COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများအား ကုစားခြင်း

အောင်နိုင်ဦး (မန္တလေး)

 

COVID-19 နဲ့ ကမ္ဘာ့စီးပွားရေး

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ကူးစက်ရောဂါဆိုးကြီးဟာ နောက်ပိုင်း COVID-19 လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ်ရောက်ရှိခဲ့ပါတယ်။ ကပ်ရောဂါကြီးကြောင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေ များစွာဖြစ်ပေါ်ခဲ့သလို ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ကမ္ဘာ့စီးပွားရေးကိုလည်း ထင်မှတ် မထားတဲ့ အခြေအနေအထိ ကျဆင်းသွားစေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှုအခြေအနေ ကလည်း ၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သလို ကမ္ဘာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေကလည်း ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ထိခိုက်မှုနဲ့အတူ အာဆီယံရဲ့ စီးပွားရေးဟာလည်း ကြီးမားတဲ့ ထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်းမှာ အာဆီယံရဲ့ ကုန်သွယ်မှုက ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၃၂ ဒသမ ၉ ရာခိုင်နှုန်း၊ ပြည်ပခရီးသွားဝင်ရောက်မှုက ၇၁ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ကမ္ဘာ့ စီးပွားရေးထိခိုက်မှု၊ အာဆီယံစီးပွားရေး ထိခိုက်မှုနဲ့အတူ မြန်မာပြည်ရဲ့ စီးပွားရေးမှာလည်း ကဏ္ဍအသီးသီးအပေါ် ထိခိုက်မှုတွေ ကြီးမားခဲ့ပါတယ်။

 

အစိုးရရဲ့အပြင်အဆင်

နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ကြောင့် နိုင်ငံအသီးသီးရဲ့ ကျန်းမာရေးနဲ့ စီးပွားရေးထိခိုက်မှု တွေ စတင်ပေါ်ပေါက်လာချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု မရှိသေးသော်ငြားလည်း စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေ ပေါ်ပေါက်နိုင်တဲ့ အလားအလာတွေကို ကြိုတင်ခန့်မှန်းသုံးသပ်ခဲ့ ပါတယ်။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့ မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်ပြီး နိုင်ငံတော်ရဲ့ စီးပွားရေးမှာ အရေးပါတဲ့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ပြည်ထောင်စုဝန်ကြီး များ၊ အကြီးအကဲများ၊ ဆက်စပ်တဲ့ ဌာနဆိုင်ရာ အရာရှိ ကြီးများ ပါဝင်တဲ့ “COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ”ကို အချိန်မီ ဖွဲ့စည်းခဲ့ပါတယ်။ လုပ်ငန်းကော်မတီဟာ COVID-19 ကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ ထိခိုက်မှုတွေကို ကြိုတင်ကာကွယ်ဖို့၊ ထိခိုက်မှု လျော့နည်းသက်သာစေဖို့၊ ပြန်လည်ကုစားနိုင်ဖို့ စတင်ပြင်ဆင်ခဲ့ပါတယ်။ လုပ်ငန်းကော်မတီရဲ့ ပထမဆုံး အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၄ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှု တွေနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းဆိုင်ရာ အပြင်အဆင် တွေကို စတင်စီမံဆောင်ရွက်ခဲ့ပါတယ်။

 

အစီအမံများ

လုပ်ငန်းကော်မတီဟာ ချက်ချင်းအရေးယူ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကာလတိုအတွင်း ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနဲ့ စီးပွားရေး သက်ရောက်မှုတွေကို ကုစားနိုင်ဖို့ မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့်ကိစ္စရပ်များ ခွဲခြားသတ်မှတ်ပြီး လုပ်ငန်းအစီအမံများ ချမှတ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှာ ကုန်ကြမ်းပစ္စည်းရရှိဖို့ အခက်အခဲ ပေါ်နေတဲ့ အထည်ချုပ်စက်ရုံတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ မြန်မြန်နဲ့များများ သယ်ယူနိုင် ရေးအတွက် စီမံဆောင်ရွက်မှုနဲ့ လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို စတင်ခဲ့ပါတယ်။

