စုပေါင်းအင်အား စိန်ခေါ်မှုများ ကျော်လွှာ

၇ သြဂုတ်

“မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်အတွက် ကျွန်မတို့အစိုးရအနေနဲ့ ‘စုပေါင်းအင်အား’ကို အလေးထားပြီး နိုင်ငံရဲ့ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတည်ဆောက်ရာမှာ စုပေါင်းအင်အားဟာ အဓိကပါ။ တိုင်းရင်းသားများအကြား နှစ်ရှည်လများစွာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများ ငြိမ်းအေးစေဖို့ အပြန်အလှန်နားလည်မှု၊ အပြန်အလှန် လေးစားမှုက အခြေခံအုတ်မြစ်ပါ။ ဒီအုတ်မြစ်ကိုစုပေါင်းအင်အားနဲ့ ခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်။ ပြည်သူများကအစိုးရရဲ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီပေးစေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ အနာဂတ်အကျိုးမျှော်ကိုးပြီး လူငယ်များ ပါဝင်စေချင်ပါတယ်။ ပါဝင်နေကြတာကိုလည်းတွေ့ရလို့ အင်မတန်မှ ဝမ်းသာပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့် မိန့်ခွန်းတွင် ပြောကြားထားသည်။

နိုင်ငံတော်တွင် အရေးတကြီးလိုအပ်နေသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တည်ဆောက်ရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊နိုင်ငံရေးပါတီ၊ တိုင်းရင်းသားအဖွဲ့အစည်း၊ အသိပညာရှင်၊ အတတ်ပညာရှင် တည်းဟူသော ပြည်သူများ၏ စုပေါင်းအင်အားဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ပထမအစည်းအဝေး၊ ဒုတိယအစည်းအဝေး၊ တတိယအစည်းအဝေးများ ကျင်းပကာ တည်ဆောက်ခဲ့ကြသည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးရေး၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြသည်။ အစိုးရအနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက်ကြိုးပမ်းစွမ်းဆောင်ခဲ့ရာတွင် အောင်မြင်မှုများ၊ အားသာမှုများ၊ အားနည်းချက်များ ရှိမည်ဖြစ်သည်။ အောင်မြင်မှုများကို ပိုမိုအောင်မြင်အောင်၊ အားနည်းမှုများ လျော့ပါးသွားအောင် အပြုသဘောဆောင် အကောင်းမြင်စိတ်ထားများ မွေးမြူပြီး စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စတင်ရုန်းကန်နေရသည့် အချိန်တွင် ပြည်တွင်း၊ ပြည်ပစိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင် ဖြစ်သည်။မည်သို့ပင် ရင်ဆိုင်ရသည်ဖြစ်စေ ပြည်သူတို့၏ စုပေါင်းအင်အားနှင့်ကမ္ဘာ့အသိုင်းအဝိုင်းအတွင်း တာဝန်သိစွာဖြင့် ရပ်တည်နိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများ၏စုပေါင်းအင်အားဖြင့်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်။ လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ပြည်သူများ ရေဘေးဒုက္ခရောက်ကြရသည်။ ယင်းဘေးဒုက္ခများမှ ကျော်လွှားနိုင်အောင်လည်း ပြည်သူများ၏ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ကြရမည်။

နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ပေါ်လာအောင် စုပေါင်းအင်အားဖြင့် တည်ဆောက် လျက်ရှိသည်။ ထိုသို့တည်ဆောက်နေချိန်တွင် နိုင်ငံအတွင်း ကြုံတွေ့နေရသည့် ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုများမှာ များပြားလှသည်။ မျှော်မှန်းနိုင်သော ပြဿနာများ၊ စိန်ခေါ်မှုများကို ဖြေရှင်းနေရချိန်တွင် မမျှော်မှန်းနိုင်သော ယနေ့ကြုံတွေ့နေရသော သဘာဝဘေးပြဿနာကဲ့သို့ စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင် ဖြေရှင်းကြရဦးမည် ဖြစ်သည်။ မည်သို့ပင် ပြဿနာများ၊ စိန်ခေါ်မှုများ ရှိသည်ဖြစ်စေ ပြည်သူတို့၏ စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက်ကြမည်ဆိုလျှင် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်မည် ဖြစ်သည်။ ပြည်သူတို့၏ စုပေါင်းအင်အားသည် အရေးပါသော စွမ်းအားများ ဖြစ်သည်။ စုပေါင်းအင်အားဖြင့် ပြည်သူများ လူမှုဘဝမြင့်မားပြီး နိုင်ငံတကာအလယ်တွင် တင့်တယ်အောင် ကြိုးပမ်းရမည် ဖြစ်သည်။

သို့ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ နိုင်ငံ့တာဝန်ယူခဲ့ပြီးနောက် နိုင်ငံနှင့် ပြည်သူ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် မှန်ကန်သည့်စေတနာဖြင့် ကြိုးပမ်းဆောင်ရွက်နေသည်။ ထိုသို့ ကြိုးပမ်းနေချိန်တွင် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ပြဿနာများ၊ အခက်အခဲများကို စုပေါင်းအင်အားဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်အလေးအနက် တိုက်တွန်းအပ်ပါသည်။ ။

(ကြေးမုံ)