စည်လေဦးမည် အို တောင်ပြုံး

မန္တလေး ၃ သြဂုတ်

 

မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲနှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို ဝါခေါင် လဆန်း တစ်ရက်နေ့မှ ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့အထိ အစဉ်အလာမပျက် ကျင်းပတယ်။ တောင်ပြုံးပွဲတော်ကို အထက်မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးမှာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပေမယ့် ပွဲတော်ကို အများဆုံး လာရောက်ကြသူတွေဟာ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသက ဖြစ်ကြတယ်။

 

တောင်ပြုံးပွဲတော်ကို တောင်ပြုံးရွာ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲထက် တောင်ပြုံး မင်းနှစ်ပါးပွဲတော်အဖြစ် လူသိများကြသည်။ ဝါခေါင်လပြည့်နေ့မှာ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရား ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် သံဃာတော်များကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပွဲထက် မင်းနှစ်ပါးနှင့်ပတ်သက်တဲ့ ကန်တော့ခံပွဲ၊ စံနန်းတော် မင်္ဂလာရေစင်ဆေးပွဲ၊ ညီလာခံသဘင်၊ ချိုးရေတော်သုံးပွဲ၊ ယုန်ကြိုပွဲနှင့် ထိန်ခုတ်ပွဲစတဲ့ ရိုးရာနတ်ပွဲတော် အစဉ်အလာတွေကို ပိုမိုလူသိများကြတယ်။

 

တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း (၁)ရက်ကတည်းက စကျင်းပတယ်ဆိုပေမယ့် စံနန်းတော်မင်္ဂလာ ရေစင်ဆေး အခမ်းအနားကျင်းပတဲ့ ဝါခေါင်လဆန်း (၅)ရက်နေ့မှစပြီး စည်တာပါ။ ဝါခေါင်လဆန်း ၁၀ ရက်နေ့မှာ နန်းကြီးပေါ် ညီလာခံ ကျင်းပတော့လည်း အစဉ်အလာအတိုင်း အခမ်းအနား အဆောင်အယောင်တွေ အသုံးအနှုန်း အမူအရာတွေ နတ်သီချင်း၊ နတ်ဆိုင်းသံတွေကြောင့် စိတ်ဝင်စားကြပါတယ်။ အဲဒီနေ့ ညပိုင်းကစပြီး နန်းကြီးပေါ်မှာ နန်းအုပ်မင်းကအစ ဝါစဉ်အလိုက် နတ်ချော့လေ့ ရှိကြတယ်။ ညီလာခံက ညနေ သုံးနာရီ လောက်မှာ အစပြုကျင်းပတယ်။ တောင်ပြုံးနန်းထိန်းကြီး၊ နတ်အုပ်မင်း၊ အမတ်ချုပ်ကြီး၊ သိုးဆောင်းမိဖုရား၊ ဗောင်းစောင်း အမတ်ကြီးတွေက သူတို့သက်ဆိုင်ရာ အဆောင်အယောင်တွေ ဝတ်ဆင်ပြီးနောက်က ရွှေတိုက်စာရင်းဝင် နတ်ကတော်တွေ ပွဲတော်လာ ပရိသတ်တွေနဲ့ တခမ်းတနား ကျင်းပပါတယ်။ တောင်ပြုံးပွဲတော်က ညီလာခံသဘင်ကို နိုင်ငံခြားသားတွေလည်း စိတ်ဝင်တစား မှတ်တမ်းတင်ကြတယ်။ ယုံကြည်မှုအရရော ရိုးရာ အစဉ်အလာအရရော ပြည်တွင်းဧည့်သည်တွေ အများဆုံး စိတ်ဝင်စားတာကတော့ ဝါခေါင်လဆန်း (၁၁)ရက်နေ့မှာ ကျင်းပတဲ့ ချိုးရေတော်သုံး အခမ်းအနား ဖြစ်တယ်။

 

တောင်ပြုံးပွဲတော်ကြီးက ပုဂံခေတ်ကတည်းက ကျင်းပခဲ့တာပါ။ အနော်ရထာမင်းစော တည်ခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားပွဲကတော့ အဓိကပေါ့။ ဘယ်လိုပဲ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတယ်ဆိုစေဦးတော့ နတ်ကိုးကွယ်မှုနဲ့ ယုံကြည်မှုက  အားကောင်းနေဆဲပါ။ တစ်ဖက်က ကြည့်ရင် ရိုးရာယဉ်ကျေးမှု တစ်ရပ်အနေနှင့် ရှိနေတာကိုတော့ လက်ခံကြရမှာပေါ့။

