စင်ကာပူနိုင်ငံပညာရေးနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ရတက္ကသိုလ်များ (အပိုင်း - ၅)

mdn

သတင်းဆောင်းပါး - ဒေါက်တာမျိုးကြွယ် (NEPC)

 

စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ရ တက္ကသိုလ်များ အကြောင်းမရေးသားမီ စင်ကာပူနိုင်ငံ ပညာရေးစနစ် အကြောင်း အနည်းငယ်ဆွေးနွေးချင်ပါသည်။ စင်ကာပူနိုင်ငံတွင် ကလေးများ မူလတန်းအဆင့်ပြီးမြောက်ပါက-

(၁) အမှားနှင့်အမှန်ကို ခွဲခြားသိမြင်နိုင်ရပါမည်။

(Be able to distinguish right from wrong)

(၂) စွမ်းအားနှင့် အားသာချက်များသိရှိရပါမည်။

(Know their strengths and areas for growth)

(၃) အခြားသူငယ်ချင်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊ အတွေ့အကြုံမျှဝေခြင်းနှင့် အချင်းချင်း ဂရုစိုက်တတ် ရပါမည်။ (Be able to cooperate, share and care for others)

(၄) အရာရာကို သိချင်စိတ် ပြင်းပြရပါမည်။

(Have a Lively curiosity about things)

(၅) မိမိကိုယ်မိမိ ယုံကြည်စိတ်ချရှိရပါမည်။

(Be able to think for and express themselvesconfidently)

(၆) အလုပ်အပေါ် ဂုဏ်ယူတတ်ရပါမည်။

(Take pride in their work)

(၇) ကျန်းမာသန်စွမ်းပြီး အနုပညာကိုလည်းချစ်မြတ်နိုးရပါမည်။

(Have healthy habits and an awarenessof the arts) https://www.moe.gov.sg

 

၂၁ရာစုတွင် စင်ကာပူနိုင်ငံသားများအတွက် ကိုယ်ပိုင် အသိအမြင်ရှိရန် (Self-awarenes)၊ မိမိကိုယ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် (Self - Management)၊ လူမှုရေး အသိရှိရန် (Social-Awareness)၊ ပေါင်းသင်းဆက်ဆံရေး ကောင်းနိုင်ရန် (Relationship - Management)နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ မှန်ကန်စွာဆုံးဖြတ်နိုင်မှုရှိစေရန် (Responsible Decision-Making) ပညာရေးကဏ္ဏမှ သင်ကြားပေးရပါမည်ဟူ၍ မူဝါဒချမှတ်ထားပါသည်။

 

စင်ကာပူနိုင်ငံတွင် မူလတန်းကျောင်းပေါင်း ၁၈၅ ကျောင်းရှိပြီး အသက် ခုနစ်နှစ်မှစတင်၍ ခြောက်နှစ်တိတိ မသင်မနေရမူလတန်းပညာရေးကို တက်ရောက်ရပါသည်။ ငါးနှစ်နှင့် ခြောက်နှစ်အရွယ်ကလေးများမှာ မူကြို ပညာရေး (၁)နှင့် မူကြိုပညာရေး (၂) ကျောင်းများကို တက်ရောက်ရပါသည်။ ပျမ်းမျှအသက် ၁၃ နှစ်အရွယ်တွင် မူလတန်းပြီးမြောက်ကြောင်း စာမေးပွဲ (Primary School Leaving Examination-PSLE) ဖြေဆိုအောင်မြင် ပြီးမှသာ အလယ်တန်းနှင့် အထက်တန်းများ (Secondary Schools) ကို ဆက်လက် တက်ရောက်ရပါသည်။

 

မူလတန်းအဆင့်မှာတွင် အထူးသင်ပေးသော သီးသန့်ကျောင်း (Special Education)၊ ကိုယ်ပိုင်ကျောင်း (Private  Schools) များလည်း ရှိပါသည်။ မည်သည့်ကျောင်းများတွင် တက်ရောက်သည်ဖြစ်စေ PSLE ဖြေဆိုရပါသည်။ အထူး သင်ကျောင်းများမှနေ၍ အလယ်တန်း၊ အထက်တန်းအဆင့်တွင် သီးသန့်သင်ပေးသောကျောင်းရှိပြီး ထိုကျောင်းမှနေ၍ သီးသန့်လက်မှတ်ယူကာ အလုပ်ခွင်သို့ တိုက်ရိုက်ဝင်ရောက် နိုင်ပါသည်။ (ဇယား-၁)

ဇယား-၁ စင်ကာပူပညာရေးစနစ်

 

