စတုတ္ထအကြိမ်မြောက် ရောင်းချမည့် မြရည်နန္ဒာ တန်ဖိုးမျှ တိုက်ခန်းများကို ယခင် မဲမပေါက်သူများကို မဲနှိုက် ရောင်းချပေးသွားမည်

မန္တလေး  ၂၉  ဇူလိုင်

 

မြရည်နန္ဒာတန်ဖိုးမျှ တိုက်ခန်းများ စတုတ္ထအကြိမ်ရောင်းချမှုကို လာမည့်ဩဂုတ်လတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယခင်က မဲမပေါက်သူများကို မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စတုတ္ထအကြိမ်မြောက် ရောင်းချမည့် မြရည်နန္ဒာ တန်ဖိုးမျှတိုက်ခန်းများကို သြဂုတ်လ ၁၀ ၊ ၁၁  ၊ ၁၂ နှင့် ၁၃ ရက်တို့တွင် မဲနှိုက်ရောင်းချပေးမှုကို မန္တလေးမြို့တော်ခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“စတုတ္ထအကြိမ်အဖြစ် ရောင်းချရာမှာ လျှောက်လွှာအသစ် ထပ်မခေါ်တော့ဘဲ တတိယအကြိမ်လျှောက်ထားပြီး ပြည့်စုံတဲ့ လျှောက်လွှာတွေထဲက ဝယ်ယူခွင့် မဲမပေါက်ခဲ့သူတွေကို မဲနှိုက်ရောင်းချပေးမှာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

တတိယအကြိမ်က ဝယ်ယူခွင့်မဲမပေါက်သည့် နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ပုဂ္ဂလိကုမ္ပဏီဝန်ထမ်း၊ ပြင်ပ ပြည်သူ စုစုပေါင်း ၃၄၉၅ ဦး ကျန်ရှိသည်။ ယခုအကြိမ်မှာ တိုက်ခန်းအခန်းပေါင်း  ၄၉၂ ခန်းကို ရောင်းချပေးမည် ဖြစ်ပြီး ထိုကျန်ရှိသူများထဲမှ မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာရွေးချယ်ပေးသွားမည်ဟု သိရသည်။

 

ဝယ်ယူခွင့်ရသူတွေအနေဖြင့် တိုက်ခန်းအမှတ် မဲမနှိုက်မီ အာမခံငွေ ကျပ်သိန်း ၃၀ ကြိုတင်ပေးသွင်းပြီးမှ တိုက်ခန်းအမှတ်ကို ကိုယ်တိုင်မဲနှိုက်ရွေးချယ်ရမည်ဖြစ်သည်။

 

မေသက်ထား