စံချိန်စံညွန်းနှင့် မကိုက်ညီသည့် ကိုယ်ပိုင်အထက်ကျောင်းများအား ပြင်ဆင်ချိန်(၁)နှစ် သက်တမ်းတိုးပေး

မကွေး ၂၂ မေ 

မကွေးတိုင်းဒေသကြီးတွင် ခွင့်ပြုပြီး ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်း(၅၀)ရှိပြီး အဆိုပါကျောင်းများတွင် သက်တမ်းတိုးကျောင်းနှင့် အသစ်လျှောက်ထားသည့် ကျောင်းများပါဝင်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး မှ မေ(၂၁)ရက်နေ့တွင် ပြောကြားသည်။

“ပြီးခဲ့သည့်နှစ်က ခွင်ပြုပြီး ကိုယ်ပိုင်ကျောင်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အချိန်နည်းပါးခဲ့ပြီး အချိန်ယူ မစစ်ဆေးနိုင်ခဲ့တာကြောင့် ကျောင်းအားလုံးအား ဆက်လက် သက်တမ်းတိုးခွင့် ပေးခဲ့ပါတယ်၊ ပြီးခဲ့တဲ့နှစ်က အသစ်လျှောက်ထားခဲ့တဲ့ ကျောင်းပေါင်း(၂၀)ကျော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဥပဒေ၊ မူဘောင်၊ စည်းမျည်း၊ စည်းကမ်းတွေနဲ့ကိုက်ညီတယ် ကျန်းမာရေးအရ၊ လေဝင်လေထွက်အရ၊ အလင်းရောင်အရ ခွင့်ပြုသင့်တဲ့ ကျောင်းသစ်(၅)ကျောင်းအား ထောက်ခံပေးခဲ့ကြောင်း” ဒေါက်တာ ခင်မောင်အေး မှ ပြောသည်။

ယခုနှစ်တွင် မကွေးတိုင်း၌ အသစ်လျှောက်ထားသည့် ကျောင်းပေါင်း(၂၀)ကျော်ရှိပြီး သက်တမ်းတိုးမည့်ကျောင်း (၂၃)ကျောင်းရှိခဲ့ရာ အသစ်လျှောက်ထားသည့် ကျောင်းများအနက် စည်းမျည်း၊ စည်းကမ်းနှင့် ကိုက်ညီသည့် ကျောင်းသစ် (၅)ကျောင်းအား ထောက်ခံပေးခဲ့ကြောင်း၊ သက်တမ်းတိုးမည့် ကျောင်းများအား စည်းမျည်း၊ စည်းကမ်းနှင့်ကိုက်ညီမှု ရှိ၊ မရှိကို စစ်ဆေးခဲ့ပြီး ကိုက်ညီမှုရှိသော သက်တမ်းတိုးကျောင်း(၈)ကျောင်းသာ ထောက်ခံပေးခဲ့ကြောင်း လူမှုရေးဝန်ကြီးက ပြောသည်။ 

အသစ်လျှောက်ထားသည့် ကျောင်းများအနေဖြင့် အစမ်း(၁)နှစ် လုပ်ခွင့်ရမည်ဖြစ်ပြီး သက်တမ်းတိုး လွတ်လွတ်ကျွတ်ကျွတ် စည်းမျည်း၊ စည်းကမ်းနှင့်ကိုက်ညီလို့ ထောက်ခံပေးခဲ့တဲ့ ကျောင်း(၈)ကျောင်းကတော့ ယာယီသက်တမ်းတိုး(၂)နှစ်ရမှာ ဖြစ်ပြီး သက်တမ်းတိုး စံချိန်စံညွန်းနဲ့မညီတဲ့ ကျောင်း (၁၅)ကျောင်းကိုတော့ ယာယီ(၁) နှစ်အနေနဲ့ ထောက်ခံ သက်တမ်းတိုးပေးခဲ့ကြောင်း လူမှုရေးဝန်ကြီး မှ ဆက်လက်ပြောဆိုသည်။

“ယာယီ(၁)နှစ်အနေနဲ့ ထောက်ခံပေးခဲ့တဲ့ ကျောင်းတွေကတော့ လိုအပ်ချက်တွေ ရှိနေတာပေါ့၊ လိုအပ်ချက်တွေ ရှိနေပေမယ်လို့ ဖြေလျှော့တဲ့အနေနဲ့ ပြန်လည်ပြင်ဆင်ပြီးတော့ လိုအပ်ချက်တွေ ဖြည့်စွက်နိုင်အောင်၊ လိုအပ်ချက်တွေကို ပြန်လည်ပြုလုပ်ပေးနိုင်အောင် ဒီကျောင်းတွေကို အချိန်(၁)နှစ်ပေးပြီးတော့ သူတို့ကိုပြင်ဆင် နိုင်အောင်၊ ကျောင်းသားတွေရော၊ ကျောင်းသား မိဘတွေရော၊ အစိုးရကျောင်းတွေမှာ အခက်အခဲမဖြစ်ပေါ်အောင် (၁)နှစ်ပြင်ဆင်ခွင့် ပေးတဲ့အနေနဲ့ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရကို ဒါတွေကို(၁)နှစ်တော့ ယာယီစမ်းသပ် လုပ်ကိုင်ခွင့်ပေးပါလို့ တင်ပြပြီးတော့ ထောက်ခံပေးခဲ့ခြင်း ဖြစ်ပါတယ်”ဟု ဒေါက်တာ ခင်မောင်အေး က ဆက်လက်ပြောကြားသည်။

လက်ရှိ အစိုးရသစ်လက်ထက် ယခုနှစ်မှစပြီး ပြည်ထောင်စုအစိုးရမှ စံချိန်စံညွန်းနှင့် မညီသည့် ကိုယ်ပိုင်ကျောင်းများအား အရေးယူပိတ်သိမ်းရန် လမ်းညွန်ထားကြောင်း သိရသည်။

ကျော်ဇေယျ