COVID-19 ကြောင့် လတ်တလော ကြုံတွေ့နေရသော အခက်အခဲ၊ ပြဿနာများကို ရင်ဆိုင်ကျော်လွှားရန် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် သုံးဦးသုံးဖလှယ် မကြာခဏ တွေ့ဆုံဆွေးနွေး အဖြေရှာမည်

ရန်ကုန် ၅ မတ်

COVID-19 ကြောင့် လတ်တလော ကြုံတွေ့နေရသော အခက်အခဲ၊ ပြဿနာများကို ရင်ဆိုင်ကျော်လွှားရန် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် သုံးဦးသုံးဖလှယ် မကြာခဏ တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း မတ် ၅ ရက်က ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် COVID-19 ၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ၊ နောက်ဆက်တွဲကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာကုန်သည်ကြီးများအသင်း၊ စီးပွားရေးအသင်းများအပါအဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သဘောတူညီခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သမားဘက်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ်၊ တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အလုပ်ရှင်ဘက်မှ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာကုန်သည်ကြီးများအသင်းမှ လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးခဲ့သည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ပလုပ်ငန်းရှင်များဘက်မှ  COVID-19 နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရတွင် လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက်များ ချမှတ်ဆောင်ရွက်နေမှုများကို သိရှိလိုကြောင်း၊ မိမိတို့နိုင်ငံ၏ အတွေ့အကြုံများနှင့် ဆောင်ရွက်ထားရှိမှုများကို သတင်းဖလှယ်လိုကြောင်း၊ ကမ္ဘာနှင့်ချီသော ပြဿနာဖြစ်၍ တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ Personal Hygiene၊ Travelling Policy စသည်တို့ကို လုပ်ငန်းခွင်တွင်သာမက လူမှုပတ်ဝန်းကျင်တစ်ခုလုံးကိုပါ သိရှိစေရန် ဆောင်ရွက်ထားသင့်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ၎င်းတို့၏ Website ရှိ COVID-19 နှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များနှင့် နိုင်ငံတကာမှသိရှိစေရန် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်မှုများ ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

 

အစိုးရဘက်မှလည်း COVID-19 ၏ နောက်ဆုံးရအခြေအနေများကို ရှင်းလင်း၍ ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများရှင်းပြခဲ့ပြီး အနာဂတ်တွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းပြဆွေးနွေးခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ယခုလက်ရှိတွင် COVID-19 ရောဂါ ကူးစက်ခံရမှု တစ်ဦးတစ်ယောက်မှ မရှိသေးကြောင်းကို အတိအလင်းပြောကြားပြီး သတင်းအချက်အလက်များကို ဖုံးကွယ်မှုမရှိဘဲ အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့ပြင် အလုပ်ရှင်များဘက်မှလည်း အလုပ်သမားများအား  အကာအကွယ်ပေးရမည့်ဆိုသည့် တာဝန်ရှိမှုကိုသိရှိပြီး ၎င်းတို့ တာဝန်ယူဆောင်ရွက်ရာတွင် အစိုးရနှင့် အလုပ်သမားသမဂ္ဂများမှ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များမှာ COVID-19 ၏ ဂယက်ရိုက်မှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဆိုးကျိုးများကို ရင်ဆိုင်နေရကြောင်း၊ ဤအကြပ်အတည်းကာလတွင် ယခုကဲ့သို့ လူမှုစီးပွားရေးဒုက္ခများကို ကျော်လွှားရန် ကြိုတင်ပြင်ဆင်မှု အခြေအနေများကို သုံးပွင့်ဆိုင်ပြီး ညီညီညွတ်ညွတ်ဖြင့် အတူအကွ ပြင်ဆင်ထားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

 

လက်ရှိ COVID-19 ကြောင့် အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းရရှိမှုအပိုင်းတွင် ဧပြီလကုန်အထိကို စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း၊ အဆိုပါ COVID-19 ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ရာတွင် တိုးတက်ပြောင်းလဲမှုမရှိပါက လာမည့် မေ၊ ဇွန်၊ ဇူလိုင်တို့တွင် ဆက်လက်အကျိုးသက်ရောက်လာနိုင်၍ ကြိုတင်ပြင်ဆင်ရန်လိုကြောင်း ပါဝင်ဆွေးနွေးခဲ့သူ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

 

"ဒီ COVID-19 ရဲ့ ဂယက်ရိုက်မှုကြောင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ မလိုအပ်တဲ့ သက်ရောက်မှုတွေကို ရင်ဆိုင်နေရတဲ့အကြောင်းပေါ့နော်၊ အကြပ်အတည်းကာလမှာ ဒီလို လူမှုစီးပွားရေး ဒုက္ခတွေ ကျော်လွှားဖို့အတွက် ကြိုတင်ပြင်ဆင်မှုအခြေအနေတွေကို သုံးပွင့်ဆိုင်ကနေ ညီညီညွှတ်ညွှတ်နဲ့ အတူတကွ ပြင်ဆင်ထားဖို့ လိုအပ်ကြောင်းလည်း ကျွန်မတို့ ဆွေးနွေးကြပါတယ်"ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

 

လက်ရှိ COVID-19 ကြောင့် အထည်ချုပ်လုပ်ငန်းများသာမက SME လုပ်ငန်းများ၊ Tourism လုပ်ငန်းများ၊ သစ်သီးဝလံလုပ်ငန်းများ ထိခိုက်မှုရှိပြီး နောက်ဆက်တွဲအနေဖြင့် လုပ်ငန်းအသေးများတွင်ပါ သက်ရောက်မှု ခံစားနေရကြောင်း သိရသည်။

ငြိမ်းငြိမ်း