စင်ကာပူပညာရေးစနစ်မှာ အလုပ်လုပ်နေရင်း တက္ကသိုလ် (University)။ ပိုလီတက္ကနစ် (Polytechnics)။ အနုပညာကျောင်း (Arts Institutions) များကို ပြန်လည် တက်ရောက်နိုင်သော အစီအစဉ် ပြုလုပ်ပေးထား ပါသည်။ ညနေ ၇ နာရီမှ ည၁၀ နာရီအထိသင်ပေးသောစနစ်ဖြစ်သဖြင့် အလုပ်ခွင်မပျက် ပညာသင်နိုင်သောစနစ် ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း ယခင်က လုပ်သားများ ကောလိပ်၊ ညနေပိုင်း အင်ဂျင်နီယာ သင်တန်းများ ရှိခဲ့ပါသည်။ မျက်နှာချင်းဆိုင် (Face to Face) သင်ကြားရသဖြင့် လိမ်ညာမှု လျော့နည်း သွားနိုင်ပါသည်။ ယခုခေတ်တွင် အင်တာနက်နှင့် Face to Face (မျက်နှာချင်းဆိုင်) သင်ကြားနည်းစနစ် နှစ်ခုပေါင်းပြီး ပေါင်းစပ်သင်ကြားနည်းစနစ် (Blended | Learning) ဟု ခေါ်ပါသည်။

 

အလယ်တန်းအဆင့်တွင် ပုံမှန်(ပညာရပ်) Normal (Academic)၊ ပုံမှန်(နည်းပညာ) Normal (Technical)

ကိုယ်ပိုင်ကျောင်းများ (Privately - funded Schools)  အထူးပြု ပညာသင်ကျောင်းများ (Specialized schools) နှင့်  ဉာဏ်ကောင်းလွန်းသူများအတွက် (Express schools) များရှိပါသည်။ မည်သည့်ကျောင်းတွင် တက်သည်ဖြစ်စေ GCEN(A) level နှင့်  GCEN(T) level တို့ ဖြေဆိုပြီး နောက်တစ်ဆင့်  GCE O-level ကို ဖြေဆိုရပါသည်။ (ဇယားတွင်ကြည့်ပါ)

 

mdn

 

အလယ်တန်း၊ အထက်တန်းအဆင့်တွင် လေး၊ ငါးနှစ် နေပြီးပါက အငယ်တန်းကောလိပ် (Junior College)၊ နည်းပညာကျောင်းများ (Institute of Techincal Education -ITE) နှင့် ပိုလီတက္ကနစ် (Polytechnics) တို့သို့ သွားရောက် သင်ကြားနိုင်ပါသည်။ တက္ကသိုလ်များသို့သွားရောက်သင်ကြား လိုပါက GCEA-levelအောင်မြင်သာတက်ရောက်နိုင်ပါသည်။ အထူးကျောင်းများမှလည်း အနုပညာသိပ္ပံကျောင်းများ (Arts Institutions) သို့ တက်ရောက်၍ အလုပ်တိုက်ရိုက် လုပ်နိုင်သော လမ်းကြောင်းများလည်း ဖန်တီးထားရှိပါသည်။ စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားများအပါအဝင် ကျောင်းသား ကျောင်းသူအများစုမှာ ပိုလီတက္ကနစ်များသို့ တက်ရောက်ပြီးမှ အလုပ်ခွင်ဝင်၍လည်းကောင်း၊ တက္ကသိုလ်သို့ ပေါင်းကူး သွားရောက်၍လည်းကောင်း၊ အလုပ်လုပ်ပြီးမှ တက္ကသိုလ် ညနေပိုင်းသင်တန်းများ (အသက် ၇ဝ အရွယ်အထိ Life-Long Learning) သင်ယူနိုင်သော အခွင့်အရေးပေးထားရာ ပညာရေးအတွက် အလွန်အားရစရာကောင်းလှပါသည်။ အများစုမှာ ပိုလီတက္ကနစ်တက်ပြီးမှ အလုပ်လုပ်ရင်း တက္ကသိုလ်တက်ကြပါသည်။

 

၁၂ တန်း (Grade (or) Year 12) အောင်မြင်ပြီးပါက အောက်ပါလမ်းကြောင်းများအတိုင်း သွားရောက်နိုင်ပါသည်။

 

