စုံတောမြိုင်ကို လွမ်းမိသည်

သျှင်နေမင်း(ဂန့်ဂေါ)

ကျွန်တော်တို့ငယ်ငယ်က ကျောင်းကိုသွားကြတော့မယ်ဆိုရင် ကျောင်းသားကြီးတွေက ဦးဆောင်၊ သင့်တော်တဲ့နေရာမှာ စုရပ်လုပ်၊ ကျောင်းကို အဖော်အပေါင်းများနဲ့ ပျော်ပျော်ပါးပါး သွားခဲ့ကြတာကိုတွေးပြီး ယနေ့ထိတိုင် လွမ်းဆွတ်သတိရနေဆဲပါ။ ကျောင်းကိုရောက်ပြီဆိုရင် သူ့အခန်းကိုယ့်အခန်းသွားပြီး ကိုယ်ထိုင်ရမယ့်ထိုင်ခုံမှာ လွယ်အိတ်လေးကိုချပြီး ကျောင်း အားကစားကွင်းကိုသွား ဘောလုံးကန်သူကန်၊ ထုပ်ဆီးတိုးတန်း ဆော့သူကဆော့ မိမိကြိုက်နှစ်သက်ရာ အားကစားကို ဆော့ရင်း ပျော်စရာနေ့ရက်တွေနဲ့ပဲ အချိန်ကုန်လွန်ခဲ့ပါတယ်။

ကံကောင်းတာလား၊ ကံဆိုးတာလား
ဒီနေ့ကျောင်းသားလေးတွေကိုတော့ တချို့က ကံကောင်းကြတယ်ဆိုပြီး ပြောကြတယ်။ ကံကောင်းတာလား၊ ကံဆိုးတာလား ကိုတော့ အချိန်က စကားပြောပါလိမ့်မယ်။ တချို့မိဘတွေက အလိုလိုက်လွန်းပြီး မိမိကလေးကို သူတို့ကိုယ်သူတို့ ထိန်းကျောင်း နိုင်မှု ဦးဆောင်နိုင်မှုမရှိအောင် လုပ်နေကြတယ်ဆိုပြီး ကျောင်းလိုက်ပို့တာနဲ့ပဲ အချိန်ကုန်နေတဲ့ ကျောင်းသားမိဘတွေကို ပြောဆိုဝေဖန် နေကြသည်ကိုလည်း ကြားမိပါတယ်။ ဒါကလည်း အမှန်တရားပါပဲ။ နိုင်ငံတကာ ပညာရေးစံနှုန်းနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ကျောင်းသားမိဘတွေ လိုက်နာရမယ့်စည်းကမ်းထဲမှာ ကျောင်းသားကို ကျောင်းအထိ လိုက်မပို့ရဆိုတဲ့အချက် ပါဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်မှာ ကျောင်းသားမိဘတွေ ကိုယ့်သားသမီးကို လိုက်ပို့ခွင့်မရှိပါဘူး။ ကိုယ့်အိမ်နဲ့အနီးဆုံးကျောင်းမှာ ထားရပါတယ်။ ရပ်ကွက်ကျော် နယ်မြေကျော်ထားလို့ မရပါဘူး။ မွေးလာကတည်းက ပြောင်းရွှေ့သွားမှု မရှိဘူးဆိုရင် ကိုယ်နေရမယ့်ကျောင်းကို အစိုးရက သတ်မှတ်ပေးထားပြီးသားပါ။ ဘယ်နေ့ဘယ်အချိန်၊ ဘယ်ကျောင်းမှာ ကျောင်းစတက်ရ မယ်။ အချိန်တန်လို့ ဒီကလေး ကျောင်းလာမအပ်ဘူး။ ကျောင်းလာမတက်ဘူးဆိုရင် ပညာရေးက တာဝန်ရှိသူတွေ အိမ်အထိ လာရောက်ပြီး အခက်အခဲမေး၊ အစိုးရနဲ့ ဆက်သွယ်ပေးကာ ကျောင်းမတက်ရမရှိအောင် ဆောင်ရွက်ပေးပြီးသားပါ။ ကျောင်းကို လာကြတော့ မယ်ဆိုရင်လည်း ရပ်ကွက်ထဲရှိတဲ့ စီနီယာကျောင်းသားကြီးတွေက အလှည့်ကျ တာဝန်ယူပြီး စီတန်းဦးဆောင်ကာ ကျောင်းကိုခေါ်သွားကြရပါတယ်။ ဘယ်မိဘကမှ လိုက်ပို့တယ်လို့ မရှိပါဘူး။ ဒါကလည်း ဦးဆောင်ဦးရွက်ပြုနိုင်မှုကို ငယ်ကတည်းက လက်ဆင့်ကမ်း အမွေပေးထားခြင်းပါတဲ့။ သိပ်ကို စနစ်ကျလက်တွေ့ပါလှတဲ့ ပညာရေးစီမံခန့်ခွဲမှုတွေပါ။

