“စပျစ်ကို နေရာမရွေး၊ ရာသီဥတုမရွေး စိုက်လို့ရတယ်”

ရမည်းသင်း ၆ ဇွန်

 

မြန်မာနိုင်ငံတွင် စပျစ်သီးအများဆုံး ထွက်သည့်နေရာမှာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဖြစ်သည်။ ရမည်းသင်းတွင် ဧက ရာထောင်ချီစိုက်ပြီး ထွက်လာသော စပျစ်ကို မြို့အများအပြားသို့ တင်ပို့လျက်ရှိသည်။ ဆေးပုလဲကုန်းကျေးရွာမှ ကိုလှိုင်ထွန်း ပြောပြသည့် စပျစ် ထုတ်လုပ်ရောင်းချမှု အခြေအနေများအကြောင်းကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

 

 

မေး။     ။ စပျစ်ကို ဘယ်ဒေသတွေမှာ ဘယ်လို စိုက်ပျိုးနေကြသလဲ။ 

 

ဖြေ။     ။ အပူပိုင်းဒေသဆိုရင် စင်တင်စနစ် အစိုက်များပြီး တောင်ပေါ်ဒေသ၊ အအေးပိုင်း ဒေသတွေမှာ ကြိုးတန်း၊ တိုင်ထောင်စနစ်ကို အစိုက်များပါတယ်။ ခေတ်နဲ့အညီ တိုးတက်လာတဲ့ စိုက်နည်းစနစ်များထဲမှ စိုက်ပျိုးရလွယ်ကူပြီး အသီးအရည်အသွေးကိုတိုးတက် ကောင်းမွန်စေတဲ့ စနစ်ကတော့ Y- Shape စနစ်ပေါ့။ စပျစ်က ရမည်းသင်းတစ်နေရာတည်း စိုက်လို့ရတယ်လို့ တချို့က နားလည်ထားတာ။ တကယ်က စပျစ်ကို နေရာမရွေး၊ ရာသီဥတုမရွေး စိုက်လို့ရတယ်။ စပျစ်ကတော့ စွပ်စိုမှုများတာကို ကြောက်တယ်။ စွတ်စိုမှုများရင် ရောဂါ ကျလွယ်တယ်။ အဲဒီတော့ သီးကိုင်းဖြတ်ပြီး အဖူးထွက်တဲ့အချိန်မှာ ဆေးဝါးနဲ့ ကာကွယ်ရတာ ရှိတယ်။ ဒေသရာသီဥတုနဲ့ကိုက်ညီအောင် သီးကိုင်းကို အချိန်ရွေးပြီး ဖြတ်ပြီးတော့လည်း ကာကွယ်တယ်။ 

 

မေး။     ။ ဘယ်အမျိုးအစားတွေ အစိုက်များသလဲ။ 

 

ဖြေ။     ။ ရာသီဥတုနဲ့လည်းကိုက်ညီ၊  စိုက်ပျိုးလို့လည်း အဆင်ပြေတဲ့ အီတလီ No.3 နဲ့ Black Queen တို့ကတော့ အစိုက်အများဆုံးမျိုးတွေပေါ့။  အဲဒီနောက်မှာမှ Red Global ပေါ့၊ အအေးပိုင်း ဒေသမျိုးဆိုတော့ အပူပိုင်းမှာ တိုက်ရိုက်စိုက်ရင် အဆင်မပြေဘူး။ ရာသီဥတု ခံနိုင်ရည်ရှိတဲ့ အောက်ခံပင်တွေ စိုက်တယ်။ ကိုင်းကူးပြီးစိုက်တော့မှ အဆင်ပြေတယ်။ ဈေးကွက်အကောင်းဆုံး အနေအထားမှာရှိတာ Red Global မျိုးပေါ့။ အခုလို အသီးပေါတဲ့ ရာသီဆိုရင် တစ်ပိသာကို ၃,ဝဝဝ ကနေ ၃,၅ဝဝ လောက်အထိ ရောင်းနေတယ်။  No.3 ဆိုရင်  ၂,ဝဝဝ၊ ၂,၂ဝဝ။ 

 

မေး။      ။ ဘယ်အချိန်ထွက်သလဲ၊ ဘယ်တွေကို ပို့သလဲ။ 

 

