စည်းလုံညီညွတ်မှုဖြင့် နိုင်ငံကိုတည်ဆောက်

နေပြည်တော် ၈ စက်တင်ဘာ

 

 

စည်းလုံးညီညွတ်သော မိသားတစ်စုသည် ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော သီရိဂေဟာပင်ဖြစ်သည်။ ထိုမိသားတစ်စုသည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး အစစအရာရာ ပြည့်စြွုံကယ်ဝသည့် ချမ်းသာ ခြင်းကိုဖြစ်စေသည်။ ထိုမိသားစုတွင် အုပ်ထိန်းသူမိဘများအား ရိုသေဂါရဝတရားထား၍ မိဘ၏ဆုံးမပဲ့ပြင် ထိန်းကျောင်းတည့်မတ်ပေးမှုကိုသိရှိနားလည်လက်ခံသည်။ ကောင်းမွေဆိုးမွေတို့ကို မိသားတစ်စုအတူပူးပေါင်း လက်တွဲဖြေရှင်း၍ ရပ်တည်နေထိုင်ကြသည်။

 

မိသားစုဟူသည် တစ်မိဝမ်းတွင်းမှ ပေါက်ဖွားရှင်သန်ကြီးပြင်းလာခြင်းဖြစ်သော်လည်း လက်တစ်ခုတည်း၌ လက်ချောင်းငါးချောင်း အတို၊အရှည်မညီသကဲ့သို့ ကိုယ်စိတ်နှစ်ပါး မတူကွဲပြားမှုများရှိတတ်သည်။ အခန့်မသင့်လျှင် စိတ်သဘောထားချင်း တိုက်ဆိုင်မှုမရှိဘဲ ပြဿနာကြီး၊ငယ်တို့ရှိတတ်သည်။ ထိုအခါ မိမိတို့၏ မိသားစုပြဿနာ၊ အိမ်တွင်းရေးပြဿနာတို့ကို အုပ်ထိန်းသူမိဘများ၏ အဆုံးအမကိုနာခံ၍ မိသားစုပြဿနာ၊ အိမ်တွင်းရေးပြဿနာတို့ကို ပြေလည်အောင် ဖြေရှင်းရိုးထုံးစံရှိသည်။

 

မိသားစုပြဿနာကို ပြေလည်အောင်ဖြေရှင်း၍ တစည်းတလုံးတည်း ချစ်ချစ်ခင်ခင်ရပ်တည်နေထိုင်ကြသော မိသားစုသည် ပေါ်ပေါက်လာနိုင်သောပြဿနာများ၊ အခက်အခဲများ၊ အတိုက်အခိုက်များကိုရင်ဆိုင်ကျော်လွှား ဖြေရှင်းနိုင်သည်။ မည်သည့်အနှောင့်အယှက်အဟန့်အတားမျှ မိသားစုဘဝပြိုလဲအောင် ဖန်တီးနိုင်စွမ်းမရှိချေ။ ယိုင်နဲ့နေသော မိသားစု၊ စည်းလုံးညီညွတ်မှုပြိုကွဲနေသော မိသားစုအားအခြားမိသားစုတို့က အထင်သေး၊ အမြင်သေးဖြစ်ကြမည်မှာ ဓမ္မတာဖြစ်သည်။

 

နွားကွဲလျှင် ကျားဆွဲမည်ဟူသော မြန်မာစကားပုံကဲ့သို့ မိသားတစ်စုစည်းလုံးညီညွတ်မှုပျက်ပြားပြီး အချင်းချင်းရန်မူကာ ခိုက်ရန်ဖြစ်ပွားနေလျှင် တစ်နေ့နေ့တွင် အဖျက်အန္တရာယ် ကျားဆွဲခံရမည်မှာ အမှန်ဖြစ် သည်။ ညီညွတ်မှုမရှိသော မိသားစုဝင်များ အဖျက်အန္တရာယ်ကို ခုခံနိုင်စွမ်းမရှိဘဲ သေပွဲဝင်ရတတ်သည်ကို ထိုဥပမာဖြင့် အထင်အရှားညွှန်းဆိုပြထားသည်။ မျက်မှောက်ကာလတွင် နွားကွဲလျှင် ကျားဆွဲမည်ဟူသော အရိပ်လက္ခဏာများကို မြင်တွေ့နေရသည်။

 

အတိတ်သမိုင်းကာလကလည်း မြန်မာများ မညီညွတ်မှု၊ သူတစ်ပါးအား အထင်ကြီးအားကိုးမှုတို့ကြောင့် ကျွန်ဖြစ်ခဲ့ခြင်း၊ အချင်းချင်းမညီညွတ်ဘဲ ပဋိပက္ခများဖြစ်ပွားနေခြင်း အဖြစ်ဆိုးများရှိခဲ့သည်။ထို့ကြောင့် အတိတ်သမိုင်းက မညီညွတ်ခြင်းကြောင့် ကြုံတွေ့ခဲ့ရသည့်အဖြစ်ဆိုးတို့ကို သင်ခန်းစာယူကာ ညီညွတ်ရေးကို တည်ဆောက်ကြရမည်။ မိသားစုအတွင်းရေးပြဿနာများကို မိမိတို့မိသားစုဝင်များကိုယ်တိုင် ဝိုင်းဝန်းဖြေရှင်းကာ ညီညွတ်မှုကို တည်ဆောက်ကြရမည်။

 

လက်ရှိကာလတွင် ရခိုင်ပြည်နယ် မောင်တောဒေသ အကျပ်အတည်းကို အကြောင်းပြု၍ အနောက်နိုင်ငံများက ဖိအားအမျိုးမျိုးတိုး၍တိုး၍ ပေးနေကြသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ လူ့အခွင့်အရေးကို အကြောင်းပြ၍ မိသားစုပြိုကွဲအောင် ဖန်တီးနေခြင်းဖြစ်သည်ကိုသတိမူရမည်ဖြစ်သည်။ မိမိနိုင်ငံကို မိမိတို့ကိုယ်တိုင် အုပ်ချုပ်နေခြင်းမှာမိသားစုအုပ်ချုပ်ရေးပင် ဖြစ်သည်။ နိုင်ငံကိုအုပ်ချုပ်သူမှာ မိဘသဖွယ်ပင်ဖြစ်သည်။ ပြင်ပမှ မိမိတို့မိသားစုအရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်းသည် မိမိတို့မိသားစု အကောင်အထည်ဖော်နေသည့်ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဖျက်ဆီးချိုးဖဲ့ခြင်းပင်ဖြစ်သည်။

 

သို့ဖြစ်ရာ ယိုင်နဲ့နေသော မိသားစုအိမ်ကို ပြန်လည်တည်ဆောက်ရန်အတွက် မိမိတို့မိသားစုဝင်များကိုယ်တိုင် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ မိသားစုဝင်များ တကွဲတပြားဖြင့် စိတ်ဝမ်းကွဲပြားနေပါက သူတစ်ပါး၏ ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်းကို ခံရမည်သာဖြစ်သည်။ ထို့ကြောင့် သူတစ်ပါးနှောင့်ယှက်ဖျက်ဆီးမှုများကိုသတိမူကာ မိမိတို့၏မိသားစုနေအိမ်ဂေဟာကို မိမိတို့ကိုယ်တိုင် စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ကြဖို့တိုက်တွန်းလိုပါသည်။ ။