 

တောင်ပြုံးပွဲနှင့်ပတ်သက်ပြီး ကိုလိုနီခေတ် အမျိုးသားလွတ်လပ်ရေး တိုက်ပွဲကာလမှာရော လွတ်လပ်ပြီးနောက် တစ်ပါတီ စီမံကိန်း စီးပွားရေးစနစ်အောက်မှာ ပြင်းပြင်းထန်ထန် တိုက်ခတ်မှုတွေ အနည်းနဲ့အများ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ရိုးရာယဉ်ကျေးမှု အစဉ်အလာ တစ်ရပ်အနေနဲ့ ထိန်းသိမ်းခဲ့ကြလို့ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ ပွဲတော်ရဲ့ မူလအနှစ်သာရက ရိုးရာယဉ်ကျေးမှု အစဉ်အလာပါ။ ဒီအပေါ်မှာ ကိုးကွယ်မှု လွန်ကဲလွန်းခြင်း၊ အပျော်အပါးဘက် အားသာလွန်းခြင်း၊ စီးပွားရေးသဘော သက်ရောက်လွန်းခြင်းတို့က ပွဲတော်ရဲ့ မူလအနှစ်သာရတွေနဲ့ ဘာမှမဆိုင်ပါဘူး။

 

ပါဝင်ပတ်သက်သူတွေ လာရောက်ကြသူတွေရဲ့ အစွန်းရောက်ခြင်း၊ ပွဲတော်ကို ခုတုံးလုပ်ခြင်း ကိစ္စတွေ ဖြစ်ပါတယ်။ ခေတ်တိုင်းမှာ ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် လက်ဆင့်ကမ်း အမွေဆက်ခံပြီး ကျင်းပနိုင်ဖို့ ကိစ္စကလည်း ပွဲတော်နဲ့ တိုက်ရိုက်ပါဝင်ပတ်သက်နေသူတိုင်းမှာ တာဝန်ရှိပါတယ်။ အညာဒေသရဲ့ ကျေးလက်ဆန်တဲ့နေရာမှာ ကျင်းပတဲ့ တောင်ပြုံးပွဲတော်မှာ အနယ်နယ်အရပ်ရပ်က ကုန်စည်တွေ ရောင်းဝယ် ဖောက်ကားကြတာကြောင့် ဒေသထွက်ကုန်နှင့် ဒေသထွက် အစားအသောက်တွေကိုလည်း ယခုထက်တိုင် မပျောက်မကွယ် ရောင်းချကြတာကိုလည်း တွေ့ရှိရတယ်။ အထူးသဖြင့်အညာထွက် ထန်းလျက်နှင့် ဆန်မှုန့်တို့ကို အဓိကထားပြုလုပ်တဲ့ ကရေကရာ၊ အနုဆုပ်၊ မုန့်ကျွဲသည်း၊ မုန့်ခေါင်းအုံး စတဲ့မုန်တွေကိုလည်း ပွဲတော်ဈေးဆိုင်ခန်းတွေမှာ ရောင်းချနေဆဲဖြစ်တာကို တွေ့ရှိရတယ်။ နတ်ပွဲဆိုတော့လည်း အုန်းသီး၊ ငှက်ပျောသီး ကန်တော့ပွဲတွေ အများကြီး ရောင်းရတယ်။ ပြီးတော့ အောင်သပြေပန်းတွေနဲ့ အခြားနတ်ဆက်တဲ့ ပန်းအမျိုးမျိုးလည်း မနိုင်အောင် ရောင်းရတယ်။

 

နောက်ထပ်ရောင်း ရတာတွေက ဝတ်လဲတော်၊ ပုဝါ၊ ဗောင်းတော် စတဲ့ နတ်ဆက် ပစ္စည်းတွေနဲ့ ပွဲတော်အထိမ်းအမှတ် ဆွဲကြိုးတွေ ဖြစ်ပါတယ်။ နတ်ပွဲတွေမှာ ပရိသတ်တွေနဲ့ ဘယ်လိုပဲ ကြိတ်ကြိတ်တိုး စည်ကားနေပါစေ ချိုးရေတော်သုံးတဲ့နေ့  နန်းကြီးပေါ်က ဆိုင်းသံ၊ ဗုံသံ ကြားပြီးမှ အခြားပျော်ပွဲရွှင်ပွဲတွေ စတင်ကြရတဲ့ အစဉ်အလာရှိတယ်။