ဖြေ။      ။ ဖေဖော်ဝါရီလလောက်ဆိုရင် စပြီးတော့ ထွက်နေပြီ။  အများဆုံးထွက်တာကတော့ မတ်လဆန်းကနေ ဧပြီအထိ။ အဓိကတင်ပို့တဲ့ ဈေးကွက်ကတော့ ရန်ကုန်ပေါ့။ တခြား နေရာတွေကတော့ နေပြည်တော်၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မကွေး၊ ပခုက္ကူ၊ မန္တလေး၊ မြစ်ကြီးနား၊ ရှမ်းပြည်တို့ စသဖြင့်ပေါ့။   ပွဲရုံ တိုက်ရိုက်ပို့တာ ရှိသလို ကြားပွဲစားကနေတဆင့် လာယူပြီး ရောင်းကြတာတွေလည်း ရှိတာပေါ့။ 

 

မေး။      ။ ဈေးကွက်ထဲ ဘယ်လိုဖြန့်သလဲ။

 

ဖြေ။      ။ လက်ရှိဈေးကွက်ကတော့ ပွဲစားတွေက ခြံထဲကိုလာဝယ်ပြီး ပြန်ရောင်းတာရှိတယ်။ ပွဲရုံကို တိုက်ရိုက်ပို့တဲ့ စနစ်ရှိတယ်၊ သုံးပိဿာခွဲ၊ လေးပိဿာဝင်ပုံးလေးတွေနဲ့ ပို့တာပေါ့။ ပုတ်ပြတ် ရောင်းရတဲ့ အခြေအနေပေါ် မူတည်ပြီး ပွဲရုံကို ၁ဝ ရာခိုင်နှုန်း ဝန်ဆောင်ခပေးရတယ်။ ဝန်ဆောင်ခအပြင် သယ်ယူစားရိတ်နဲ့ ထုတ်ပိုးစားရိတ်တွေလည်း ခြံသမားတွေက ကျခံရတယ်။ စားသုံးသူနဲ့ စိုက်ပျိုးသူကြားထဲက ဈေးနှုန်း ကွာခြားချက်က အရမ်းကိုမြင့်မားတယ်။ အနည်းဆုံး သုံးဆလောက် ကွာတယ်။ ကျွန်တော်တို့က ပွဲရုံကို ဝန်ဆောင်မှုအပြည့်နဲ့ ပို့ပေးတယ် ဒါပေမဲ့ ပွဲရုံကနေ ပြန်ဖြန့်တဲ့အခါမှာ ဈေးအရမ်းမြင့်မားသွားတာပေါ့။ 

 

မေး။     ။ လက်ရှိပို့ဆောင်နေတဲ့စနစ်က အဆင်မပြေဘူးလို့ပြောချင်တာလား။

 

ဖြေ။     ။   ခြံသမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတော့ အပြည့်အဝ မရဘူးပေါ့။ ခြံသမားတွေက တစ်ပိဿာကို ၂,ဝဝဝ ဈေးလောက်ရမယ် ဆိုရင် စားသုံးသူက တစ်ပိဿာကို ၆,ဝဝဝ နဲ့ ၈,ဝဝဝ ကြား ပေးပြီး ဝယ်စားနေရတယ်။ ကြားထဲမှာ ပွဲရုံရှိမယ်၊ လက်ကားဖြန့်တာ ရှိမယ်၊ ဗန်းထိုးသည်ရှိမယ်။ ကျွန်တော်တို့ရဲ့ ရောင်းရတဲ့ပမာဏအပေါ် မူတည်ပြီး ၁ဝ ရာခိုင်နှုန်း ပေးထားတယ်။   အရောက်ပို့စနစ်နဲ့ ပို့ပေးတယ်။ ထုတ်ပိုးမှုတွေလည်း ခြံသမားတွေက တာဝန် ယူပေးထားတယ်။ ဒီလို အခြေအနေမျိုးမှာ စားသုံးသူတွေ ဈေးကြီးကြီးပေးပြီး ဝယ်စားနေရပြီးတော့ စိုက်ပျိုးသူတွေ ဈေးနှိမ်ခံနေရတဲ့ အနေအထား ကွာခြားချက်တွေ ရှိတာပေါ့။ ဒါကတော့ အခက်အခဲရှိတာပေါ့။ 

 

မေး။      ။ စိုက်ပျိုးသူရော စားသုံးသူပါ အဆင်ပြေဖို့ ဘယ်လိုစနစ်မျိုးနဲ့ အရောင်းအဝယ် လုပ်ရင်ရမလဲ။

 

