စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ် မက္ကဆီကိုအိုးပင်းတင်းနစ်ဆုဖလား ရယူဆွတ်ခူး

စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်နဲ့ ဗြိတိန်နံပါတ်တစ်တင်းနစ်ကစားသမား ကာမီရွန်နော်ရီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မက္ကဆီကိုအိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း နောက်ဆုံး ဗိုလ်လုပွဲစဉ်မှာ ရာဖေးလ်နာဒယ်က ကာမီရွန်နော်ရီးကို ၆-၄၊ ၆-၄ နဲ့ အနိုင်ရရှိပြီး မက္ကဆီကိုအိုးပင်းတင်းနစ်ဆုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ရာဖေးလ်နာဒယ်ဟာ ပြီးခဲ့သည့်နှစ်အတွင်းက ခြေထောက်ဒဏ်ရာရရှိခဲ့လို့ တင်းနစ်ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားခဲ့သူဖြစ်ပေမယ့် ဒဏ်ရာပြန်လည်သက်သာလာလို့ အခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ တင်းနစ်ပြိုင်ပွဲသုံးခုစလုံးမှာ ဆုဖလားတွေရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်ဟာ ဇန်နဝါရီလအတွင်းက မဲလ်ဘုန်း မြို့မှာ ကျင်းပခဲ့တဲ့ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် (၂၁) ကြိမ်မြောက် ဂရန်းဆလမ်း ချန်ပီယံဆုရှင်အဖြစ် စံချိန်တင်ခဲ့သူလည်း ဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်အနေနဲ့ အခုမက္ကဆီကိုအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ကာမီရွန်နော်ရီးကို အနိုင်ရရှိခဲ့ခြင်းဟာ ကာမိရွန်နော်ရီးအား (၁၅) ကြိမ်မြောက် နိုင်ပွဲရရှိအောင် ကစားနိုင်ခဲ့ခြင်းဖြစ်ပြီး ကာမီရွန်နော်ရီးဟာ မက္ကဆီကိုအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့်(၁) ကစားသမားဖြစ်လာမယ့် ရုရှားတင်းနစ်ကစားသမား မက်ဗီဒက်ဗ်ကို အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်အနေနဲ့ မက္ကဆီကိုအိုးပင်းတင်းနစ် ဆုဖလားကိုရရှိခဲ့ခြင်းဟာ ကစားသမားဘဝ တစ်လျှောက် (၉၁) ကြိမ်မြောက် တင်းနစ်ဆုဖလားဖြစ်လာခဲ့ပြီး မက္ကဆီကိုအိုးပင်းတင်းနစ်ဆုဖလား ကိုတော့ လေးကြိမ်မြောက်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်ဟာ မက္ကဆီကိုအိုးပင်းတင်းနစ်ဆုဖလားကို အသက် ၁၈ နှစ်အရွယ်ဖြစ်တဲ့ ၂၀၀၅ ခုနှစ် က ပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်