စည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့် ဥပဒေစိုးမိုးရေး

လူ့ဘုံခန်းဝါ လူတို့ရွာတွင် လူသားတို့ကြား မဟုတ်မမှန်မှု၊ အဓမ္မမှုများ မပေါ်ပေါက်နိုင်စေရန်၊ အားကြီးသူက အားနည်းသူကို နိုင်ထက်စီးနင်း မလုပ်နိုင်ကြစေရန်၊ လူတိုင်း၏ ဘဝများကို ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံမှု ရှိနေကြစေရန်၊ လူတစ်ဦးက လူတစ်ဦးကို မတရားမပြုနိုင်စေရန်၊ မည်သို့သော လိမ်လည်လှည့်ဖြား အဓမ္မပြုမှုများကိုဖြစ်စေ ကာကွယ်တားဆီးနိုင်စေရန်၊ အားနည်းသူ နုနယ် သူများကို စောင့်ရှောက်နိုင်ရန် စသည် စသည့် တရားမျှတမှုအပေါ် အခြေခံသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတို့ကို ရေးဆွဲပြဋ္ဌာန်းထားရ၏။

 

ထိုပြဋ္ဌာန်းထားသော ဥပဒေတို့ကို လူတို့လိုက်နာကြစေရန်လည်း မှန်ကန်သူကို အားပေးခြင်း၊ မသိနား မလည်သူကို ပညာပေးခြင်း၊ မတရားသူကို ပြစ်ဒဏ်ခတ်ခြင်း စသည့် လုပ်ငန်းရပ်များကို လုပ်ဆောင် ကြရ၏။ ဤသည် တို့ကို နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်သည်နှင့်အမျှ ဥပဒေစိုးမိုးမှုကိုရ၏။ ဥပဒေစိုးမိုးမှုရှိသည်နှင့်အမျှ အထက် တွင်ဆိုခဲ့သော လူသားတို့၏ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံမှုကိုရ၏။ လူမှုအဖွဲ့အစည်းအတွင်း ငြိမ်းချမ်း သာယာမှုကို ရစေနိုင်၏။

 

ထိုဥပဒေ၊ စည်းမျဉ်းတို့ကို မှန်ကန်တိကျအောင်၊ လူမှုအဖွဲ့အစည်း၏ အပြောင်းအလဲများနှင့် ကိုက်ညီအောင် လိုအပ်သလို ပြင်ဆင်ရသည်လည်း ရှိနိုင်၏။ တိုးချဲ့ရသည်တို့လည်း ရှိတတ်၏၊ ပယ်ဖျက်ပစ်ရသည်တို့လည်း ရှိကြ၏။ အကြောင်းရင်းမြစ်သည်ကား လောကလူ့ဘောင်ကို တရားမျှတမှုရှိစေရေးဖြစ်၏။

 

ထို့ကြောင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့သည် လူတို့ကြား တရားမျှတရေးအတွက် မရှိမဖြစ်။ ထို့အတူ ဥပဒေစိုးမိုး မှုဟူသည်ကလည်း မရှိမဖြစ်။ ဥပဒေစိုးမိုးရေးကို တာဝန်ယူထားရသည့် လူများ၊ အဖွဲ့ အစည်းများနှင့် စနစ်တို့ တရားမျှတမှုဘောင်အတွင်းမှာ ခိုင်ခိုင်မာမာဖြင့် စွမ်းအားရှိရှိ ရပ်တည်ရေးသည်ကလည်း မရှိမဖြစ်။

 

ထို့နည်းတူ လူတို့သည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ကို ယုံကြည်ကိုးစားသည့်အားလျော်စွာ ကိုယ်တိုင်လည်း လိုက်နာစောင့်ထိန်းကြရေးက အရေးကြီးသည်ဟု ပိုမိုနားလည်လာနိုင်ကြမည်ဟု ထင်ပါသည်။

 

ကလေးငယ်များဆိုင်ရာ မတော်မတရား အဓမ္မမှုများ၊ ရက်စက် ကြမ်းကြုတ်လွန်းသော ရာဇဝတ်မှုကြီးများ စသည့် လူမှုအဖွဲ့အစည်း အတွက် ထိတ်လန့်တုန်လှုပ်ဖွယ် အမှုအခင်းတို့မှအစ၊ အများပိုင်လမ်းများပေါ် ကျူးကျော် ဖွင့်လှစ်ထားသော လမ်းဘေးဈေးဆိုင်တန်းများအလယ်၊ လူသွားလမ်းပေါ်ဖြစ်စေ၊ သူတစ်ပါးအိမ်ရှေ့ဖြစ်စေ အလွယ်တကူ စွန့်ချလိုက်သော အမှိုက်ပစ်မှုများ၊ ကွမ်းတံတွေးပျစ်ပျစ်နှစ်နှစ် ထွေးချလိုက်မှုများ အဆုံး ဥပဒေချိုးဖောက်နေကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်နေပြီဟု ပြည်သူတို့က ဝေဖန်နေကြသည်။

 

ယနေ့ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း၌ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ချိုးဖောက်ခြင်းအပေါ် လေးလေးနက်နက် သဘောမထားကြဟူသည့် အတွေးအယူတို့ဖြစ်လာကြရသည်မှာ ဥပဒေစိုးမိုးအောင် မပြုနိုင်သေးခြင်း၏ အကျိုးဆက် ဟု မြင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာတွင် ဖော်ပြလိုက်သည့် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်ပါ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးဟူသော ဒုတိယအချက်သည် ယနေ့ဖြစ်ပေါ်နေသည့် ဥပဒေစိုးမိုးရေးအပေါ် ပြည်သူတို့၏ အမြင်၊ သဘောထား၊ ပါဝင်ဆောင်ရွက်မှုတို့နှင့် ပတ်သက်၍ အရေးကြီးသည့် လမ်းညွှန်ချက်ဟု မြင်ပါသည်။

 

ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ စနစ်ကျမှန်ကန်ခြင်းနှင့် ဥပဒေ စိုးမိုးမှုရှိခြင်းတို့ကသာ ဥပဒေနှင့် တရားစီရင်ရေး စနစ်ကို လူမှုအဖွဲ့အစည်းက အားကိုးယုံကြည်ကြပေမည်။ သို့မှသာ အမှန်တရားကို ယုံကြည်ကိုးစားကာ လောကကို မှန်ကန်စွာ ဝိုင်းဝန်းစောင့်ရှောက်နိုင် ကြလိမ့်မည်ဖြစ်ပေသည်။ သို့မှသာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ ဟူသည် လူတို့ကို ချုပ်နှောင်ဖိနှိပ်သည့် လက်နက်ကိရိယာများ မဟုတ်ဘဲ လူတို့ကို အကာအကွယ်ပေး စောင့်ရှောက်နေသည့် လောကပါလတရားဖြစ်သည်ဟု ယုံကြည်ကြပေလိမ့်မည်။

 

ဤသည်ပင် လူမှုအဖွဲ့အစည်းအတွင်း၌ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတို့ ပေါ်ပေါက်လာရခြင်း၊ တည်ရှိနေရခြင်းတို့၏ အနှစ်သာရ ဖြစ်ပေလိမ့်မည်သာတည်း။    ။

(မြန်မာ့အလင်း)