စတုတ္တတန်း သင်ရိုးသစ်သင်တန်း တက်ရောက်နေသည့် ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပညာပေး

တနိုင်း ၂၂ ဇွန်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့တွင် စတုတ္တတန်း (Grade-4) သင်ရိုးသစ်သင်တန်း တက်ရောက် နေသည့် မူလတန်းပြ ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အထက (၂) ကျောင်း၌  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ကုသရေးဦးစီးဌာမှူး ဒေါက်တာသန်းထွန်းဝင်း၊ မြို့နယ်ကျန်းမာရေးမှူး (၁) ဦးအောင်လင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) ဦးကျော်ဇင်သူတို့က ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါကူးစက်နိုင်သည့် အခြေအနေ၊ နှာခေါင်းစည်း အသုံးပြုပုံ၊ Face Shield များ အသုံးပြုပုံ၊ စနစ်တကျ လက်ဆေးနည်းများနှင့် ကျောင်းသားကျောင်းသူများအား အဖျားတိုင်းတာရာတွင် စနစ်တကျ ရှိစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မိုးရာသီတွင် အဖြစ်များသည့်  သွေးလွန်တုပ်ကွေးရောဂါ အကြောင်းများကို အဖွဲ့များခွဲ၍ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

 

သင်တန်းတွင် မူလတန်းပြ ဆရာ ဆရာမ(၁၉၇) ဦးအား စာသင်ခန်း တစ်ခန်းလျှင် သင်တန်းသား သင်တန်းသူ ၂၀ စီဖြင့် ပို့ချပေးခဲ့ကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)