စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်

ရန်ကုန် ၂၇ ဇွန်

မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် ဂေါက်သီးရိုက်ကစားသမားများသည် စင်ကာပူနှင့် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပသည့် Singapore Junior Golf Championship 2019 ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်ကစားသမား ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲ၏ Boy-B ပြိုင်ပွဲတွင် မင်းသံလွင်အောင်က အဆင့် (၅)၊ ထွန်းသူရိန်က အဆင့် (၁၂)၊ Boy-A ပြိုင်ပွဲတွင် ဇွဲထက်အောင်နှင့် မင်းထက်အောင်တို့က အဆင့် (၁၁)၊ ကောင်းမြတ်ကျော်က အဆင့် (၁၃)၊ Girl-A ပြိုင်ပွဲတွင် သံလွင်မိုးသက်က အဆင့် (၇) နေရာရရှိခဲ့သည်။ 

ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပသည့် 32nd Saujana Amateur Championships 2019 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဂေါက်သီးရိုက်ကစားသမား အမျိုးသားလေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

ပြိုင်ပွဲအပြီးတွင် လှိုင်မင်းထက်က အဆင့် (၂၀)၊ သီဟမျိုးဆက်က အဆင့် (၃၅)၊ ပြည့်ဖြိုးသူက အဆင့် (၅၀)၊ ကျော်ဇင်ထွန်းက အဆင့် (၅၈)တို့ ရရှိခဲ့သည်။ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်သည် ဂေါက်သီးရိုက်ကစားသမားများ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ ရရှိစေရန်အတွက် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲများမှ ရရှိသည့် အတွေ့အကြုံများဖြင့် လာမည့်ပြိုင်ပွဲများတွင် အောင်မြင်မှုရရန် ပြင်ဆင်သွားမည်ဖြစ်သည်။

သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်