ဆက်လက်ပြီး ကာလတို ကုစားမှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဘဏ္ဍာရေးဆိုင်ရာ လှုံ့ဆော်မှု (Fiscal Stimulus) အစီအမံတွေကို ဆောင်ရွက်ခဲ့ရာမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဝင်ငွေခွန်နှင့် ပတ်သက်ပြီး သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန် များကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရွှေ့ဆိုင်းပေး ခဲ့ခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း လစဉ် ပေးဆောင် ရမည့်အစား စက်တင်ဘာလ ၃၀ ရက်နေ့မှသာ ပေးဆောင်ဖို့ ရွှေ့ဆိုင်းပေးခဲ့ခြင်း၊ ပို့ကုန်တင်ပို့ခြင်း အပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံခြင်း ကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုခဲ့ ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ အခွန်ပေးဆောင်ရ မည့်ရက်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကြေညာချက်ထပ်မံထုတ်ပြန်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိ ကာလတိုးမြှင့်ရွှေ့ဆိုင်းပေးခဲ့ ပါတယ်။

 

ငွေကြေးဆိုင်ရာ လှုံ့ဆော်မှု (Monetary Stimulus) အစီအမံအနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတိုးနှုန်း (Bank Rate) ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်နေ့ကစပြီး ၁၀ ရာခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ မတ်လ ၂၄ ရက်နေ့မှာ ၈ ဒသမ ၅ ရာခိုင်နှုန်းသို့လည်း ကောင်း၊ ထပ်မံပြီး ဧပြီလ ၂၇ ရက်နေ့မှာ ခုနစ်ရာခိုင်နှုန်းသို့ လည်းကောင်း လျှော့ချပေးခဲ့တဲ့အပြင် ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။ ဧပြီလ ၉ ရက်နေ့မှာ ပုဂ္ဂလိကဘဏ် များအနေနဲ့ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်ကို ဘဏ်နှင့်ဆက်သွယ်သူများ (Customers) အပ်ငွေစုစုပေါင်း၏ ငါးရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြင်ဆင်လျှော့ချပြီး ဖြေလျှော့ပေးခဲ့ ပါတယ်။

 

၂၀၂၀ ပြည့်နှစ် မတ်လဒုတိယလဝက်မှာ မြန်မာနိုင်ငံ အတွင်း COVID-19 ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု တွေဟာ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် အထည်ချုပ် (CMP) လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှု စတင်ဖြစ်ပေါ်လာခဲ့တဲ့အတွက် အဆိုပါလုပ်ငန်းတွေကို ထောက်မပေးနိုင်ဖို့ ကျပ် ဘီလီယံ ၁၀၀ ကို COVID-19 Fund အနေနဲ့ လျာထားပြီး အဆိုပါလုပ်ငန်းတွေကို တစ်နှစ် အတိုးနှုန်း တစ်ရာခိုင်နှုန်းနဲ့ ချေးငွေထုတ်ပေးနိုင်ဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ချေးငွေထုတ်ပေးမှုလုပ်ငန်းတွေ စတင်ဆောင်ရွက်ပေးခဲ့ ပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ်အနေနဲ့ ကျပ် ဘီလီယံ ၁၀၀ ကို ထပ်မံလျာထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ပို့ကုန်လုပ်ငန်း၊ သွင်းကုန်အစားထိုးလုပ်ငန်း၊ ထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည့် ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်း၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း၊ အသက်မွေးပညာသင်လုပ်ငန်းများ စတဲ့ လုပ်ငန်းအသီးသီးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက် နေ့ကစပြီး ချေးငွေထုတ်ပေးနိုင်ဖို့ စီမံဆောင်ရွက်ပေး ခဲ့ပါတယ်။ ထပ်မံပြီး ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာများသို့ ချေးငွေထုတ်ချေးပေးနိုင်ဖို့ ကျပ် ၁၅ ဘီလီယံ ထပ်မံလျာထားပေးခဲ့ပြီး ချေးငွေတွေ ထုတ်ပေး နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။

