စင်ကာပူနိုင်ငံ၌ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ယမန်နှစ်ကထက် အပူချိန်မြင့်တက်လာနိုင်

စင်ကာပူ၊ မတ် ၂၅

စင်ကာပူနိုင်ငံ၌ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ယမန်နှစ်ကထက် အပူချိန်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူများက ယနေ့ ပြောကြားခဲ့သည်။

ရာသီဥတုပူပြင်းမှုသည် ယခုနှစ်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး ယမန်နှစ်ကကြုံတွေ့ ခံစားခဲ့ရသည့် အပူချိန်ထက်ပင် ပိုမိုပူနွေးလာနိုင်ကြောင်းနှင့် စင်ကာပူနိုင်ငံအတွက် စံချိန်တင်စတုတ္ထမြောက် အပူဆုံးနှစ် ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် တစ်ဦးက မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် စင်ကာပူအပါအဝင် အရှေ့တောင်အာရှဒေသတွင် ပိုမိုပူပြင်း၍ ခြောက်သွေ့သော ရာသီဥတုကို ဖြစ်ပေါ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန် ပြောင်းလဲမှုများဖြစ်ပွားခဲ့သည်။  စင်ကာပူနှင့် ကမ္ဘာတစ်ဝန်းလုံးတွင် အယ်နီညို ရာသီဥတုဖြစ်စဉ်ဖြစ်ပေါ်လာပြီးနောက် ယခုနှစ်သည် စင်ကာပူနိုင်ငံအတွက် ပိုမိုပူပြင်းသည့်နှစ်ဖြစ်လာ နိုင်ကြောင်း မိုးလေဝသဌာန၏ နှစ်စဉ်ရာသီဥတု အကဲဖြတ်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း နေ့စဉ် အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီး တိမ်ဖုံးလွှမ်းမှု နည်းသောနေ့ရက်များတွင် ပိုမိုမြင့်မားလာနိုင်ကြောင်း မိုးလေဝသပညာရှင်က ပြောသည်။

မလေးရှားနိုင်ငံ ပါဟန်တွင်လည်း အပူရှိန် ကြောင့် သေဆုံးသူတစ်ဦးနှင့် အပူနှင့်ဆက်စပ်သော ဖျားနာသူ ၂၇ ဦးရှိကြောင်း မတ် ၂၂ ရက်က မလေးရှား သတင်းဌာန Bernama က ပြောကြားခဲ့သည်။ ပူပြင်း ခြောက်သွေ့သော ရာသီဥတုကြောင့် သီးနှံစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် အရေးပါသော အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။

ကိုးကား - သည်စတား

ဘာသာပြန် - စိုးသူရ