ထိပ်သီးအဖွဲ့အစည်းများနဲ့ ချိတ်ဆက်လေ့ရှိကြောင်း၊ လက်ရှိ APT အဖွဲ့ဟာ  လုံခြုံရေး အရံအတားများကို ဖြတ်ကျော်၍ ကွန်ရက်အတွင်း ခိုးပြီးဝင်ရောက်ကာ အချက်အလက်များကို ရယူခဲ့ကြကြောင်း ၎င်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဟက်ကာများသည် အစိုးရ ဒေတာဘေ့စ်အား ခိုးယူကြောင်း မသိရသေးမီ ဇွန် ၂၇ ရက်မှ ဇူလိုင် ၄ ရက်အတွင်း Malware ထည့်သွင်းထားသည့် ကွန်ပျူတာကို အသုံးပြုခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် လူနာများ၏ ကိုယ်ရေးအချက်အလက်များနှင့် ၎င်းတို့အား ထုတ်ပေးခဲ့သည့် ဆေးဝါးအမည်များ ခိုးယူခံခဲ့ရပြီး ဆေးမှတ်တမ်းများနှင့် ဆေးကုသမှု မှတ်ချက်များ ပါဝင်သွားခြင်းမရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ အစောပိုင်းက လုံခြုံရေးတာဝန်ရှိသူများ အနေဖြင့် ခေတ်မီသော ဟက်ကာတိုက်ခိုက်မှုများကို သုံးသပ်ကာ အစိုးရအဖွဲ့အတွင်းမှ တာဝန်ရှိသူများ၏ လက်ချက်ဟု ညွှန်းဆိုခဲ့ကြသည်။ 

သြဇာအာဏာ ရှိသူများကို ငွေညစ်နိုင်ရန် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အချက်အလက်များက ဟက်ကာများအတွက် အလွန်အသုံးဝင်ကြောင်း ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အကြံပေးလုပ်ငန်း Lantium  မှ အမှုဆောင်ချုပ် Jeff Middleton က AFP ကို ပြောကြားခဲ့သည်။

SMZaw (MDN)
Source >AFP