စည်းလုံးညီညွတ်သည့် ပြည်ထောင်စုအဖြစ် ထာဝရရှင်သန်ရပ်တည်

 

 

မြန်မာနိုင်ငံသည် နယ်နိမိတ်အကျယ်အဝန်းအားဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယအကြီးဆုံး နိုင်ငံဖြစ်သည်။ အာရှတိုက်ပင်မကုန်းမြေကြီးတွင် တည်ရှိနေသည့် အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်မူ အကြီးဆုံးနိုင်ငံဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် နိုင်ငံငယ်တစ်ခုမျှသာ။ ကမ္ဘာ့မြေပုံပေါ်တွင် သေးငယ်လှစွာသော နိုင်ငံလေးတစ်နိုင်ငံအနေဖြင့် ပြည်တွင်းအင်အားဖြစ်သည့် နိုင်ငံရေးအင်အား၊ စီးပွားရေး အင်အား၊ ကာကွယ်ရေးအင်အားတို့ကို အခိုင်အမာ တည်ဆောက်၍ နိုင်ငံထာဝရတည်တံ့စေရန် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကြိုးပမ်းနေဖို့လိုသည်။

နိုင်ငံဆိုသည်မှာ အသက်ဇီဝရှင်သန်နေသည့် သဘောသဘာဝ မျိုးရှိနေပြီး မိမိကဲ့သို့ပင် ရှင်သန်ရပ်တည်နေသည့် အခြားနိုင်ငံများနှင့်အတူ ရုန်းကန်ယှဉ်ပြိုင်နေကြရခြင်းဖြစ်သည်။ သစ်တောထဲမှ သစ်ပင်ကြီးငယ်များသဖွယ်ပင် မြေဆီလွှာမှ အာဟာရဓာတ်တို့ကို အမြစ်မှစုပ်ယူ၍ အထက်သို့အပြိုင်းအရိုင်းတက်ကြရာတွင် သစ်ပင် ကြီးများ၏ လောင်းရိပ်မှလွတ်မြောက်ပါက ကြီးထွားသန်မာနိုင်ကြပြီး လောင်းရိပ်မိသောအပင်တို့မှာ  သေးကွေးကြုံလှီကြရသည်။ ကမ္ဘာ့အလယ်တွင် ရပ်တည်သောနိုင်ငံတိုင်း အင်အားတောင့်တင်း ခိုင်မာအောင် တည်ဆောက်ကြရာတွင် အချို့အင်အားကြီးမားသည့် နိုင်ငံများ (Strong States) ဖြစ်လာကြသော်လည်း အကြောင်း အမျိုးမျိုးကြောင့် အချို့မှာအားနည်းသည့်နိုင်ငံများ (Weak States) ဖြစ်သွားကြပြီး အချို့အရေးနိမ့်သည့် နိုင်ငံများ (Failed States) ဖြစ်သွားကြသည်။ နိုင်ငံအချို့ ပြိုလဲသည့်နိုင်ငံများ (Collapsed States) အဖြစ် ရောက်ရှိသွားသည်ကိုလည်း ကမ္ဘာ့မြင်ကွင်း၌ တွေ့မြင်နိုင်သည်။ ကိုလိုနီလက်အောက်ခံဘဝ ကျရောက်ခဲ့သည့်နိုင်ငံတိုင်း မိမိတို့၏အင်အားကို ခက်ခက်ခဲခဲဆယ်စုနှစ်များစွာ တည်ဆောက်ကြရပြီး အောင်မြင်မှုမရသည့်နိုင်ငံတို့မှာ အားနည်းသည့်နိုင်ငံအဆင့်မှသည် တဖြည်းဖြည်းနှင့် ပြိုလဲသည့်နိုင်ငံအဆင့်သို့ ရောက်ရှိသွား တတ်ကြသည်။

နိုင်ငံရေးပညာရှင်များ၏ အဆိုအမိန့်အရ မတူညီသည့် လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေးအုပ်စုကွဲများအကြား common sense of citizenship တည်ဆောက်မှုမပြုနိုင်ပါက ပဋိပက္ခများဖြစ်ပွားလာပြီး အရေးနိမ့်၊ ပြိုလဲသည့်နိုင်ငံအဖြစ် ရောက်ရှိသွားနိုင်သည်ဟုဆိုသည်။ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသား ပြည်သူများအတွင်း တစ်ခုတည်းသော national identity ကို အားလုံးကလက်ခံ ထားကြရန်လိုအပ်ပြီး ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာအယူဝါဒ မတူညီသည့်အုပ်စုကွဲများအကြား အတူတကွ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်လိုသည်။ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားခြင်း၊ စီးပွားရေးနှင့် နိုင်ငံရေးလုပ်ပိုင်ခွင့် အာဏာတို့တွင် ညီမျှစွာခွဲဝေမှုမရှိဘဲ လက်ဝါးကြီးအုပ်မှုများဖြစ်ပေါ်နေခြင်း စသည်တို့ကလည်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခ တို့ကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

မျက်မှောက်ကာလ ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများနှင့် မိမိတို့ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်တို့က နိုင်ငံအတွက် အန္တရာယ်ကြီးမားသည်။ စည်းလုံးညီညွတ်မှု ပြိုကွဲပြီး လွဲမှားသည့်အယူအဆ၊ ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင် ကာ အပြန်ပြန်အလှန်လှန်တိုက်ခိုက်နေကြရင်း လဲပြိုသည့်နိုင်ငံအဖြစ် အားလုံးစုံးစုံးမြုပ်သည့်ဘဝသို့ ရောက်ရှိသွားနိုင်သည်။ ယင်းအဖြစ်သို့ ရောက်ရှိ မသွားစေရန်အတွက် တစ်ခုတည်းသောအရာမှာ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ရာစုနှစ်ပေါင်းများစွာကပင် ဖြစ်တည်ခဲ့ပြီးဖြစ်သည့် သံယောဇဉ်တရားနှင့် ချစ်ခင်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် အဖျက်အင်အားစုတို့၏ လူမျိုးရေးမုန်းတီးစေရန် ဖန်တီးမှု၊ သွေးခွဲရန်တိုက်မှု၊ ကျဉ်းမြောင်းသည့်လူမျိုးရေး အယူဝါဒများ သွတ်သွင်းမှုတို့ကို သတိပြုတွန်းလှန်ကြရန်လိုသည်။ အပြုနှင့်အဖျက်တို့မှ ဖြစ်ပေါ်လာမည့် ဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံတို့ကို ဉာဏ်မျက်စိဖြင့် ကြည့်ရှုဆင်ခြင် တွေ့မြင်နိုင်ကြရန်လည်း လိုသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်မှာ ငါတကော ကောမှုများ၊ သွေးကွဲမှု များ၊ ပိုင်းခြားမှုများ၊ အမုန်းတရားအာဃာတများနှင့် တည်ဆောက်၍ မရနိုင်ဘဲ ချစ်ခင်မှု၊ လေးစားမှု၊ ရိုင်းပင်းကူညီမှု၊ စည်းလုံးညီညွတ်မှု၊ စုပေါင်းဆောင်ရွက်မှုတို့ဖြင့်သာ ကြိုးပမ်းတည်ဆောက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ 

မြန်မာ့အလင်း