စည်ကားသိုက်မြိုက်စွာ နွှဲပျော်ကြတဲ့ ကျောက်ဆည်မြို့က ကလေးစာပေပွဲတော်

ကျောက်ဆည် ၇ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ်ပြည်သူလူထုတို့မှ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ယနေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ကလေးငယ်များ စာပေဖတ်ရှုလိုစိတ်နှင့် အသိပညာ မြင့်မားရေးအတွက် အဆိုပါပွဲတော်များ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

“ပွဲတော်လာရောက်ကြသူတွေကို အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေက ကျောင်းသား၊ ကျောင်း သူလေးတွေရဲ့ ဖျော်ဖြေရေးအဖွဲ့တွေ၊ ကျောက်ဆည်ဆင်အကတွေ၊ မျက်လှည့်ပွဲတွေ၊ ဆရာမကြီး ဒေါ်မမနိုင် ရုပ်သေးအဖွဲ့နဲ့ ရတနာပုံရုပ်သေးအဖွဲ့တို့က ဖျော်ဖြေတင်ဆက်သွားမယ့်အပြင် ပျော်ပွဲရွှင်ပွဲ ၁၈ မျိုးကိုလည်း ထည့်သွင်းထားပါတယ်” ဟု ၎င်းက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကျော့မြတ်ခိုင်က ပြောသည်။

 

ကလေးစာပေပွဲတော်ကို ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်၍ ရာသက်ပန်ပညာရှာမှီးလိုစိတ်များ ဖြစ်လာစေရန်၊ ပွဲတော်တွင် ပျော်ရွင်စွာပါဝင်ဆင်နွှဲရင်း စုပေါင်းလုပ်ဆောင်မှုများတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပညာဗဟုသုတနှင့် လူရည်လူသွေးပြည့်ဝကာ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

 

“သမီးကဖျော်ဖြေရေးနဲ့ Multi Talent ပြိုင်ပွဲမှာလည်း စန္ဒယားနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရင်း ဆင်နွှဲသွားမှာပါ။ သမီးတို့ကျောင်းက ပြခန်းတစ်ခန်းလည်း ပြဝင်ပြသထားပါတယ်။ ပြခန်းမှာဆိုရင် သမီးတို့တစ်ကျောင်းလုံးက ကလေးတွေရော၊ ညီအကိုမောင်နှမတွေ အားလုံး စုစည်းပြီး လုပ်ထားတဲ့ သိပ္ပံ၊ အသိပညာ၊ ပထဝီဝင်နဲ့ game တွေပါဝင်ပါတယ်။ သမီးတို့ ပြခန်းမှာဆိုရင် လုံးဝ မြန်မာလို ပြောခွင့်မရှိပါဘူး။ သမီးတို့အချင်းချင်းပြောမယ်ဆိုရင်လည်း အင်္ဂလိပ်လို ပြောရတယ်။ ပြခန်းကို လာရောက်သူတွေက မြန်မာလိုပြောဆိုမေးမြန်းရင်လည်း သမီးတို့က အင်္ဂလိပ်လို ရှင်းပြသွားမှာပါ။ ဒီပွဲတော်ရဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အစွမ်းကုန်ပြင်ဆင်ထားပြီး ကျောင်းအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။”ဟု မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမှ သတ္တမတန်း ကျောင်းသူ မပိုးရူပချိုက ပြောသည်။

 

 

ကျောက်ဆည်မြို့နယ်တွင် ကျင်းပသည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို စက်တင်ဘာ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်တွင် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် Multi Talent ပြိုင်ပွဲများအပြင် ကျောက်ဆည်ဆင်ရုပ်ချိုးနည်းပြခန်း၊ မြို့နယ်အတွင်းရှိ စက်ရုံများ၏ ပြခန်းများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ တက္ကသိုလ်များ၏ ပြခန်း၊  ကျန်းမာရေးအသိပညာပြခန်းများ၊ မူခင်းပြခန်းများ၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဓာတ်ပုံဆရာများ၏ ဓာတ်ပုံပြခန်းများနှင့်အတူ စာအုပ်အရောင်းဆိုင် ၆၀ ကျော် ပါဝင်ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)