(က) နည်းပညာသင်တန်းသိပ္ပံများ (Institute of Technical ducation) သုံးနှစ် သင်ကြားရပြီး NITEC (သို့)  အဆင့်မြင့် NITEC ဒီပလိုမာ လက်မှတ်ရပါသည်။ စင်ကာပူနိုင်ငံသားဆိုလျှင် တစ်နှစ်လျှင် စင်ကာပူ ဒေါ်လာ ၅၅၀ ခန့် ကျောင်းလခပေးသွင်းရပြီး နိုင်ငံခြားသားဆိုလျှင် စင်ကာပူဒေါ်လာ ၁၀၀၀၀ ခန့် ပေးသွင်းရပါသည်။

 

ကျွမ်းကျင်မှုအပေါ်အခြေခံသော ပညာရေးဖြစ်ပြီး သင်တန်းပြီးပါက အလုပ်အကိုင်ရရှိမှုအပေါ် အခြေခံသော သင်တန်းများဖြစ်ပါသည်။ ဥပမာစာရင်းကိုင် (Accounting)၊ လျှပ်စစ်အင်ဂျင်နီယာ (Electrical Engineering၊ တုံ့ပြန်မှု ဒီဇိုင်းပညာ (Interactive Design) မုန့်ဖုတ်ပညာ (Pastry and Baking)၊ အားကစားပညာ စီမံခန့်ခွဲမှု (Sports Management) စသည်တို့ဖြစ်ပါသည်။

 

 (ခ) ပိုလီတက္ကနစ်ကျောင်းသိပ္ပံ/ကောလိပ်များ (Polyte chnics) သုံးနှစ်သင်ကြားရပြီး သက်ဆိုင်ရာဘာသာ ရပ်ကို ဒီပလိုမာလက်မှတ်ရပါသည်။ စင်ကာပူနိုင်ငံ သားဆိုပါက ကျောင်းလခကိုတစ်နှစ်လျှင် စင်ကာပူ ဒေါ်လာ ၂၉၀၀ ခန့် ပေးသွင်းရပြီး နိုင်ငံခြားသားမှာ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၂၀၄၀၀ ခန့် ပေးသွင်း ရပါသည်။ ပိုလီတက္ကနစ် ငါးကျောင်း (Nanyang Ngee Ann, Republic, Singapore, Temasek Polytechnics) ရှိပါသည်။ ထူးချွန်သူများရှိပါကတက္ကသိုလ်များသို့ တက်ရောက်နိုင်ပါသည်။ ။

 

(ဂ) အငယ်တန်း (သို့မဟုတ်) ဥပစာကောလိပ်များတွင်(Junior Colleges)ခန့်မှန်း နှစ်၊ သုံးနှစ်ကြာနိုင်ပြီး GCEA-levelsအောင်မြင်ရပါမည်။ စင်ကာပူနိုင်ငံတွင် အငယ်တန်းကောလိပ် ၁၃ ကျောင်း ရှိပါသည်။ ကျောင်းလခမှာ စင်ကာပူနိုင်ငံသားများအတွက်တစ်လလျှင် စင်ကာပူဒေါ်လာ ခြောက်ဒေါ်လာနှင့် နိုင်ငံခြားသားများအတွက် စင်ကာပူဒေါ်လာ ၁၇၅၀ ခန့် ဖြစ်ပါသည်။

 

(ဃ) ကိုယ်ပိုင်လွတ်လပ်ခွင့်ရ ပြည်သူ့တက္ကသိုလ်များ (Public-funded Autonomous Universities)

 

စင်ကာပူနိုင်ငံတက္ကသိုလ်များမှာ ကိုယ်ပိုင်လွတ်လပ် ခွင့်ရှိပြီး ပါမောက္ခချုပ်မှာ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်မည်ဆိုလျှင် စင်ကာပူ နိုင်ငံသားသာမက နိုင်ငံခြားသားပညာရှင်များပါ ခန့်ထားခွင့် ရှိနိုင်သည်အထိ လွတ်လပ်ခွင့်ရပါသည်။ သင်ကြားမည့် အထူးပြုဘာသာရပ်များ၏ သင်ရိုးညွှန်းတမ်း (Curriculum and Syllabus) များမှာလည်း နိုင်ငံတော်အတွက် အကျိုးရှိ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဟု တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်လျှင် နှစ်စဉ် ဘာသာရပ်အသစ်များ အစားထိုးခြင်း၊ မလိုအပ်သော ဘာသာရပ်များ မသင်ကြားတော့ဘဲ ခေတ္တဆိုင်းငံ့ထားခြင်း စသည်ဖြင့် နိုင်ငံတော်အတွက် အကျိုးရှိအောင် အဆင့်မြင့် ပညာရေးကဏ္ဍမှ ဆောင်ရွက်နေသည်ကို လေ့လာနိုင်ရန် အကြံပြုအပ်ပါသည်။ ။