စွန့်ပစ်အမှိုက်များကို ချေဖျက်သည့်စနစ် အကောင်အထည်ဖော်နိုင်ရန် ဂျပန်နိုင်ငံမှ လာရောက်လေ့လာ

မုံရွာ ၁၁  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သည် လူဦးရေထူထပ်ပြီး နေ့စဉ်လူတို့ အသုံးပြုလျက်ရှိသော အမှိုက်တန်ချိန် ၁၅၀ ခန့် ထွက်ရှိလျက်ရှိသဖြင့် ခေတ်မီနည်းပညာဖြင့် ချေဖျက်သည့်စနစ်ကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန်အတွက် ဇူလိုင်လအတွင်း ဂျပန်နိုင်ငံမှ ဖူဂျီတကုမ္ပဏီမှ လာရောက် ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၏ ပြောကြားချက်အရ သိရသည်။

 

“”မုံရွာမြို့မှာက တစ်ရက်ကို အမှိုက်တန်ချိန် ၁၅၀ လောက် ထွက်တယ်။ အချိန်ကြာလာတာနဲ့အမျှ အမှိုက်ထားရ မယ့်နေရာ ပြဿနာကပေါ်လာတယ်။ အဲဒီအမှိုက်တွေကို ချေဖျက်ဖို့အတွက် ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်ပြီး တော့ လုပ်ဆောင်နေတယ်။ လာမယ့် ဇူလိုင်လအတွင်းမှာတော့ အမှိုက်စွန့်ပစ်ထားတဲ့ နေရာသုံးနေရာကို အသေးစိတ် သူတို့ကွင်းဆင်းလေ့လာပြီးတော့ လုပ်လို့ရမယ့် အမှိုက်ချေဖျက်နည်းစနစ်တစ်ခုကို အသုံးပြုလုပ်ဆောင်သွားမှာပါဟု ၎င်းကပြောသည်။

 

မုံရွာမြို့တွင် နေ့စဉ်စွန့်ပစ်သည့် မီးဖိုချောင်သုံးအမှိုက် ၇၄ ရာခိုင်နှုန်း၊ ပလတ်စတစ်အမှိုက် ၁၀ ရာခိုင်နှုန်း၊ ပုလင်းခွံ၊ ဘူးခွံအမှိုက် ၁ ရာခိုင်နှုန်းနှင့် ခြံထွက်အမှိုက် ၁၅ ရာခိုင်နှုန်းထွက်ရှိသဖြင့် ယင်းအမှိုက်များကို နေရာသုံးခုခွဲပြီး ပို့ဆောင်စွန့်ပစ်လျက်ရှိရာ နေရာခက်ခဲခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်းကြောင့် ခေတ်မီ အမှိုက်ချေဖျက်နည်းပညာများကို အသုံးပြုရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)