စံပြပြည်သူ့ကျန်းမာရေးစောင့်ရှောက်ကူညီပေး

နေပြည်တော် ၂ နိုဝင်ဘာ

 

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား မြန်မာနိုင်ငံတွင် စံပြဆေးရုံကြီးတစ်ခုဖြစ်စေ ရေးအတွက် တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်း စီမံကိန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းစီမံကိန်းများကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် လွှတ်တော်မှ အတည်ပြုဆုံးဖြတ်ပေးခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်ကို မြင်တွေ့ရသဖြင့် အထူးဝမ်းမြောက်ဖွယ် ဖြစ်ပေသည်။

 

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် လာမည့်နှစ် ၂ဝ၁၉ ခုနှစ်တွင် သက်တမ်း ၁၂ဝ ပြည့်မြောက်ပြီဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် ပြည်သူ့ အကျိုးပြုဆေးရုံကြီးဖြစ်ပြီး ခေတ်အဆက်ဆက် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူများ၏ အသက်ပေါင်းများစွာတို့ကို ကယ်တင်စောင့်ရှောက်မှုပေးခဲ့သော ဆေးရုံကြီးဖြစ်၍ ထိုဆေးရုံကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်အဆင့်မြှင့်တင်ဆောင်ရွက် ပေးခြင်းမှာ အထူးသင့်လျော်ကောင်းမွန်ပေသည်။

 

 

ကိုလိုနီခေတ်ကာလက သူနာတန်းဟုခေါ်တွင်သည့် ဆေးရုံအဆောက် အအုံအဖြစ်မှ ယခုလက်ရှိဆေးရုံကြီးနေရာတွင် ၁၈၉၉ ခုနှစ်က ခုတင် ၃၄၂ ဆံ့ ဆေးရုံကြီးအဖြစ် စတင်တည်ဆောက်ခဲ့သည်။ ထို့နောက် ဝိတိုရိယ ခေတ် ဗိသုကာပုံစံသုံးထပ်အဆောက်အအုံကို ပြောင်းလဲတည်ဆောက်ပြီး ၁၉ဝ၅ ခုနှစ် မေလ ၆ ရက်နေ့တွင် ွRangoon General Hospital အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါ ပြန်လည်ပြုပြင် မွမ်းမံ၍ ခုတင် ၅၄၆ ဆံ့ ဆေးရုံကြီးဖြစ်လာကာ ၁၉၆၄ ခုနှစ်တွင် အထူး ရောဂါကုသဆောင်သစ်များ ထပ်မံတိုးချဲ့ပြီး ခုတင် ၁၅ဝဝ ဆံ့ ဆေးရုံကြီး ဖြစ်လာခဲ့သည်။

 

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ယခုအခါ အဘက်ဘက်က အဆင့် မြှင့်တင် တိုးချဲ့ပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၃ ခုနှစ်တွင် ပြင်ပ လူနာလာရောက်ပြသမှု နှစ်သိန်းခွဲခန့်ရှိရာမှ ၂ဝ၁၇ ခုနှစ်တွင် ပြင်ပလူနာ လေးသိန်းခွဲခန့်လာရောက်ပြီး လူနာနှစ်ဆမျှ များပြားလာသည်။ ၂ဝ၁၇ ခုနှစ်တွင် အတွင်းလူနာ ကိုးသောင်းခန့်၊ ခွဲစိတ်ကုသလူနာ ၂၃ဝဝဝ ကျော် တက်ရောက်ကုသမှုခံယူခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် နှစ်ပေါင်း တစ်ရာကျော် ပြည်သူများ၏ အသက်ခန္ဓာနှင့် ကျန်းမာရေးကုသစောင့်ရှောက်ပေးမှုများကို တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိရာ ယခုအခါ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အအုံတစ်ခု အဖြစ် သတ်မှတ်ခြင်းခံထားရပေသည်။

 

 

လူတစ်ဦးတစ်ယောက်သည် ဆေးရုံမတက်ရဘဲ ကျန်းမာစွာနေထိုင် နိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။ ဆေးရုံဟူသည် ပြည်သူများ နာမကျန်းဖြစ်ပွားမှု နည်းပါးနိုင်သမျှ နည်းပါးစေရန်နှင့် ဆေးရုံတက်ရောက် ရသည့်အခြေအနေအထိ မဖြစ်ပွားစေရန်အတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို အခြေခံမှစ၍ ဂရုစိုက်ပြီးအလေးထားဆောင်ရွက်ပေးနေ ခြင်းဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှုနှင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး တိုးချဲ့မွမ်းမံပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက် နေသော တာဝန်ရှိသူများ၊ ဆရာကြီးများ၊ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြသော ပညာရှင်များ စွမ်းဆောင်မှုများကြောင့် ပြည်သူများအားကိုးအားထားအပြု ရဆုံး ဆေးရုံကြီးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

 

 

သို့ဖြစ်ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို စံပြဆေးရုံကြီးအဖြစ် ပြုပြင် မွမ်းမံထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့မှုများကို ဥပမာထား၍ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံရေးကို ဆောင်ရွက်ရာတွင် ရေရှည်အမြင်ဖြင့် အဘက်ဘက်မှ စဉ်းစားသုံးသပ်ကာ ပြည်သူ့အကျိုးကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။

 

 

ကြေးမုံ