စုပေါင်းအင်အားဖြင့် သဘာဝအန္တရာယ်ကို ရင်ဆိုင်

၃၀  ဇူလိုင်

 

ကမ္ဘာတစ်ဝန်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများက ၂၁ ရာစု ဦးပိုင်းကာလမှစကာ သိသိသာသာ ထင်ထင်ရှားရှား ဖြစ်လာသည်ဟု သုတေသီတို့က ဆိုစမှတ်ပြုကြသည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း လိုလိုတွင် ကြုံတွေ့ကြရပြီး ယင်း၏အကျိုးဆက် အနေဖြင့်မူ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုခံစားကြရသည့် နိုင်ငံများ ကသာ အများစုဖြစ်သည်။ မိုးခေါင်ခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ ရေကြီးခြင်း၊ တောင်ကျရေစီးဆင်းခြင်း၊ မြေပြိုခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ပြင်းပြင်းထန်ထန်၊ အကြိမ်ရေများများ ဖြစ်ပေါ်ကာ သဘာဝဘေး အန္တရာယ်များကို နိုင်ငံအသီးသီးတို့ရှိ ပြည်သူများ ခံစားကြရသည်။

 

လတ်တလော ရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် မိမိတို့နိုင်ငံရှိ ဒေသအချို့တို့တွင် ရေဘေးဒုက္ခများ ခံစားနေကြရချိန်တွင် မိမိတို့၏အိမ်နီးချင်းနိုင်ငံများတွင်လည်း မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း ဘေးဒုက္ခများနှင့် ရင်ဆိုင်နေကြရသည်ကို သတင်းများတွင် တွေ့ရသည်။ အာရှအရှေ့ဖျားနိုင်ငံ တစ်ခုဖြစ်သည့် ဂျပန်တွင်မူ ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ခန့်က မိုးကြီးသည်းထန်စွာရွာသွန်းကာ မြေပြိုမှုများကြောင့် လူပေါင်း ၂၀ဝ ကျော် သေဆုံးခဲ့ရသည့် အဖြစ်ဆိုးနှင့်ရင်ဆိုင်ခဲ့ရာမှ လွန်ခဲ့သည့် တစ်ရက်နှစ်ရက်ကမူ အပူလှိုင်းကျရောက်သည့် ဒုက္ခကို ခံစားနေရပြန်သည်။

 

ဂျပန်တွင် ရင်ဆိုင်နေရသည့် အပူလှိုင်းသည် ဗြိတိန်၊ ကနေဒါနှင့် အိုမန်တို့ကို ဆက်စပ်လျက် မြောက်ကမ္ဘာလုံးခြမ်းတွင် ရက်ရှည်ကြာ ကျရောက်နေသည့် အခြေအနေကို တွေ့မြင်နေရပြီး အပူချိန်စံချိန်ချိုးကာ ဆွီဒင်၊ ဂရိနှင့် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားတို့တွင် လောင်ကျွမ်းခဲ့သည့် တောမီးများ၊ လူသေဆုံးမှုများနှင့် ဆက်နွှယ်နေ ကြောင်းကိုလည်း နိုင်ငံတကာသတင်းများတွင် တွေ့ရှိရသည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို နိုင်ငံအများ မလွှဲသာမရှောင်သာ ခံစားကြရသည့်နေရာတွင် မိမိတို့နိုင်ငံက အားအနည်းဆုံးနိုင်ငံများ စာရင်းတွင် ဝင်နေသည်ဟူ၍  လည်းကောင်း၊ မိမိတို့နိုင်ငံ၏ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုမှာ ကမ္ဘာ့အလယ်အလတ် အဆင့်လည်းမက အဆိုးဆုံးအဆင့်လည်းမကျသော အဆင့်တစ်ခုတွင် ရှိနေသည်ဟူ၍ လည်းကောင်း သုံးသပ်ဖော်ပြမှုများနှင့် စပ်လျဉ်း၍မူ မှန်ကန်တိကျစွာ ဆန်းစစ်မှု၊ နှိုင်းယှဉ်သုံးသပ်မှုများ ပြုလုပ်ရန် လိုကောင်းလိုမည် ဖြစ်သော်လည်း အချိန်မရွေးရင်ဆိုင်ကြုံတွေ့ ကြရမည့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုနှင့် ဆက်စပ်သည့် သဘာဝဘေး အန္တရာယ်များကိုမူ အခါမလပ် သတိချပ်၍ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားကြရမည် ဖြစ်သည်။

 

ရာသီဥတုပြောင်းလဲဖောက်ပြန်မှုသည် စိုက်ပျိုးရေးအပေါ် အဓိက မှီခိုအားထားနေရသည့် မိမိတို့နိုင်ငံအဖို့ ကြီးမားလှစွာသော ထိုးနှက်ချက်ပင်ဖြစ်သည်။ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်းနှင့် မုန်တိုင်းမိုးကဲ့သို့သော ပုံမမှန်ရွာသည့် မိုးတို့ကြောင့် စပါးအပါအဝင် စိုက်ပျိုးသီးနှံများကို ထိခိုက်ပျက်စီးစေကာ နိုင်ငံ၏ လူမှုစီးပွားအခြေအနေကို ထိခိုက်စေသည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်မှုတို့မှာ ရှောင်လွှဲ၍ မရသော သဘာဝ ဖြစ်စဉ်များသာ ဖြစ်သည့်အလျောက် ရင်ဆိုင်ကြရမည်သာ ဖြစ်သည်။ ယင်းသို့ ရင်ဆိုင်ကြရာတွင်လည်း “စုပေါင်းအင်အား” ဖြင့်သာလျှင် အရာရာကို ရင်ဆိုင်နိုင်ကြမည်ဟု ရှုမြင်မိပါကြောင်း။ ။

 

မြန်မာ့အလင်း