စုစည်းညီညာ လက်တွဲမြဲမြံ ကြိုးပမ်းဖော်ဆောင်

နိုဝင်ဘာ ၈ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့တာဝန် စတင်ယူစဉ်ကတည်းက ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးနှင့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေး သုံးကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်အတွက် အခြေခံမူ ၅၁ ချက် ရရှိခဲ့ပြီဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေး သုံးကြိမ် ထပ်မံကျင်းပပြီး ငြိမ်းချမ်းရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ ထိုသို့ကြိုးပမ်း ဆောင်ရွက်ရာ တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ အစုအဖွဲ့များ အားကြိုးမာန်တက် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည်ကို မြင်တွေ့ရသည်။ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲကြရာတွင် အချို့အပိုင်းတွင် အားနည်းချက်များရှိသလို အားသာချက်များ လည်းရှိသည်။ အားနည်း ချက်များကို ပြန်လည်သုံးသပ်ညှိနှိုင်းဆောင်ရွက်ဖို့သာ ဖြစ်သည်။

 

နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များ တက်လှမ်းရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင်ပါဝင်သည့် ကော်မတီများက အကောင်းဆုံး လုပ်ငန်းလမ်းညွှန်များကို ဖော်ဆောင်နိုင် လိမ့်မည်ဟု ယုံကြည်ပါသည်။ ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်တွင် UPDJC အစည်းအဝေးများမှ ဆုံးဖြတ်ချက် များရရှိခဲ့ပြီး အောက်တိုဘာ လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ သီးသန့်ထိပ်သီး အစည်းအဝေးအပြီးတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၏ လမ်းညွှန်သဘောတူမှုများ ရရှိခဲ့သည်။ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ ကျင်းပခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်း လမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးများတွင်လည်း ရှေ့လုပ်ငန်းစဉ်များအတွက် အလားအလာ ကောင်းများကို ဆွေးနွေးနိုင်ခဲ့သည်။ ယင်းတို့သည် ငြိမ်းချမ်းရေးခရီးလမ်းသို့ အောင်မြင်စွာ တက်လှမ်းနိုင် ရေးအတွက် စုစည်းညီညာ လက်တွဲမြဲမြံစွာ ကြိုးပမ်းဖော်ဆောင်နိုင်မှု ရလဒ်များဖြစ်သည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ တွင် ''ယနေ့အချိန်အခါမှာ ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရန် ရည်မှန်းချက်ချမှတ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းနေတဲ့ကာလ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးအနေနဲ့ အတိတ်သမိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မလိုလားအပ်တဲ့ အတွေ့အကြုံတွေကို သင်ခန်းစာရယူပြီး စုပေါင်းအင်အားနဲ့ တက်ညီလက်ညီ လက်တွဲ လျှောက်လှမ်းရင်း အေးချမ်းသာယာတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာအောင် ကြိုးပမ်းကြဖို့ အချိန်အခါ ကောင်းပဲ ဖြစ်ပါတယ်'' ဟု အသိပေး ပြောကြားထားသည်။

 

ငြိမ်းချမ်းရေးကို အောင်မြင်စွာတက်လှမ်း ရယူနိုင်ရေးအတွက် လက်ရှိတွင် NCA တွင် လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအဝင် အဖွဲ့အစည်းများအားလုံး စည်းလုံး ညီညွတ်စွာဖြင့် နိုင်ငံရေးစားပွဲဝိုင်းများတွင် ငြိမ်းချမ်းစွာ အဖြေရှာနိုင်သောကြောင့် ရလဒ်ကောင်းများ တစ်ဆင့်ပြီး တစ်ဆင့် ရယူနိုင်ခဲ့ပြီဖြစ်သည်။ ဆက်လက် ဆွေးနွေးအဖြေရှာကြမည့် နိုင်ငံရေ းစားပွဲဝိုင်းများတွင် NCA တွင် လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးရန်လည်း အလားအလာ ကောင်းများ ရှိနေပြီဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဖော်ဆောင်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများ၊ စိန်ခေါ်မှုမှန်သမျှတို့ကို နိုင်ငံတော်အစိုးရနှင့်အတူ အားလုံးပူးပေါင်းပါဝင်သည့် စုပေါင်း အင်အားဖြင့် လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။    ။
(ကြေးမုံ)