COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၉/၂၀၂၀) ကျင်းပ

နေပြည်တော် ၄ မတ်

 

 

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၉/၂၀၂၀) ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

 

 

အစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ မတွေ့ရှိရသေးသည့် အချက်ကိုကြည့်၍ ကျေနပ်နေ၍ မရပါကြောင်း၊ အခြားနိုင်ငံများ၌ အချိန်တိုအတွင်း များပြားစွာ ဖြစ်ပွားနေသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်နေသော ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်လုံးဝမလျှော့ဘဲ အရှိန်အဟုန်ကို ပို၍ပင်တိုးမြှင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း COVID-19 ရောဂါသံသယလက္ခဏာ ရှိသောသူများအား ရှာဖွေဖော်ထုတ်၍ ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ရုတ်တရက်ဖြစ် ပွားလာနိုင်သည်ဟူသော ခံယူချက်ကို နောက်ခံထား၍ မိမိတို့၏ ဆေးရုံများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအတွက် ပထမဦးစားပေးအနေဖြင့်  လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ ဝယ်ယူမှုနှင့် လှူဒါန်းမှုများမှ ရရှိသောအသက်ရှူစက်များ၊ တစ်ကိုယ်ရည်သုံးရောဂါ ကာကွယ်ရေးဝတ်စုံများ စသည်တို့ကို အရေးကြီးသည့် ဆေးရုံများသို့ လိုအပ်ချက်နှင့်အညီ အမြန်ဆုံးဖြန့်ဝေလျက် ရှိပါကြောင်း။

 

 

ယခု COVID-19 ရောဂါ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေမှု သတင်းအချက်အလက်များကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒရှုထောင့်တို့မှ သုံးသပ်ပြီး ဝန်ကြီးဌာနမှ ရေးဆွဲထားသော COVID-19 ရောဂါဖြစ်ပွားခြင်း ကာကွယ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက် ကိုသာမက အခြားဘေး အန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်များကို ဆန်းစစ်သုံးသပ်မှုများ အမြန်ဆုံးပြုလုပ်ကာ လိုအပ်သည်များကို ပြန်လည်ပြုပြင်မွမ်းမံရေးဆွဲရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းပါဝင်မှု အခြေအနေများသည် ကောင်းမွန်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဆောင်ရွက်ချက်များကို သတင်းမပြတ် ရရှိလျက်ရှိပါကြောင်း။

 

 

ညွှန်းပို့ဆေးရုံကြီးများအတွက် လိုအပ်သည့် ပြင်ဆင်ထားရှိမှုများ လုပ်ဆောင်ထားရှိသကဲ့သို့ အခြားသော တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများအတွက် လိုအပ်သည့်ပြင်ဆင်မှုများအား ဗဟိုအဆင့် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဆေးရုံအုပ်ကြီးများ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်တွင် ရရှိသောလူအင်အား၊ ဘဏ္ဍာငွေနှင့် ဆေးဝါးပစ္စည်းကိရိယာ များကိုအသုံးချကာ ပြည်သူများရောဂါ မဖြစ်ပွားစေရေးအတွက် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဗဟိုအဆင့်တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအကြား တယ်လီဖုန်းနှင့် အင်တာနက်ဆက်သွယ်မှု လမ်းကြောင်းများအသုံးပြုကာ tele/ video conferencing များဖြင့် ဆက်သွယ်ဆွေးနွေးမှုများ ပုံမှန်ပြုလုပ်နေခြင်းသည် ဤရောဂါကာကွယ်ထိန်းချုပ်မှုအတွက် အလွန်အရေးကြီးပြီး ထိရောက်သည့် ဆောင်ရွက်မှု တစ်ရပ်ဖြစ်ပါကြောင်း။

 

 

