COVID-19 ထိန်းချုပ်ကုသကာကွယ်ရေးအတွက် ဆေးရုံသုံးပစ္စည်းများအား Sembcorp Myingyan Power Co., Ltd. မှ ပေးအပ်လှူဒါန်း

မြင်းခြံ  ၁၁ ဧပြီ 

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် COVID-19 ထိန်းချုပ်ကုသကာကွယ်ရေးအတွက် ဆေးရုံသုံးပစ္စည်းများကို ယနေ့တွင် Sembcorp Myingyan Power Co., Ltd. မှ မြို့နယ် COVID-19 ထိန်းချုပ်ကုသကာကွယ်ရေးကော်မတီနှင့် မြို့နယ် ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

မြင်းခြံမြို့နယ် COVID-19 ထိန်းချုပ်ကုသကာကွယ်ရေးကော်မတီသို့ PPE ဝတ်စုံ ၁၀ စုံ၊ အပူချိန်တိုင်း ကိရိယာ ၈ ခု၊ 6.5 Surgical Glove အစုံ ၇၀၀၊ 7 Surgical Glove အစုံ ၇၀၀ နှင့် Surgical Mask ၃၀၀ ခု စုစုပေါင်း တန်ဖိုးငွေကျပ် ၂၅၃၀၀၀၀ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းတွင် Sembcorp Myingyan Power Co., Ltd. မှ ပေးအပ်လှူဒါန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ခရိုင်ပြည်သူ့ကျန်မာရေး ဦးစီးမှူး ဒေါက်တာ အုပ်စိုးတို့မှ လက်ခံရယူခဲ့ကြသည်။

 

ထို့နောက် မြင်းခြံ ပြည်သူ့ဆေးရုံကြီးသို့  Syringe Pump ၁ လုံး၊ Infusion Pump ၁ လုံး၊ 30 KVA Generator ၁ လုံး၊ PPE ဝတ်စုံ ၂၀ စုံ၊ Oxygen Concentrator ၁ လုံး စုစုပေါင်း တန်ဖိုးငွေကျပ် (၁၁၈၁၆၁၀၀) ဖိုးကို မြင်းခြံပြည်သူ့ဆေးရုံကြီးရုံးခန်းတွင် Sembcorp Myingyan Power Co;Ltd. မှ ပေးအပ်လှူဒါန်းခဲ့ရာ မြင်းခြံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ထွန်းဝင်းက လက်ခံရယူခဲ့ပြီး ယခုလိုလှူဒါန်းသည့်အတွက် Sembcorp Myingyan Power Co;Ltd. အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

မြင်းခြံမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ မြင်းခြံမြို့ဝင်ဂိတ် ၄ ဂိတ်လုံးတွင် ၂၄ နာရီ အချိန်ပြည့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုဆေးကြော စေခြင်း၊ အလိုအလျောက် ပိုးသတ်ဆေးဖျန်းစက်ဖြင့် ပိုးသတ်ဆေးဖျန်းစေခြင်း၊ ခရီးသွားပြည်သူများ၏ ခရီးသွားမှတ်တမ်းများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားကြောင်း သိရှိရသည်။

 

ကိုကျော်စွာ(ပြန်/ဆက်)