စပါးအသင်းကို အိမ်ကွင်းမှာပင် ရှုံးနိမ့်ခဲ့ပြီးနောက် ခရစ္စမတ်ကာလမတိုင်မီ ထုတ်ပယ်ခံရမည့် နည်းပြအဖြစ် ဆိုးရှားရေပန်းစားလာ ပိုကောင်းသည့် အနေအထားဖြင့် မန်ယူအသင်း ပြန်လာမည်ဟု ရက်ရှ်ဖို့ဒ်   ကတိပြု

၅   အောက်တိုဘာ

မန်ယူအသင်းက  အိမ်ကွင်းမှာပဲ စပါးအသင်းကို ခြောက်ဂိုး-တစ်ဂိုးနဲ့  ရှုံးနိမ့်ခဲ့ပြီးနောက်  မန်ယူနည်းပြ ဆိုးရှားဟာ ခရစ္စမတ်ကာလမတိုင်မီ ထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ၁၃ လေး ၈ လေးနဲ့ ဖူလ်ဟမ်နည်းပြ စကော့ပါကားနောက် ဒုတိယရေပန်းအစားဆုံး နေရာကို ရောက်လာပါတယ်။

 

မန်ယူအသင်းက ယခုနှစ်ဘောလုံးရာသီ ပရီမီယာလိဂ် သုံးပွဲကစားပြီးချိန်မှာ ရှုံးပွဲနှစ်ပွဲနဲ့အတူ ပေးဂိုးကလည်း ၁၁ ဂိုးအထိ ရှိခဲ့ပါတယ်။နိုင်ပွဲရခဲ့တဲ့ တစ်ခုတည်းသောပွဲစဉ်မှာလည်း  ဘရိုက်တန်ကို ပင်နယ်တီဂိုးနဲ့သာ အနိုင်ရခဲ့တာဖြစ်လို့ မန်ယူရဲ့ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းနှစ်ရပ်စလုံးဟာ အားရစရာ အနေအထားမှာ ရှိမနေခဲ့ပါဘူး။ 

 

ဆိုးရှားက  စပါးကို အခုလို အရှက်တကွဲ ရှုံးနိမ့်မှုအတွက် သူသာ တာဝန်အရှိဆုံးဖြစ်ကြောင်း ဆိုခဲ့ပေမယ့် မာတီယဲလ်ကို အနီကဒ် ပြသခံရပြီးနောက်မှာတော့ အခြေအနေတစ်ရပ်လုံး ပြောင်းလဲသွားခဲ့ရတယ်လို့ ဆိုပါတယ်။ မန်ယူနောက်ခံလူ လုခ်ရှောက မာတီယဲလ် ထုတ်ပယ်ခံလိုက်ရတဲ့ ပွဲချိန် ၂၈ မိနစ်နောက်ပိုင်း  ပြိုင်ဘက်အသင်းကို အရှုံးပေးခဲ့ရတာဖြစ်ကြောင်း ဆိုခဲ့ပေမယ့်   ဒီလိုတစ်ယောက်လျော့ အနေအထားမဖြစ်ခင်ကတည်းကိုက  စပါးက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရနေခဲ့တာ ဖြစ်ပါတယ်။

 

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့  ယခုလို ရှုံးနိမ့်မှုအတွက် ဆင်ခြေပေးစရာ အကြောင်းမရှိဘဲ  ကြီးမားတဲ့ပေးဆပ်မှုနဲ့အတူ ပိုကောင်းတဲ့ အနေအထားနဲ့ မန်ယူအသင်း ပြန်လာမှာဖြစ်ကြောင်း ပရိသတ်တွေကို ကတိပြုပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပရီမီယာလိဂ်ပြိုင်ပွဲမှာ  နိုင်ပွဲတစ်ပွဲ၊ ရှုံးပွဲ နှစ်ပွဲ၊  ရဂိုး ငါးဂိုး၊ ပေးဂိုး ၁၁ ဂိုးနဲ့အတူ အမှတ်ပေးဇယား အဆင့် (၁၆)နေရာမှာ ရောက်ရှိနေပါတယ်။

မေလဲ့သင်း