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးများ၊ နှီးနွှယ်ဌာနများ၊ နိုင်ငံတကာ/ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု လက်ရှိ အခြေအနေများအား ပိုမိုထိရောက်ကောင်းမွန်စေရန်အတွက် ဗဟိုအဆင့်၌ နေ့စဉ်အစည်းအဝေး ပြုလုပ်နေသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၌ ရက်သတ္တပတ် (၁)ပတ်လျှင် (၂)ကြိမ် ခန့်ပြုလုပ်စေလိုပါကြောင်း၊ ဆုံးဖြတ်ချက်၊ အကြံပြုချက်များကိုလည်း ဗဟိုသို့ အချိန်နှင့် တစ်ပြေးညီပေးပို့စေလိုပါကြောင်း၊ ယခုအချိန်၌ လူစုလူဝေးများပြားသော ပွဲလမ်းသဘင်များကို တတ်နိုင်သမျှမပြုလုပ်ရန်နှင့် မလွှဲမရှောင်သာပြုလုပ်ရပါကလည်း ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ကိစ္စရပ်များအားလည်း ထည့်သွင်းစဉ်းစား ချင့်ချိန်ရမည်ဖြစ်ပါကြောင်း၊ အကယ်၍ လူစုလူဝေးပွဲလမ်းသဘင်များသည် ကောင်းကျိုးသက်ရောက်မှုရှိပြီး  မဖြစ်မနေကျင်းပရမည်ဆို ပါကလည်း လူဉီးရေ တတ်နိုင်သမျှအနည်းဆုံးဖြင့်သာ ကျင်းပပြုလုပ်သွားရန်နှင့် ပွဲလမ်းသဘင်များ ကျင်းပမည်ဆိုပါကလည်း COVID-19 ရောဂါ ပညာပေးအချက်အလက်များနှင့် ပြည်သူလူထုအနေဖြင့် လိုက်နာဆောင်ရွက်ရန်များကို ပွဲမစမီ (၅) မိနစ်ခန့် အချိန်ယူ၍ ပြောကြားရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ညှိနှိုင်းပြင်ဆင် ဆောင်ရွက်စေလိုကြောင်း။

 

 

ပြည်သူများအနေဖြင့်လည်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတစ်မျိုးမျိုးဖြစ်ပွားနေပါက လူစုလူဝေးနေရာများ၊ ပွဲလမ်းသဘင်များသို့ သွားလာခြင်းမှ လုံးဝရှောင်ကြဉ်ကြရန်မှာ အရေးကြီးပါကြောင်း၊ လက်ကို စနစ်တကျပုံမှန်ဆေးကြောခြင်း၊ အရက် ပြန်ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုဆေးကြောခြင်း၊ ချောင်းဆိုးနှာချေပါက ဖုံးအုပ်ခြင်း၊ ချောင်းဆိုးနှာချေနေမကောင်းပါက ခွဲစိတ်ခန်းသုံးပါးစပ်နှာခေါင်းစည်း စနစ်တကျ အသုံးပြုခြင်းတို့သည် ဤရောဂါကာကွယ်မှုအတွက် အလွန်ထိရောက်သည့်အတွက် ၎င်းအချက်များအား အရေးထားပြီး ဆောင်ရွက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုများသည် ကောင်းမွန်ပါကြောင်း၊ ဆက်လက်၍လည်း ပိုမို၍ ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒရှုထောင့်တို့မှအပြင် လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေး စသည့် ရှုထောင့်စုံမှစဉ်းစားကာ ပြည်သူများအတွက် အကျိုးရှိမည့်ဆုံးဖြတ်ချက်များ ဆက်လက်ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

 

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များ၊ ညွှန်းပို့ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုလူနာများ၊ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူများ၏ ကျန်းမာရေးအခြေအနေများ၊ မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပရာနေရာသို့ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ)၊ ညွှန်ကြားရေးမှူး (တာဝန်) (ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ) နှင့် တာဝန်ရှိသူများ ကွင်းဆင်းသွားရောက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒရှုထောင့်များမှ ဆန်းစစ်သုံးသပ်မှုများ ဆောင်ရွက်နေမှု အခြေအနေနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းအားဖြည့် ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ညွှန်းပို့ဆေးရုံကြီးများနှင့် အခြားသော ဆေးရုံကြီးများရှိ စောင့်ကြည့်လူနာများ၏ အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊ ဓာတ်ခွဲနမူနာ စစ်ဆေးထားရှိသည့်အခြေအနေများ၊ Quarantine လုပ်ငန်းများအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြု၊ အခြေခံ ဝန်ထမ်းအင်အား ပြင်ဆင်ထားရှိမှုအခြေအနေများ၊ COVID-19 ရောဂါဖြစ်ပွား/ သေဆုံးမှု မြင့်တက်နေသည့်နိုင်ငံများမှ ပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများကို လိုအပ်ပါက Quarantine (၁၄) ရက် ထားရှိနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ COVID-19 ရောဂါဖြစ်ပွားသူများ တွေ့ရှိလာပါက ဆေးရုံများ၌ ကာကွယ်ကုသမှုအထောက်အကူပြု လုပ်ငန်းများတွင် ရောဂါပိုးကူးစက်မှုမရှိစေဘဲ စနစ်တကျ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင်များနှင့် လူမှုရေး၊ ပရဟိတအသင်းများမှ တာဝန်ရှိသူများကို လေ့ကျင့်သင်တန်းပေးမှုများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဆောင်ရွက်သွားရန် ကိစ္စရပ်၊ ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများအတွက် ထပ်မံလိုအပ်မည့် ဆေးပစ္စည်းကိရိယာများ စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။

 

 

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး(ကုသရေး)၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health ၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

 

သတင်းစဉ်