အားကစားထူးချွန်သူတွေ နာမည်ကြီးတဲ့ခေတ်
နောက်တစ်ချက်ကတော့ ကျောင်းအားကစားနဲ့ ကျောင်းပညာရေးအပိုင်းပါ။ ယခင်ခေတ် အချိန်တုန်းကတော့ ကျောင်းစာမှာ တော်သူတွေ နာမည်ကြီးသလို အားကစားမှာ ထူးချွန်သူတွေကလည်း နေရာတစ်ခုမှာတော့ နာမည်ကြီးတဲ့ခေတ်ပါ။ ကျောင်းစာလည်းတော်၊ အားကစားလည်း ထူးချွန်ဆိုရင်တော့ ဆရာ ဆရာမတွေရဲ့ အလိုလိုက်ခြင်း၊ အရေးပေးခြင်းတွေကြောင့် ကျောင်းသား ကျောင်းသူများအကြား မျက်နှာပန်းပွင့်ရသူပါ။ အဲဒီခေတ် ဆရာ ဆရာမတွေကလည်း အသင်အပြက ကောင်းသလားမမေးနဲ့။ နားမလည်လိုက်ဘူးဆိုတဲ့ ကျောင်းသားမရှိစေရ။ နားမလည်ရင် သူ့အနားမှာ ခေါ်ထားပြီး နားလည် အောင်သင်ပေး၊ နားလည်ပြီဆိုမှ သူ့အနားက ပြန်လွှတ်တဲ့ ပညာရေးပါ။ အမှတ်ရဆုံး ဆရာမကတော့ ပထမတန်းတုန်းက သင်ခဲ့တဲ့ ဆရာမ ဒေါ်သီပါ။ ကျောင်းသား ကျောင်းသူတွေ နေ့လယ်ကျောင်းတက်ပြီးလို့ အင်္ဂလိပ်စာသင်ချိန်မှာ Handkerchief လက်ကိုင်ပဝါ ဆိုတာကို ကျောင်းသားတိုင်းက စာလုံးကရှည်တော့ အခန်းထဲမှာ တစ်ခါတည်းအလွတ်ရဖို့ဆိုပြီး လေးခေါက် ငါးခေါက် သင်ပေးပါတယ်။ ဒီအချိန်မှာ ကျောင်းသားတစ်ယောက်က စာထဲစိတ်ဝင်စားမှုမရှိဘဲ ကျောင်းခေါင်မိုးတန်းလျားပေါ် ကြွက်ဖြတ်လျှောက်သွားတာကို ကြည့်ပြီး ဆရာမ၊ ဟိုမှာကြွက်ကြီးဆိုပြီး ထပြောပါတယ်။ ဒီအချိန်မှာ ဆရာမက ကျောင်းသားက သူသင်နေတာ စိတ်မဝင်စားရ ကောင်းလားဆိုပြီး ကျောင်းသားကို စိတ်ဆိုးလိုက်တာများ ကြွက်က နင့်ကိုစာသင်နေတာ လားဆိုပြီး စိတ်ဆိုးလွန်းလို့ မျက်ရည်ကျတဲ့ အထိပါပဲ။ ဒါကတော့ အမှတ်ရဆုံး၊ အလေးစားရဆုံး ဆရာမတစ်ယောက်ပါ။ သူတာဝန်ယူတဲ့ သင်ခန်းစာကို စာမရသူ၊ စာမလိုက်နိုင်သူ မရှိစေရဆိုပြီး ခံယူထားသူပါ။ ကျန်တဲ့ ဆရာ ဆရာမတွေကလည်း သူ့ဘာသာအလိုက် အသင်အပြကောင်းတဲ့ သူတွေချည်းပါ။ သင်ရိုးအထောက်အကူပြုပစ္စည်း မရှိပေမယ့် အနီးအနားက ရှိတာတွေနဲ့ ကျောင်းသားကို တတ်အောင်သင်သွားတာပါ။