ဖြေ။      ။ ဗန်းထိုးသည်တွေရှိတဲ့ ဈေးတွေကို တိုက်ရိုက်ပို့မယ် ဆိုရင်တော့ ဗန်းထိုးသည်ကိုပဲ ဝန်ဆောင်ခ ပေးရတော့မှာပေါ့။ အဲဒီတော့ ပိုပြီးတော့ တွက်ခြေ ကိုက်နိုင်တာပေါ့။ အခုကတော့ ပွဲရုံက သွားတဲ့စနစ်ပေါ့။ အနည်းဆုံး ၃ ရက်နဲ့ ၅ ရက်လောက် ရှိမှ စားသုံးသူလက်ထဲကိုရောက်တာ။ တိုက်ရိုက်ပို့စနစ် ဆိုရင် အနည်းဆုံး ၂ ရက်နဲ့ ၃ ရက်လောက်ဆိုရင် စားသုံးသူလက်ထဲကိုရောက်ပြီ။ စားသုံးသူလည်း လတ်လတ်ဆတ်ဆတ် စားရမယ်။ စိုက်ပျိုးသူလည်း တွက်ခြေပိုကိုက်လာနိုင်တာပေါ့။ 

 

မေး။      ။ အဲဒီလို စနစ်လုပ်ဖို့ စမ်းသပ်ဖူးလား။ လုပ်မယ်ဆိုရင် ဘာအခက်အခဲရှိနိုင်လဲ။

 

ဖြေ။      ။ နည်းနည်းတော့ ချိတ်ဆက်ပြီးတော့ စမ်းသပ်ဖူးတယ်။ အဆင်ပြေပါတယ်။  ဗန်းထိုးသည်လက်ထဲ ဆိုရင် ခေါက်ပြန်ပုံစံမျိုးနဲ့ အသီးကို ဖြန့်ပေးရမယ်၊  ပိုက်ဆံ တန်းမရဘူး။ သူတို့ရောင်းပြီး ၁ဝ ရက်၊ ၁၅ ရက်လောက်နေမှ ငွေလွှဲခိုင်းတယ်။  အဟောင်းပေး အသစ်ယူ ပုံစံမျိုးနဲ့ ဖြန့်ပေးရမယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကျွန်တော်တို့က ဈေးကွက်မယ် အထိုင်ဖြန့်ပေးမယ့် ရုံးပုံစံမျိုး၊ ဌာနပုံစံမျိုးတစ်ခုရှိဖို့ လိုအပ်တယ်။ သယ်ယူပို့ဆောင်ဖို့ယာဉ် လိုအပ်တယ်။  သီရိမင်္ဂလာဈေး တစ်ခုတည်း ဦးတည်ပြီးတော့ ဒိုင်ခံဖြန့်နေတဲ့အခါကျတော့ ဝေးတဲ့မြို့နယ်တွေဆိုရင် စားသုံးသူ လက်ထဲ ရောက်တဲ့ အချိန်က အရမ်းကို ကွာသွားတယ်။  ကျွန်တော်တို့က တစ်မြို့ပြီးတစ်မြို့ တိုက်ရိုက် လှည့်ပို့မယ်ဆိုရင် ခြံသမားတွေရော စားသုံးသူတွေရော အများကြီး တွက်ခြေ ကိုက်နိုင်တာပေါ့။ 

 

မေး။      ။ ထွက်တဲ့ စပျစ်ရဲ့ အရည်အသွေးပိုင်းမှာ ကျေနပ်မှု ရှိလား။

 

ဖြေ။      ။  အရည်အသွေးကောင်းမျိုးတွေ အားနည်းနေတယ်။ ဈေးကွက်ချိတ်ဆက်မှုတွေ အားနည်းနေသေးတယ်။  ရမည်းသင်းမြို့နယ်က နေ့စဉ် အနည်းဆုံး ကုန်ချိန် ပိဿာ သုံးသောင်းကျော်လောက် ထွက်တယ်။ ဒါတောင်မှ နိုင်ငံခြားကနေပြီးတော့ အသီးတွေ နေ့စဉ် တင်သွင်းနေရတယ်။ တောင်သူတွေ မျိုးကောင်းမျိုးသန့်တွေ ရမယ်၊ မျိုးကောင်းမျိုးသန့်တွေနဲ့ လိုက်လျောညီထွေ စိုက်ပျိုးနိုင်မယ့် နည်းပညာတွေရမယ်ဆိုရင် နိုင်ငံခြားကနေ စပျစ်သီးကို တင်သွင်းစရာ မလိုဘဲနဲ့ ပြည်တွင်းဈေးကွက်အတွက် အလုံအလောက် ထုတ်လုပ်နိုင်တဲ့ အနေအထား ရလာမယ်။

 

(ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)