ဂျီနီဗာ၊ မတ် ၃၁
စွန့်ပစ်အမှိုက်ပြဿနာနှင့်ပတ်သက်၍ ဖြေရှင်းရန်အတွက် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရေး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မတ် ၃၀ ရက်တွင် တောင်းဆိုခဲ့သည်။
မတ် ၃၀ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ စွန့်ပစ်အမှိုက်ကင်းစင်ရေးနေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာကြီး၏ အန္တရာယ်ရှိသောအခြေအနေများကို မီးမောင်းထိုးပြခဲ့သည်။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးသည် အမှိုက်ပုံအောက်တွင် နစ်မြုပ်နေပြီဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။
လူသားတို့၏ စားသုံးမှုလွန်ကဲခြင်းနှင့် စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးရမှု၏ ပုံရိပ်ကို ၎င်းကရေးဆွဲပြခဲ့သည်။ နှစ်စဉ်နှစ်တိုင်း မြူနီစီပယ် စွန့်ပစ်အမှိုက်တန်ချိန် နှစ်ဘီလီယံထွက်ရှိပြီး အကျိုးဆက်အနေဖြင့် ကမ္ဘာကြီး၏ ရာသီဥတု၊ ဂေဟစနစ်နှင့် လူသားတို့၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသည်။ အလွန်အကျွံသုံးစွဲမှုများကို ဖြေရှင်းရန် လိုအပ်နေပြီဖြစ်ကြောင်း၊ အလွန်အကျွံ စားသုံးခြင်းတို့ကြောင့် လူသားများ၏ အသက်အန္တရာယ်ဖြစ်ပေါ်စေပြီး ဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းကဆက်ပြောခဲ့သည်။
အဆိုပါပြဿနာကို ဖြေရှင်းရန် ဘက်ပေါင်းစုံမှ ချဉ်းကပ်နည်းကို ကုလသမဂ္ဂထိပ်တန်းအရာရှိက ဖော်ပြခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ၎င်းတို့၏ထုတ်ကုန်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုနည်းစေသည့် ထုပ်ပိုးမှုဖြစ်ရန် ပြန်လည်သုံးသပ်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။
စားသုံးသူများသည်လည်း ၎င်းတို့ ဝယ်ယူလိုက်သည့်ကုန်ပစ္စည်းများနှင့် ထုတ်ကုန်များမှာ ပြန်လည်အသုံးပြု၍ ရနိုင်၊ နိုင်မရနိုင်ကို ပြန်လည်စဉ်းစားသင့်သည်ဟု ပြောသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၇၇) ကြိမ်မြောက် အစည်းအဝေးတွင် မတ် ၃၀ ရက်ကို အပြည်ပြည်ဆိုင်ရာ စွန့်ပစ်အမှိုက်ကင်းစင်ရေးနေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ချက်တစ်ရပ် အတည်ပြုချထားခဲ့သည်။
ဆင်ဟွာ