ဒါက ထူးခြားမှုတစ်ခုပါ။ ရိုးရာအစဉ်အလာနှင့် ပတ်သက်တဲ့ပွဲ၊ ကျေးလက်မှာ ကျင်းပတဲ့ပွဲမို့ မြန်မာကြိုက်ပွဲလမ်း အစီအစဉ်တွေပဲ နှစ်စဉ်ပါဝင်ကပြခဲ့ကြတာပါ။ အထူးသဖြင့် မြန်မာဇာတ်ပွဲကြီးတွေပဲ။  တောင်ပြုံးပွဲမှာ ကပြပြီးအောင်မြင်ရင် ဒီဇာတ်ပွဲက တစ်နှစ်လုံး မနားရအောင် ကပြကြရတယ်လို့ ယုံကြည်မှု ရှိကြပါတယ်။ ရှေးကတည်းက ပွဲလမ်းသဘင်တွေကို ထူးထူးခြားခြား အပြောင်းအလဲမရှိဘဲ ကျင်းပနိုင်ခဲ့သလို ဒီဘက် ဆယ်စုနှစ်ပိုင်းတွေမှာ အရေးတကြီးလိုအပ်ချက်အရ NGO အဖွဲ့အစည်းတွေရဲ့ HIV, AIDS နဲ့ပတ်သက်တဲ့ ပညာပေးကပွဲတွေ၊ ပြပွဲတွေ ပါဝင်လာပါတယ်။

 

အထူးသဖြင့် မြန်မာပြည်အောက်ပိုင်းက စိတ်ဝင်စားမှု အများဆုံးနှင့် လာရောက်ကြတာကြောင့် ခရီးသွားဧည့်သည်တွေ အဆင်ပြေစေဖို့ ပွဲတော်ရက်အတွင်း ရန်ကုန်- မန္တလေး အထူးရထားများ ပြေးဆွဲပေးတဲ့ နှစ်တွေလည်း ရှိခဲ့သလို မန္တလးက တောင်ပြုံးခရီးစဉ်မှာလည်း လက်ရှိ နေ့စဉ်ပြေးဆွဲနေတဲ့ မန္တလေး- မတ္တရာ ခေါက်ပြန်ရထားကို ပွဲတော်ရက်အတွင်းမှာ တွဲဆိုင်းတွေ တိုးချဲ့ပြေးဆွဲပြီး သူရဲဈေးဘူတာနှင့် တောင်ပြုံးဘူတာကြားမှာလည်း ခေါက်ပြန်အထူးရထား နှစ်စဉ် ပြေးဆွဲပေးပါတယ်။ ပွဲတော်ရက်ကာလအတွင်း မန္တလေးက တောင်ပြုံးကို လိုင်းကားများ အငှားကားများလည်း မြို့တွင်းမှာ ဂိတ်ဖွင့် ပြေးဆွဲကြတယ်။

 

တောင်ပြုံးပွဲတော်ကို ဘယ်လိုအကြောင်းရှိစေ ယုံကြည်ချက်နဲ့ လာရောက်သူများအဖို့ အပျက်မခံဘဲ မဖြစ်မနေ လာရောက်ကြသူတွေထဲက မြစ်ဝကျွန်းပေါ်အရပ်က မပျက်မကွက်လာရောက်တဲ့ ရွှေတိုက်စာရင်းဝင် နတ်ကတော်တစ်ဦးက သီးနှံမကောင်းလို့ အရောင်းအဝယ်မကောင်းလို့ ဒီနှစ်နတ်ပွဲက စည်မှာမဟုတ်ဘူးလို့များ အတွက်မမှားကြလေနဲ့   ဒီအဆင်မပြေမှုတွေ  ဒီအကျပ်အတည်းတွေ ကင်းလွတ်အောင် ကိုယ်ယုံကြည်တဲ့ ကိုးကွယ်မှုကို ပိုပြီးအားထားကြတာပါ။

 

ဒါကြောင့် ဒီနှစ်မှာလည်း မင်းနှစ်ပါးကို အားကိုးကြဖို့၊ တိုင်တည်ကြဖို့၊ ဆုတောင်းကြဖို့ ပရိသတ်က ပိုစည်မှာပါ။ အဆင်မပြေလေ နတ်ကို သတိရလေဆိုတော့ ကျွန်မလည်းရှိတာလေး ပေါင်နှံပြီး အရင်နှစ်တွေလိုပဲ ဒီနှစ်လည်း တောင်ပြုံးပွဲကို ရောက်အောင်သွားဦးမှာပါဆိုတဲ့ အပြောက ပွဲတော်အခြေအနေရဲ့ ပကတိ အရှိပါပဲ။ ပွဲတော်အတွင်း သုံးဆယ့်ခုနစ်မင်း နတ်နန်း ၅၀ နီးပါးရှိပြီး တဲကနားနတ်နန်း အခန်းငယ်လေးများစွာ ယာယီတည်ဆောက် ပေးထားလို့ အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ နတ်ကတော်ပေါင်းကလည်း ထောင်ချီ၍ ရှိပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့က နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေနှင့်အတူ အဆိုတော်တွေ အနုပညာရှင်တွေလည်း ယုံကြည်မှုနဲ့ နှစ်စဉ်မပျက် လာရောက်ကြပြီး တက်ပွဲ(နတ်ချော့ပွဲ)တွေကို ငွေသိန်းသန်းချီ အကုန်ခံ ကျင်းပကြလေ့ရှိတယ်။