 

အခြားဆောင်ရွက်ပေးမှုများ

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ COVID-19 အကျပ် အတည်းကာလမှာ ကုန်ကျစရိတ်တွေ သက်သာစေဖို့ ရည်ရွယ်ပြီး ဝန်ကြီးဌာနအသီးသီးကလည်း ၎င်းတို့ ကောက်ခံနေတဲ့ လိုင်စင်ကြေး၊ ဝန်ဆောင်ခစတာတွေကို လျှော့ချ၊ ကင်းလွတ်ပေးခဲ့ကြပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဟိုတယ်လုပ်ငန်း၊ တည်းခို ရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန် လုပ်ငန်းတွေအတွက် လိုင်စင်ကြေးများကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ကာလ အထိ တစ်နှစ်တာကာလအတွက် ကင်းလွတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ၎င်းပုံမှန် ကောက်ခံနေတဲ့ ဝန်ဆောင်ခတွေကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်နေ့မှစ၍ မူလဝန်ဆောင်စရိတ်နှုန်းထား၏ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံပေးခဲ့ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သွင်းကုန် လိုင်စင်ကြေးတွေကို မူလကောက်ခံတဲ့ နှုန်းထားအစား သွင်းကုန်လိုင်စင် တစ်စောင်လျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် လျှော့ချကောက်ခံခဲ့ပြီး ဆေးဝါးများနှင့် ဆေးဝါးများ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၁ ရက်နေ့မှစ၍ သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ပေးခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ လမ်း/တံတားတွေမှာ လမ်းတံတားအသုံးပြုခ ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့ကစပြီး ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံခဲ့ပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာန ကလည်း နိုင်ငံပိုင်လေယာဉ်ကွင်းများမှာ လေကြောင်း လိုင်းများအပေါ် ကောက်ခံတဲ့ ကွင်းအသုံးပြုခ၊ လေယာဉ် ရပ်နားခတွေကိုလည်း ကောက်ခံခြင်းမပြုဘဲ ကင်းလွတ် ပေးခဲ့ပါတယ်။

 

စီးပွားရေးလုပ်ငန်းများအနေနဲ့ COVID-19 ကြောင့် ထိခိုက်မှုတွေ ရှိနေတဲ့ကာလအတွင်း အစိုးရဌာနအသီးသီး နဲ့ ဆက်စပ်ဆောင်ရွက်ရတဲ့ကိစ္စတွေမှာ ပိုမိုလွယ်ကူ ချောမွေ့စေဖို့အတွက်လည်း ဝန်ကြီးဌာနအသီးသီးက ဖြေလျှော့မှုတွေနဲ့ နည်းပညာအသုံးပြုဝန်ဆောင်မှုပေး ခြင်းတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပို့ကုန်သွင်းကုန်လိုင်စင်၊ ပါမစ်တွေကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့ကစပြီး Online စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကုန်သွယ် မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ပေါ်ပေါက်လာတတ်တဲ့ အခက်အခဲတွေကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက် ပေးနိုင်ဖို့ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ဌာနများမှ အရာထမ်း များဖြင့် ဖွဲ့စည်းထားသည့် Help Desk ကို ရန်ကုန်မြို့ မှာရှိတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ Myanmar International Trade Center မှာ မတ်လ ၂၄ ရက်နေ့မှစပြီး ရုံးခန်းဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။

 

နိုင်ငံတော်က ဆောင်ရွက်ခဲ့မှုများ

COVID-19 ကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေး သက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ လိုအပ်တဲ့ အစီအမံတွေ ညှိနှိုင်းရေးဆွဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၇ ရက်နေ့မှာ “COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် (COVID-19 Economic Relief Plan-CERP)” ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါစီမံချက်နဲ့အညီ လုပ်ငန်းစဉ်တွေကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