ကျူရှင်တွေ ခေတ်မကောင်းသေးပါဘူး
ကျွန်တော်တို့ မူလတန်းပညာရေးပြီးဆုံးချိန်အထိ ကျူရှင်တွေ ခေတ်မကောင်းသေးပါ။ ပတ်သက်ရာ ပတ်သက်ကြောင်း တွေတော့ စုပြီးခေါ်သင်ပေးတာတွေ စနေပါပြီ။ အထက်တန်းရောက်ချိန်မှာတော့ ကျူရှင်ပညာရေးကြီးက ကြီးထွားလာနေပါပြီ။ သူက ဘယ်ကျူရှင်ကလေ။ သူတို့ကျူရှင်က ကောင်းတယ်၊ ကျောင်းမှာ သင်ပေးစရာမလိုအောင်ဘဲ နာမည်ကြီးတာ စသည် စသည်ဖြင့် ကျူရှင်တွေ တန်ခိုးထွားတဲ့ ခေတ်ပါ။ ကျူရှင်တက်မှ စာမခက်တဲ့ခေတ်ပါ။ ကျောင်းကိုသိပ်ပြီး အားမကိုးကြပါဘူး။ ကျောင်းစာကို ကျောင်းမှာ ကျောင်းသားတိုင်း တစ်ပြေးညီတတ်သွားတာ မရှိသလောက်ပါပဲ။ နိုင်ငံတကာမှာတော့ သင်ရိုးညွှန်းတမ်းတွေကို ဘယ်နေ့မှာ ဘယ်ပ္ဆုာသင်ရမယ်။ ဘယ်နေ့ အပြီးသင်ရမယ်ဆိုတာ တစ်ခါတည်း အချိန်သတ်မှတ် ပေးပြီးသား။ မြို့ပေါ်ကျောင်းတွေမှာ ဒီနေ့ဘယ်သင်ခန်းစာ စသင်တယ်ဆိုရင် ကျေးလက်တောရွာ တွေမှာလည်း ဒီသင်ခန်းစာ ကိုပဲ တစ်ချိန်တည်း တစ်ပြိုင်တည်း သင်ပေးရတယ်။ ကြိုသင်ထားလို့မရသလို နောက်ကျမှသင်မယ်ဆိုပြီး ချန်ထားခဲ့လို့ မရပါဘူး။ ကျောင်းအားကစားချိန်မှာ အားလုံးကစားရပြီး စာကြည့်တိုက်ချိန်ဆိုရင်လည်း အားလုံးစာကြည့်တိုက် သွားပြီး စာဖတ်ရတယ်လို့ သိရပါတယ်။

ပညာရေးစနစ်ကောင်းတဲ့ နိုင်ငံတွေဟာ ပညာရေးနဲ့ စာကြည့်တိုက်ကို ဒွန်တွဲလုပ်ဆောင်သွားတာကို သိရပါတယ်။ ကျောင်းပြဋ္ဌာန်းစာအုပ်တွေကိုလည်း စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေနဲ့ ချိတ်ဆက်ထားပါတယ်၊ အတ္ထုပ္ပတ္တိ စာအုပ်မျိုးတွေကို အòန်းသာပေးထားပြီး အပြည့်အစုံသိရှိဖို့ စာကြည့်တိုက်မှာ သွားရှာကြရပါတယ်။ စာဖတ်ရှိန် မြှင့်တင်ရေးတွေကိုလည်း ကျောင်းတွေမှာ အမြဲလုပ်ကြပါတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ စာသင်ကျောင်းများမှာ နေ့စဉ်ကျောင်းစတင် မတက်မီ ၁၅ မိနစ်ခန့် စာအုပ်မိတ်ဆက်ပွဲလေး လုပ်ပေးတယ်လို့ သိရပါတယ်။ ကျောင်းအုပ် ကြီးရုံးခန်းကနေ စာသင်ခန်းတွေဆီ ဆက်သွယ်ထားတဲ့ မိုက်ခရိုဖုန်းကနေ ဖတ်ပေးတာဖြစ်ပါတယ်။ ဒီလိုစာဖတ်ပြတာက ကျောင်းရဲ့စာကြည့်တိုက်မှူးကဖြစ်ဖြစ်၊ စာပေ ဝါသနာရှင်ကဖြစ်ဖြစ်၊ စာရေးဆရာ ကိုယ်တိုင်ကပဲဖြစ်ဖြစ် လာဖတ်ပေးပါတယ်။ လာဖတ်တဲ့စာအုပ်ကို အòန်းလေးအဖြစ် အနှစ်ချုပ်ပြီး ပြောပြသွားတာ ဖြစ်ပါတယ်။ တကယ်လို့ အပြည့်အစုံဖတ်ချင်ရင် စာကြည့်တိုက်မှာရှိတယ်။ စာရေးဆရာက ဘယ်သူ၊ စာအုပ်အမည်က ဘာစာအုပ်ဆိုပြီး ပြောပြသွားပါတယ်။ စိတ်ဝင်စားတဲ့ ကျောင်းသားတွေက စာကြည့်တိုက်ကိုသွားပြီး ပြန်ရှာကြရပါတယ်လို့ တောင်ကိုရီးယားမှာ ကျောင်းနေဖူးသူတစ်ဦးက ပြောပြသွားတာကို မှတ်မိပါတယ်။ တကယ်ကိုကောင်းတဲ့ ပညာရေးစနစ်ပါပဲ။