 

ဒီနှစ်က ကောဇာသက္ကရာဇ် ၁၃၈၀ ခုနှစ်က ‘စုံ’ နှစ်ဖြစ်လို့ ကိုယ်တော်လေး (မင်းလေး)နှစ် ဖြစ်သတဲ့။ မင်းလေးက ပိုပြီးပျော်တတ်တော့ သူ့နှစ်ဆိုရင် ပိုစည်သတဲ့။ ဒါဆို တောင်ပေါ်မြေပြန့် မြစ်ဝကျွန်းပေမကျန် ရေကြီးရေလျှံဘေး ကြုံတွေ့နေကြရပေမယ့် စည်ကားမှုက အရင်နှစ်ထက်ပိုမယ်လို့ နတ်ကတော် အသိုင်းအဝိုင်းက ယုံကြည်ကြတယ်။

လူတွေမှာလည်း အစစအရာ ကျပ်တည်း ခက်ခဲဆင်းရဲ ပင်ပန်းကြတော့ နတ်ကိုပဲ တိုင်တည် အားကိုး နားပူနားစာ လုပ်ကြဦးမှာသေချာတယ်လေ….။

 

ယခုနှစ်ကျင်းပမည့် တောင်ပြုံးပွဲတော်အချိန်ဇယား

 

- ဝါခေါင်လဆန်း ၁၊၂၊၃၊၄ရက် (ဩဂုတ်၁၂၊ ၁၃၊ ၁၄၊ ၁၅၊)

 

မင်းနှစ်ပါးကန်တော့ခံ

 

- ဝါခေါင်လဆန်း ၅ ရက် (ဩဂုတ် ၁၆)

 

စံနန်းတော် မင်္ဂလာရေစင်ဆေးအခမ်းအနား

 

- ဝါခေါင်လဆန်း ၆၊ ၇၊ ၈၊ ၉ရက် (ဩဂုတ် ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရက်) - မင်းနှစ်ပါးကန်တော့ခံ

 

- ဝါခေါင်လဆန်း ၁၀ ရက် (ဩဂုတ် ၂၁ ရက်)

 

ညီလာခံသဘင်

 

- ဝါခေါင်လဆန်း ၁၁ ရက် (ဩဂုတ် ၂၂ ရက်)

 

ချိုးရေတော်သုံးပွဲ

 

- ဝါခေါင်လဆန်း ၁၂ရက် (ဩဂုတ် ၂၃ရက်)

 

တောင်ပြုံးနယ်သားများနှင့် ဆွေစဉ်မျိုးဆက်များ၏ပြပွဲနှင့် တစ်ဝက်ပွဲ၊

 

- ဝါခေါင်လဆန်း ၁၃ရက် (ဩဂုတ် ၂၄ ရက်)

ထပ်ပွဲ

 

- ဝါခေါင်လဆန်း ၁၄ရက် (ဩဂုတ် ၂၅ ရက်)

 

ယုန်ကြိုပွဲနှင့် ထိန်ခုတ်ပွဲ

 

- ဝါခေါင်လပြည့်နေ့ (ဩဂုတ် ၂၆ ရက်)

 

ဆုတောင်းပြည့်၊ ဆုတောင်းရဘုရား ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် သံဃာတော်များကို ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းပွဲ

 

- ဝါခေါင်လပြည့်ကျော် ၁ရက် (ဩဂုတ် ၂၇ ရက်)

 

နံနက် ၃ နာရီတွင် ရွှေတိုက်စာရင်းဝင် နတ်ကတော်များ၏ ၆ ရက်တိုင် တက်ပွဲပေးသည့် အစီအစဉ်များ ပြီးဆုံး။ မင်းနှစ်ပါး၏ ပုံတော်ရွှေဘုံဆင်းအခမ်းအနား။

 

ဆူးငှက်