စုစည်းမှုကို ဉာဏ်ပညာဖြင့် တည်ဆောက်

mdn

နေပြည်တော် ၃၀ အောက်တိုဘာ

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော် ရှေ့ဆက်မည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (၃)ရပ်ကို အသိပေးပြောကြားခဲ့သည်။

 

ရှေ့ဆက်လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃)ရပ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို မည်သို့ရှေ့ဆက်သွားမည်နည်းဟူသည့် ဘုံလုပ်ငန်းစဉ်၊ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်လာရေးနှင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို လူထုရရှိခံစားနိုင်ရေးဟူသည့် အချက်များဖြစ်သည်။ ပထမဘုံလုပ်ငန်းစဉ်သည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များ စတင် အဆိုပြုကမ်းလှမ်းခဲ့သည့် လုပ်ငန်းစဉ် ဖြစ်သည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် မူအားဖြင့် သဘောတူညီနိုင်သည့် အချက် သုံးချက်ကို ရရှိထားပြီးဖြစ်သည်။ ပထမအချက်မှာ NCA ကိုအခြေခံသည့် မူဘောင်သဘောတူညီချက်များသည် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင်ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်၏ ပထမ ပိုင်း၊ ဒုတိယပိုင်းနှင့် တတိယပိုင်းတို့ဖြစ်ပြီး ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃)ပိုင်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြသူ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ပြီးအောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက် ကြ ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားသည်။

 

ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်လာရေးသည် NCA တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ပြီး ပစ်ခတ် တိုက်ခိုက်မှုလျော့နည်းသည့် အခြေအနေတစ်ရပ်ကို တည် ဆောက် နိုင်ရေး ဖြစ်သည်။ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး နိုင်ငံရေး စားပွဲဝိုင်းများတွင် ပါဝင်ရေး၊ NCA ထီးရိပ် အောက်သို့ရောက်ရှိရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမည်ဖြစ်သည်။ လက်မှတ်မထိုးရသေးသည့် ခေါင်းဆောင်များအနေဖြင့် သမိုင်းဝင်နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရေး ရှေ့သို့ ခြေတစ်လှမ်းတက်ပေးကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးအနက် မေတ္တာရပ်ခံတိုက် တွန်းထားသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို အကောင်အထည်ဖော်နိုင်မှသာ ငြိမ်းချမ်းရေး၏အသီး အပွင့်များကို ပြည်သူလူထုရရှိခံစားနိုင်မည်ဖြစ်သည်။ မငြိမ်းချမ်းသည့် ဒေသများတွင် ပဋိပက္ခဒဏ်ရာဒဏ်ချက်များကို ကြုံတွေ့ခံစားနေကြရသူများမှာ ဒေသခံတိုင်းရင်းသားပြည်သူများ၊ အောက်ခြေပြည်သူ လူထုများ ဖြစ်သည်ကို လက်ငင်းကာလ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ ပဋိပက္ခများက သက်သေပြ လျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ပဋိပက္ခဒဏ်ရာ ဒဏ်ချက်များကို တိုင်းရင်းသား ပြည်သူများ ခံစားလာကြသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ တိုင်းရင်းသားများကြုံတွေ့နေရသော ဒုက္ခများကို စာနာနားလည်ပြီး ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းရ မည်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် မငြိမ်းချမ်းမှုများကို အပြီးတိုင် အဆုံးသတ်၍ နည်းပညာတော်လှန်ရေးသို့ပင် ဆက်လက်တက်လှမ်းနေပြီ ဖြစ်သည်။ ယင်းအချိန်အခါတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူငယ်များ၊ မျိုးဆက်သစ်များအတွက် မျှော်လင့်ချက်ပျောက်နေသည်။ သမိုင်းအမွေဆိုး ထားခဲ့သူများမှာ ဤလောက၌မရှိတော့ဘဲ မိမိတို့၏မျိုးဆက်များအတွက် ကောင်းမွေများသာ ဖန်တီးပေးကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ NCA (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် "ပြည်ထောင်စုဆိုတာ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သူအားလုံးရဲ့ ဦးနှောက်ထဲ၊ နှလုံးသားထဲကနေ နှစ်နှစ်ကာကာ ယုံယုံကြည်ကြည် တန်ဖိုးထားရတဲ့ စုစည်းမှုဖြစ်ဖို့ အရေးကြီးတယ်။ ဒီစုစည်းမှုကိုအင်အားနဲ့ တည်ဆောက်လို့မရနိုင်ဘဲ ဉာဏ်ပညာအမြော်အမြင်၊ စိတ်သဘောထား ပြည့်ဝမှုတို့နဲ့ တည်ဆောက်မှ ရနိုင်မယ်ဆိုတာကို အားလုံးသတိပြုကြစေလိုပါတယ်"ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားချက်ကို အလေးအနက်ခံယူပြီး ပင်လုံစိတ်ဓာတ်ကိုအခြေခံသည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကိုတည်ဆောက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