ယခု မြန်မာ့ပညာရေးစနစ်ကို တစ်ဆင့်ချင်းပြောင်းလဲနေတဲ့ အချိန်မှာ ကျောင်းစာကြည့်တိုက်တွေရဲ့ အခန်းကဏ္ဍကိုလည်း နေရာပြန်ပေးလာကြပါပြီ။ ကျောင်းစာကြည့်တိုက်တွေ ရှင်သန်ဖွံ့ဖြိုးလာဖို့ လုပ်ဆောင်နေကြပါပြီ။ ဆွေးနွေးပွဲတွေ လုပ်လာ ကြပါပြီ။ မြန်မာ့ပညာရေးစနစ်ဟာ အပြောင်းအလဲ အင်မတန်မှပဲ များပြားလွန်းလှတယ်။ ယခင်က ဆရာတွေကနေပြီး အဓိက သင်ကြားတဲ့ သင်ကြားရေးစနစ်တွေမှာ ဆရာဗဟိုပြု သင်ကြားရေးစနစ်တွေကနေ ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်မှာ ကလေးဗဟိုပြု သင်ကြားရေးစနစ်တွေ ပြန်ပြောင်း လာခဲ့တာကို တွေ့ရပါတယ်။ အဲဒါကို တချို့က ဆရာဗဟိုပြုသင်ကြားရေးစနစ်က မအောင်မြင်လို့ ကလေးဗဟိုပြု သင်ကြားရေးစနစ် ပြန်လည်ပြောင်းတာလို့ပြောတော့ တချို့ဆရာ ဆရာမတွေက လက်သင့်မခံပါဘူး။

နောင်တစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ကလေးတို့လက်ထဲ ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ လွှဲပြောင်း ပေးခဲ့ကြရမှာ ဖြစ်ပါတယ်လို့ ဆရာ ဦးအောင်သင်းက ပြောဖူးပါတယ်။ ဒါ့ကြောင့် အနာဂတ်ကို လက်ဆင့်ကမ်းမယ့် ကလေးတို့ ပညာရည်ပြည့်ဝနေဖို့ လိုပါတယ်။ ခေါင်းဆောင်ကောင်းတို့ဟာ နောက်လူကို လက်ဆင့်ကမ်း နေရာပေးတတ်ကြပါတယ်။ လက်ခံမည့်သူကလည်း ပညာရည်ပြည့်ဝပြီး နှလုံးသားတွေလှနေဖို့တော့ လိုတာပေါ့။ နှလုံးသားတွေ လှဖို့ ပညာတတ်ပြီး စာဖတ်ဖို့ လိုပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားပုံအတိုင်းပဲ လူငယ်ကောင်းမှ လူကြီးကောင်းတွေဖြစ်မှာ ပါ။ လူငယ်ရဲ့ အစဟာ ကလေးဖြစ်တဲ့အတွက် ကလေးများ ပညာပြည့်ဝပြီး ကျန်းမာ သန်စွမ်းတဲ့ ကလေးများဖြစ်ဖို့ရာ စာပေ၊ ပညာနဲ့ ရင်းနှီးနေဖို့ လိုပါတယ်။

