စည်းလုံးညီညွတ်ရေးနှင့် စည်းကမ်းတကျရှိရေး

 ၂၀ ဇူလိုင်

 

(၇၁)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားများကို နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပခဲ့ရာ လူထုပရိသတ်အင်အား အမြောက်အမြား တက်ရောက်ကြပြီး ကျဆုံးလေပြီးသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရဝပြုခဲ့ကြသည်။ နိုင်ငံနှင့်လူမျိုးအတွက် မိသားစုဘဝများနှင့် စည်းစိမ်ဥစ္စာတို့ကို သာမက အသက်နှင့်ခန္ဓာကိုယ်ပါ စွန့်လွှတ်သွားခဲ့ကြသော အာဇာနည်သူရဲကောင်းတို့၏ စိတ်ဓာတ်တို့ကို ဦးòတ်ဂါရဝပြုရင်း မျိုးဆက်သစ်တို့၏ စိတ်သ္တာန်တွင်လည်း အကြောင်းနှင့်အကျိုးကို ကောင်းစွာသိမြင်ပြီး အမြော်အမြင်ကြီးမားမှု၊ ကိုယ်ကျင့်တရားမြင့်မားဖြူစင်မှု၊ လက်ရုံးရည်၊ နှလုံးရည် (သတ္တိဗျတ္တိ)ပြည့်စုံမှုနှင့် အများအကျိုးအတွက် အဆုံးစွန်ထိ စွန့်လွှတ်နိုင်မှုဟူသော အာဇာနည်စိတ်ဓာတ်တို့ကို ထင်ဟပ်နိုင်ခဲ့ကြပြီးဖြစ်သည်ဟု ယုံကြည်မိသည်။

 

 

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြသည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ ယနေ့ မျက်မှောက်ကမ္ဘာတွင် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးသည် မည်သည့်နေရာ၊ မည်သည့်အဆင့်၌ ရောက်ရှိနေသနည်း။ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက ရေးသားခဲ့သလို ကမ္ဘာ့ဇာတ်ခုံကြီးပေါ်တွင် ကမ္ဘာ့တေးသံကိုလိုက်၍ ကနိုင်သည့် မြန်မာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်နိုင်ခဲ့ကြပြီလား။ မြန်မာပြည်ကြီးကို လွတ်လပ်ပြီးတိုးတက်ထွန်းကားသည့် တိုင်းပြည်ဖြစ်အောင် ကြံဆောင်ကြိုးစားနိုင်ခဲ့ကြပါပြီလား။ ဗိုလ်ချုပ်ကမူ မိမိတို့လက်ဝယ်ရှိသည့် လုပ်ငန်းတာဝန်များအလိုက် အလုပ်လုပ်ကြဖို့ ထိုစဉ်က တိုက်တွန်းထားခဲ့သည်။ ‘ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတစ်မျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်းအလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟူ၍ ပြောကြားခဲ့ရာ ခေတ်ပြောင်းသည့်အလုပ်ကို စည်းလုံးညီညွတ်စွာဖြင့် လုပ်ကိုင်ကြဖို့ လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။ ခေတ်ပြောင်းသည့် အလုပ်ဆိုသည်မှာလည်း အခြားတွင်မရှိ။ မိမိလက်ဝယ်ရှိနေသည့် လုပ်ငန်းများကို လုပ်ကိုင်ကြရန်ဖြစ်သည်။ သို့သော် အပြောင်းအလဲဆီသို့ ဦးတည်ရမည်။ တစ်မျိုးသားလုံးညီညွတ်ကြရမည်။ တစ်မျိုးသားလုံးဆိုသည်မှာလည်းမျိုးနွယ်စုများ၊ လူမျိုးများအားလုံး တစည်းတလုံးတည်း ပါဝင်သည့် အမျိုးသားစည်းလုံးညီညွတ်မှုပင် ဖြစ်သည်။

 

 

စည်းလုံးညီညွတ်ရေးပြီးလျှင် စည်းကမ်းရှိရေးသည်လည်း တိုင်းပြည်ထူထောင်ရေးကာလအတွက် အထူးအရေးကြီးလှသော ဗိုလ်ချုပ်၏ မှာကြားချက်ပင် ဖြစ်သည်။ တစ်မျိုးသားလုံးစည်းကမ်းရှိကြဖို့ မကြာခဏ မှာကြားလေ့ရှိသည်ကို ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၌တွေ့ရှိနိုင်သည်။ စည်းကမ်းမရှိလျှင် အလုပ်မဖြစ်။ စည်းကမ်းကို သတ်မှတ်ထားသရွေ့ လိုက်နာရမည်ဟုဆိုထားသည်။ ‘စည်းကမ်းတစ်ခုဖောက်ဖျက်ချင်တယ်ဆိုရင် ဒီစည်းကမ်းဖောက်ဖျက်လို့ ခံရမယ့်အပြစ်ကို နားလည်စေရမယ်။ အမိန့်ပြင်အောင် စည်းကမ်းနဲ့ကြိုးစားပါ။ မပြင်ခင် ဒီအမိန့်အတိုင်း လိုက်နာနေပါ’ ဟူ၍ ဗိုလ်ချုပ်က မိန့်ကြားခဲ့ရာ တရားဥပဒေ၏ အနက်သဘောကို ဆိုခဲ့ခြင်းပင် ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းကို လေးစားလိုက်နာသော၊ တရားဥပဒေစိုးမိုးမှုရှိသော လူ့အဖွဲ့အစည်းသည်သာလျှင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ရရှိခံစားနိုင်ကြမှာဖြစ်သည်။

 

 

ယခုနှစ်အတွက် အာဇာနည်နေ့ အခမ်းအနားများကို ကျင်းပပြီးခဲ့ကြပြီ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများကိုလည်း ဦးညွှတ်ဂါရဝပြုခဲ့ကြပြီ။ အလေးပြုခဲ့ကြပြီးသည့်နောက်တွင် ကာတွန်းဆရာကြီးအလင်္ကာကျော်စွာ ဦးဘဂျမ်း၏ နိုင်ငံကျော်ကာတွန်းထဲကလို ‘နေမြဲ’ အတိုင်း ဆက်မနေကြဖို့ပင် ဖြစ်သည်။ မျက်မှောက်ကမ္ဘာတွင်လည်း မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက်သည် စည်းလုံးညီညွတ်ရေးနှင့် စည်းကမ်းတကျရှိရေးတို့ပင် ဖြစ်သည်ဟု သတိမူနိုင်ကြပါစေကြောင်း။.

 

 မြန်မာ့အလင်း