 

COVID-19 နဲ့ပတ်သက်တဲ့ သက်ရောက်မှုတွေကို CERP နဲ့အညီ ကိုင်တွယ်ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံတော် အနေနဲ့ အောက်ပါအတိုင်း ရန်ပုံငွေစိုက်ထုတ်ကျခံ သုံးစွဲခဲ့ပါတယ် -

 

(၁) COVID-19 ရောဂါကာကွယ်ရေး

ကျပ် ၁၂၅၆၁.၁၂၇ သန်း။

 

(၂) COVID-19 ရောဂါကုသရေး

ကျပ် ၃၀၃၀၁၇.၂၃၆ သန်း။

 

(၃) အိမ်ထောင်စုများသို့ ထောက်ပံ့ခြင်းနှင့် အမျိုးသား ဘေးအန္တရာယ်ရန်ပုံငွေ ထောက်ပံ့ခြင်း

ကျပ် ၁၅၀၈၃၇၀.၀၁၁ သန်း။

 

(၄) စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ပေးခြင်း

ကျပ် ၃၉၉၀၀၀.၀၀၀ သန်း။

 

(၅) CERP လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း

ကျပ် ၇၂၈၅၁၅.၂၅၄ သန်း။

 

(၆) ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေး

ခြင်း ကျပ် ၂၀၀.၅၀၀ သန်း။

 

စုစုပေါင်း ကျပ် ၂၉၅၁၆၆၄.၁၂၈ သန်း။

 

COVID-19 ကြောင့် ဖြစ်ပေါ်တဲ့ သက်ရောက်မှု တွေကို ကုစားနိုင်ဖို့ နိုင်ငံတော်အစိုးရရဲ့ စိုက်ထုတ်ကျခံ သုံးစွဲမှုဟာ ကျပ်ဘီလီယံ ၃၀၀၀ နီးပါးရှိခဲ့ပြီး အခြား လျှော့ပေါ့ သက်သာပေးမှုတွေကိုပါ ထည့်သွင်းတွက်ချက် လိုက်ရင် ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး စုစုပေါင်း (GDP) ရဲ့ လေးရာခိုင်နှုန်းခန့် ကျခံသုံးစွဲခဲ့တာ ကို တွေ့ရမှာဖြစ်ပါတယ်။

 

အနာဂတ်စီးပွားရေး ခန့်မှန်းချက်များ

COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း ထိခိုက်မှုရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်လာဖို့ အခြေအနေအပေါ် အများစုမှန်းဆချက်တွေက ရောဂါ ကာကွယ်ကုသဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် သုံးစွဲနိုင်မှုအပေါ်မှာ မူတည်တယ်လို့ လက်ခံထားကြပါ တယ်။ UNCTAD ရဲ့ ခန့်မှန်းချက်အရ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနဲ့ပတ်သက်ပြီး ၂၀၂၂ ခုနှစ်မှသာ ပြန်လည် တိုးတက်မည့် အလားအလာတွေ့ရတယ်လို့ ဆိုပါတယ်။ COVID-19 မတိုင်မီကတည်းက ပေါ်ပေါက်နေခဲ့တဲ့ ကုန်သွယ်ရေးတင်းမာမှုအခြေအနေတွေရယ်၊ COVID- 19 ကြောင့် ထိခိုက်မှုတွေရယ်ကြောင့် ကမ္ဘာ့ကုန်သွယ် ရေးအခြေအနေကလည်း ပြန်လည်ဦးမော့လာဖို့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုနဲ့ အကျပ်အတည်းတွေအကြား မိမိတို့နိုင်ငံ အနေနဲ့ COVID-19 ကြောင့် ပေါ်ပေါက်နေတဲ့ သက်ရောက်မှုတွေအပေါ် နိုင်ငံတော်အစိုးရနဲ့ ပြည်သူ အားလုံး လက်တွဲညီညီ ကြံ့ကြံ့ခံပူးပေါင်းဆောင်ရွက် သွားဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။