အားကစားလည်းလုပ်၊ စာတွေလည်းဖတ်
ငယ်စဉ်ကျောင်းသားဘဝ ကျောင်းအားကစားကွင်းထဲ ကိုယ့်ထက်အတန်းကြီးသော ကျောင်းသားကြီးတွေနဲ့အတူ ဘောလုံးကန် ခဲ့သည်မှ ကိုယ်တိုင်ဦးဆောင် ကိုယ်တိုင်ကျောင်းသားကြီးဘဝဖြင့် အားကစားကွင်းထဲ ဝင်ရောက်လာခဲ့တယ်။ နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်သွားခဲ့ပေမယ့် ပြောင်းလဲမသွားတဲ့အရာကတော့ ကျောင်းသားငယ် ကျောင်းသားကြီး မခွဲခြားဘဲ အားကစားကို အတူတူလုပ်ကြခြင်းပါ။ ဒီလိုနဲ့ အစိုးရစစ်ဆိုတဲ့ စတုတ္ထတန်းကို ရောက်လာခဲ့တယ်။ ကျောင်းကိုလည်း မှန်မှန်တက်ခဲ့တယ်။ စာလည်းမခက်ခဲ့ပါ။ အားကစားလည်းလုပ် ကျန်အားလပ် ချိန်လေးတွေမှာ ကျောင်းအုပ်ကြီးရုံးခန်းအနားမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းစာကြည့်ခန်းထဲ သွားတတ်လာခဲ့တယ်။ ရွှေသွေးတွေဖတ်တတ်လာခဲ့တယ်။ မိုးသောက်ပန်းတွေ ဖတ်တတ်လာခဲ့တယ်။ လေးတန်း အစိုးရစစ်ဆိုတော့ ကျောင်းအုပ်ကြီး မနေသာပြီ။ အောင်ချက်မြင့်မားရေး ကြိုးစားလာခဲ့ပြီ။ ညနေ ကျောင်းဆင်းချိန်တွေ မှာ အချိန်ပို တွေသင်၊ ွမောနမ တွေသင်နဲ့ ကျောင်းသားတွေကို တကယ်တတ် တကယ်တော် ပြီး နောက်တစ်ဆင့် အခြေခံပညာ မူလတန်းမှသည် အလယ်တန်းပညာကို ကောင်းစွာသင်နိုင်ဖို့ ကျောင်းအုပ်ဆရာကြီး ဦးအုန်းမောင်က စေတနာတွေ မြောက်မြားစွာနဲ့ သင်ပေးခဲ့တာ စာမှာအညံ့စာရင်းဝင်တဲ့ ကျွန်တော် လေးတန်းအစိုးရစစ်ကြီးမှာ တတိယဆု ရရှိခဲ့တယ်ဆိုရင် ဆရာတွေ အသင်အပြ ဘယ်လောက်ကောင်းခဲ့သလဲ ခန့်မှန်းလို့ရပါတယ်။

တစ်ချိန်က မြန်မာ့ပညာရေးစနစ်ဟာ အင်မတန်မှ မြင့်မားခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ အဆင့်အတန်းမီခဲ့ပါတယ်။ အာရှမှာသာမက ကမ္ဘာ့အဆင့်မှာတောင် မြန်မာ့ပညာရေးကို လေးစားရပါတယ်။ အရှေ့တောင်အာရှမှာ အနောက်တိုင်း ပညာတွေသင်ချင်ရင် မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်ကြီးကို လာရောက်ပညာ သင်ကြားခဲ့ရတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။ ယခင် အတိတ်တွေကို လွမ်းဆွတ်ဖို့ မလိုဘူးဆိုပေမယ့် ဖြတ်သန်းခဲ့ရတဲ့အခြေအနေ၊ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ ကောင်းတွေကို လက်ဆင့်ကမ်းပေးနိုင်ဖို့ ပညာဟာ အရေးကြီးတာကြောင့် ထိန်းသင့်တာထိန်း ဖြည့်စွက်သင့်တာဖြည့်စွက်ရင်း ငယ်စဉ်ဘဝ ပညာရေးကို လွမ်းမိကြောင်းပါ။    ။