COVID-19 ကာလအတွင်း စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ မေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်

ကျောင်းကုန်း ၂၆ ဇူလိုင်

 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်ဒေသရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ကိုင်သူများအား COVID-19 ကာလအတွင်း စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ဖွင့်လှစ်သော မေထုန်မဲ့သားစပ်သင်တန်းကို ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

 

ကျောင်းကုန်းမြို့နယ်အတွင်း (CERP) အရ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ မေထုန်မဲ့သားစပ်သင်တန်း၊ ကျွဲ၊ နွား မွေးမြူထုတ်လုပ်သင်တန်း၊ ဝက်မွေးမြူထုတ်လုပ်သင်တန်းနှင့် ကြက်မွေးမြူထုတ်လုပ်သင်တန်း စသည့်သင်တန်း (၅)မျိုးကို တစ်ကြိမ်လျှင်(၂၀)ဦးစီဖြင့် (၁၂)ကြိမ် ကျေးရွာအရောက် လိုက်လံပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်မွေး/ကုဦးစီးမှူး ဒေါက်တာ ကြည်ကြည်မြင့်ထံက သိရသည်။

 

ကျေးလက်ဒေသ တစ်ပိုင်တစ်နိုင်မွေးမြူရေး လုပ်ကိုင်သူများ စနစ်တကျမွေးမြူတတ်စေရန်နှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်တတ်စေရန်၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုလို သင်တန်းပို့ချပေးရခြင်း ဖြစ်ကြောင်းနှင့် သင်တန်းတစ်ကြိမ်ဖွင့်လျှင် (၃)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းသို့ မွေးမြူရေးနှင့်ကုသရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်အောင်၊ တိုင်းဒေသကြီး မွေး/ကုဦးစီးမှူး ဒေါက်တာ မိုးမိုးခိုင်တို့က သင်တန်းသို့ လာရောက်အားပေးကြည့်ရှုပြီး မွေး/ကု ဦးစီးမှူးရုံး၌ စိုက်ပျိုးထားသော နေဗီယာမြက်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)