စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ပထမအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ပို့ဆောင်ပေး

၇ မေ

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Coronavirus Disease 2019 (ကိုဗစ်-၁၉) ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်ရေး စီမံချက်များကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ စင်ကာပူနိုင်ငံတွင် အခက်အခဲရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသံရုံးအနေဖြင့် စီစဉ်ဆောင်ရွက်ခဲ့ရာ သံဃာတော်၊ ကိုယ်ဝန်ဆောင်မိခင်များ၊ စင်ကာပူနိုင်ငံသို့ ဆေးကုသရန် လာရောက်စဉ် ပိတ်မိနေသည့် လူနာများ၊ သက်ကြီးရွယ်အိုများ၊ အစိုးရပညာတော်သင်များ၊ မိမိစရိတ်ဖြင့် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ၊ အလုပ်လုပ်ခွင့်ပါမစ်ဖြင့် အလုပ်လုပ်ကိုင်နေကြသူများနှင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူများ အပါအဝင် စုစုပေါင်း (၁၄၄) ဦးကို မေလ ၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း(Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် ပထမအကြိမ်အဖြစ် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးနှင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံးကိုယ်စားလှယ်အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

Credit> Ministry of Foreign Affair

 

mdn