စတော့ဟုမ်းဝန်းကျင်သိပ္ပံနှင့်မြန်မာ့ပတ်ဝန်းကျင်သိပ္ပံတို့ ပူးပေါင်းပြီး ကနီမြို့နယ်အတွင်း လူမှုစီးပွားဘဝနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ကွင်းဆင်းစစ်တမ်းကောက်ယူ

မုံရွာ  ၁၈  သြဂုတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ယာကြီးကျေးရွာ အုပ်စုရေယာဉ်ကျေးရွာနှင့် အောင်သပြေကျေးရွာတို့တွင် လူမှုစီးပွားရေးအခြေအနေနှင့် အလောင်းတော်ကဿပအမျိုးသားဥယျာဉ် ကာကွယ်တောအတွင်း ဇီဝမျိုးစုံမျိုးကွဲများ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းကို သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

''ချင်းတွင်းမြစ်ဝှမ်းဒေသမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ လူမှုစီးပွားအခြေအနေကို ကွင်းဆင်းပြီးတော့ လေ့လာသုတေသန ဆောင်ရွက်ဖို့ စီစဉ်တဲ့အထဲမှာလည်း ဒီဒေသက ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး ကျးန်မာရေး၊ ပညာရေး၊ ဆက်သွယ်ရေးစတဲ့အခြေအနေတွေကို စစ်တမ်းကောက်ယူရာမှာ  ကျေးရွာတွေရဲ့ အနီးမှာရှိတဲ့ တောတောင်တွေ အတွင်းမှာ နေထိုင်ကျက်စားတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကိုလည်း စစ်တမ်းကောက်ယူပါတယ်၊ ဒီဒေသကပြည်သူတွေ တောတောင်တွေကို အမှီပြုတဲ့သူတွေကို  သဘာဝပတ်ဝန်းကျင်တွေကို ထိန်းသိမ်းဖို့  အရေးကြီးမှုတွေ လူမှုစီးပွား အခြေအနေ ဘယ်လိုလုပ်ကိုင်စားသောက်နေသလဲ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဘယ်လိုပြောင်းလဲချင်သလဲ၊ ပြည်သူလူထုရဲ့အသံ၊ ဆန္ဒကို ကွင်းဆင်းလေ့လာ ဖြစ်ပါတယ်၊ အဲဒီမှာကုန်းနေသတ္တဝါ ဇီဝမျိုးစုံမျိုးကွဲတွေ လေ့လာတဲ့အဖွဲ့နဲ့ ကျေးရွာနေပြည်သူများရဲ့ လူမှုစီးပွား အခြေအနေကို လေ့လာတဲ့အဖွဲ့ရယ်ဆိုပြီး နှစ်ဖွဲ့ခွဲပြီးတော့ လုပ်ဆောင်ခဲ့ပါတယ်'' ဟု မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (MEI) ဥက္ကဋ္ဌ ဒေါက်တာဝင်းမောင်က ပြောသည်။

 

ချင်းတွင်းမြစ်ဝှမ်းဒေသတွင် ဇီဝမျိုးစုံမျိုးကွဲများ အဓိကထိန်းသိမ်းသင့်သည့်နေရာ (၁၁)ခု တည်ရှိပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်တော့မည့် မျိုးစိတ်ပေါင်း(၃၈)မျိုးတို့စုဝေးရာဒေသတစ်ခုလည်းဖြစ်သဖြင့် ၄င်းမျိုးစိတ်များကို ကာကွယ်ထိန်းသိမ်းထားနိုင်ရန်နှင့် ချင်းတွင်းမြစ်ဝှမ်းဒေသရှိ ပြည်သူများချင်းတွင်းမြစ်ကြီးကို ရေရှည်တည်တံ့ အသုံး ပြုနိုင်စေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စတော့ဟုမ်းပတ်ဝန်းကျင်သိပ္ပံ(SEI)၊ မြန်မာ့ပတ်ဝန်း ကျင်သိပ္ပံ (MEI)တို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)