စတီဗင်ဟော့ကင်းအတွက် မှတ်ချက်ပေးဂုဏ်ပြုခဲ့သည့် ကမ္ဘာတစ်ဝန်းက ပညာရှင်များ

ဝါရှင်တန် ၁၅ မတ်

 

မတ်လ ၁၄ ရက်နေ့က သေဆုံးသွားခဲ့တဲ့ စတီဗင်ဟော့ကင်းအတွက် ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေ ဝမ်းနည်းခဲ့ရပြီး ၎င်းဖော်ထုတ်ခဲ့တဲ့ အောင်မြင်မှုတွေအတွက် ချီးကျူးဂုဏ်ပြုခဲ့ ကြပါတယ်။

 

အမေရိကန် အာကာသအေဂျင်စီ ( NASA) က စတီဗင်ဟော့ကင်းအတွက်  ဆုတောင်းပေးခဲ့ရာမှာ  “သိပ္ပံနယ်ပယ်က ကျော်ကြားတဲ့ ပါရမီရှင်ပါ။ ကျွန်တော်တို့အပါအဝင် တစ်ကမ္ဘာလုံးက ရှာဖွေ နေတဲ့ သီအိုရီတွေကို ဖော်ဆောင်ပေးနိုင်ခဲ့သူပါ” လို့ ပြောကြားခဲ့ပါတယ်။

 

ဥရောပ အာကာသအေဂျင်စီကလည်း “ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့၊ ကန့်သတ်ချက်တွေ မရှိဘူးဆိုတာကို လမ်းညွှန်ခဲ့သူပါ” လို့ ၎င်းတို့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

 

King's College London  က နျူကလီးယား သိပ္ပံပညာရှင် ခရစ်စ်တိုဖာရှော ကလည်း တကယ့် ထူးချွန်မှုတွေထဲကမှ ထူးချွန်တဲ့လူတစ်ယောက်ပါ အာရုံကြောရောဂါနဲ့ အသက်ရှင်နေစဉ်ကာလအတွင်းမှာပဲ သိပ္ပံနယ်ပယ်အတွက် ထူးခြားတဲ့ အထောက်အပံ့တွေ ပေးနိုင်ခဲ့သူပါ” လို့ မှတ်ချက် ပြုခဲ့ပါတယ်။

 

“ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင် များစွာထဲကမှ မမြင်နိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ပေါ်ပေါက် လာသူပါ။ လူသားတွေရဲ့ စိတ်ကူးယဉ်ဖန်တီးနိုင်စွမ်းတွေကို သူ့ဘဝနဲ့ သက်သေပြခဲ့တာပါ” လို့  ဗြိတိန် တော်ဝင်အသိုက်အဝန်းက ပါမောက္ခချုပ် ဗန်ကီရာမတ် ကရစ်ရှစ်နန် ကပြောခဲ့ပါတယ်။

 

ကိန်းဘရစ် တက္ကသိုလ်က နက္ခတ္တဗေဒပညာရှင် မာတင်ရိစ်ကလည်း “သူရဲ့ တွင်းနက် (Black Hole) နဲ့ နှိုင်းယှဉ်သီအိုရီတွေဟာ လူသိများခဲ့ပါတယ်။ စကြာဝဠာတစ်ခုလုံးကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်မြင်နိုင်ဖို့ စကြာဝဠာဗေဒနဲ့ အက်တမ်နဲ့ ကွမ်တမ် သီအိုရီကြားက ချိတ်ဆက်မှုတွေကို ဖော်ထုတ်နိုင်ခဲ့သူပါ” လို့ အသိအမှတ်ပြုခဲ့ပါတယ်။

 

သြစတျေးလျ နက္ခတ္တဗေဒ ပညာရှင် လီဆာဟာဗေးစမစ် ကလည်း “စတီဗင်ဟော့ကင်း ထားခဲ့တဲ့ တကယ့်အမွေအနှစ်က တွင်းနက် (Black Hole) ဆိုတာ ရေဖန်ခွက်ထဲကို ပျော်ဝင်ပစ္စည်းတစ်ခုခု ပျော်ဝင်သွားသလိုပါပဲ ဆိုတဲ့ သူ့ရဲ့အတွေးအခေါ်ပါပဲ”လို့ ဂုဏ်ပြုပြောကြားခဲ့ပါတယ်။

 

ဗြိတိန် သိပ္ပံအစည်းအရုံး အလုပ်အမှုဆောင်ဦးစီးချုပ် ကက်သရင်းမက်သီဆင် ကလည်း “တကယ့် ပါရမီရှင်ပါ။ လူထုရဲ့လေးစားမှုကိုလည်း ရခဲ့သူပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

 

အမေရိကန် ရူပဗေဒဆိုင်ရာသီအိုရီပညာရှင် မီချီအိုကာကူကတော့ စတီဗင်ဟော့ကင်းကို သိပ္ပံ လောကရဲ့ ရော့ခ်စတားအဖြစ် တင်စားခဲ့ပါတယ်။

 

မိုက်ခရိုဆော့ဖ် CEO ဆတ်(တ်)ရာ နာဒဲလ်လာ ကလည်း “ဒီနေ့ ပညာရှင်တစ်ယောက်ကို ဆုံးရှုံး လိုက်ရပါပြီ။ စကြာဝဠာတစ်ခုလုံးကို ပြည့်ပြည့်စုံစုံ နားလည်နိုင်ဖို့ အခက်အခဲတွေကြားကနေ ကြိုးပမ်းခဲ့တဲ့ သူ့ရဲ့အားထုတ်မှုနဲ့ သူ့ရဲ့ဝိညာဉ်ကို အမြဲတမ်း အမှတ်ရနေမှာပါ” လို့ ပြောကြား ခဲ့ပါတယ်။

 

၇၆ နှစ် ရှိပြီဖြစ်တဲ့ စတီဗင်ဟော့ကင်းဟာ ထင်ရှားတဲ့ ရူပဗေဒပညာရှင်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ၎င်းရဲ့နေအိမ်မှာ အာရုံကြောရောဂါနဲ့ ဆုံးပါးသွားခဲ့တာဖြစ်တယ်လို့ ဆင်ဟွာသတင်း တစ်ရပ်အရ သိရပါတယ်။

 

ဘာသာပြန် - စိုးမိုးဇော်