စုပေါင်းညီညာ အောင်ကြောင်းအဖြာဖြာ

၁၄   ဇန်နဝါရီ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဖွံ့ဖြိုး တိုးတက်လာရေးအတွက် အရေးပါသော အခြေခံလုပ်ငန်းမှာ မိမိတို့ ရပ်ရွာဒေသအတွင်း ကောင်းသောအမှုကိစ္စအဖြာတို့ကိုဘာသာ၊ လူမျိုးမခွဲခြားဘဲ တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိရှိ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ။

အိမ်ထောင်စုများ စုပေါင်းနေထိုင်ကြသဖြင့် ရပ်ရွာတို့ပေါ်ပေါက်လာသည်။ ရပ်ရွာတို့ စုပေါင်းဖွဲ့စည်းလိုက်သဖြင့် မြို့၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၊ နိုင်ငံတို့ ပေါ်ပေါက်လာရသည်။ ထိုနိုင်ငံတော်ကြီး အေးချမ်းသာယာ ပျော်ရွှင်ဖွယ်ကောင်းပြီး ဖွံ့ဖြိုးတိုးတက်လာရေးမှာ ရပ်ရွာဒေသများတွင် စည်းလုံးညီညွတ်စွာဖြင့် ကောင်းသော အမှုများကို နားလည်မှုရှိရှိဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရေးဖြစ်သည်။ ။

လူမှုဘ၀တည်ဆောက်မှုအရ၊ ဆိုင်ရာဆိုင်ရာ ဘာသာတရားအရ ကောင်းသောအမှုတို့ကို ပြုလုပ်ခြင်းသည် ယခုဘဝပစ္စက္ခတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှုတို့ကို ရရှိနိုင်သည်။ နောင်သံသရာဘ၀များတွင်လည်း ဆိုင်ရာဆိုင်ရာ အထက်တန်းကျသော ဘ၀သမ္ပတ္တိသုခကို ရရှိနိုင်သည်။ ထုံးစံအစဉ်အလာအရ ကောင်းသောအမှုကို ပြုလုပ်ခြင်းသည် အဖိုးတန်လှပေသည်။ ထိုသို့အဖိုးတန်သောဘဝများကို လူတိုင်းလူတိုင်း ခံစားနိုင်ရေးအတွက် အသိမှန်၊ အလုပ်မှန်ဖြစ်လာစေရန် မိမိတို့ရပ်ရွရွာအတွင်း၌ ကောင်းသော အသင်းအပင်းများဖြင့် စုစည်းကာပြုလုပ်ကြရမည် ဖြစ်သည်။

မြတ်စွာဘုရားရှင်က ပုဂ္ဂိုလ်လေးမျိုးကိုဟောပြတော်မူသည်။ ဘာသာတရား၏ ညွှန်ပြမှုအရ ကောင်းသော အမှုများကိုပြုလုပ်လေ့ရှိပြီး သူတစ်ပါးကိုလည်း ဟောပြောပြသစည်းရုံးမှု မပြုသူ၊ ကိုယ်တိုင်ကမူ ကောင်းမှု မပြုဘဲ သူတစ်ပါးကိုသာ တိုက်တွန်းနှိုးဆော်တတ်သူ၊ ကိုယ်တိုင်လည်းကောင်းမှုမပြု။ သူတစ်ပါးကိုလည်း တိုက်တွန်းခြင်းမပြုသူနှင့် မိမိကိုယ်တိုင်ကောင်းသော အမှုများကို စေတနာပါပါပြုလုပ်ပြီး အခြားသူ များကိုလည်း မိမိကဲ့သို့ပင် ကောင်းသောအမှုများကိုပြုလုပ်ကြရန်တိုက်တွန်းနှိုးဆော်တတ်သူဖြစ်သည်။

ထိုပုဂ္ဂိုလ်လေးမျိုးတို့၏ စိတ်နေစိတ်ထားနှင့် ဆောင်ရွက်ချက်များ ကွဲပြားမှုကြောင့် လောကအလယ်တွင် လူတန်းစား လေးမျိုးပေါ်ပေါက်လာသည်။ ဤဒေသနာကိုကြည့်ပါက မိမိကိုယ်တိုင် ကောင်းသောအမှုများကို ပြုလုပ်လေ့ရှိပြီး သူတစ်ပါးကိုလည်း မိမိကဲ့သို့ ပြုလုပ်ရန် တိုက်တွန်းနှိုးဆော် စည်းရုံးဦးဆောင်သူနှင့် သူ၏ပတ်ဝန်းကျင်ရှိလူအများမှာ အေးချမ်းသာယာ စိတ်ချမ်းမြေ့မှုအပေါင်းနှင့်ပြည့်စုံကာ ဥစ္စာပစ္စည်း ပေါများခြင်းနှင့် ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းတို့ပြည့်စုံနိုင်သည်။ ကိုယ်တိုင်လည်း ကောင်းသောအမှု ကိုမပြု၊ သူတစ်ပါးကိုလည်း တိုက်တွန်းခြင်းမပြုသည့်အပြင် မကောင်းမှု များကိုပြုလုပ်ကြရန် စည်းရုံးလုပ်ကိုင်ကြသော နယ်ပယ်များတွင် ဒုက္ခဆင်းရဲ ရောက်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ။

ရပ်ရွာကောင်းကျိုးကို ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ရည်ရွယ်ချက် နှစ်မျိုးရှိသည်။ မိမိရပ်ရွာ ရှိလူအများအနေဖြင့် သံသရာတစ်လျှောက် ဘ၀သမ္ပတ္တိပြည့်စုံစေရန်နှင့် ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့ စည်းလုံး ချစ်ကြည်မှု တိုးတက်ကောင်းမွန်စေရန် ဖြစ်သည်။ ထိုရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုသားအသင်းအဖွဲ့ အပေါင်းတို့သည် စည်းရုံးစုပေါင်းကြကာ အမျိုး၊ ဘာသာ၊ နိုင်ငံတော်အတွက် ဆောင်ရွက်ကြရသည်။ လူတိုင်းလူတိုင်း ဝမ်းရေးအတွက် အချိန်ပြည့် ကြိုးစားရုန်းကန်နေရသည့်ကြားကပင် ကောင်းသောအမှုများကို ပြုလုပ်ကြခြင်းဖြင့် ရပ်ရွာအကျိုးကို သယ်ပိုးဆောင်ရွက်ကြရမည် ဖြစ်သည်။

အမှန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံရုံမျှဖြင့် လောက၌ ငြိမ်းချမ်းသာယာမှုကို မရနိုင်။ ထိုသို့မရနိုင်ကြောင်းကို သိပ္ပံပညာတွန်းကားသော ကမ္ဘာလောကကြီးအတွင်းမှအဖြစ်အပျက်များက သက်သေပြလျက်ရှိသည်။ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံရုံမျှဖြင့်လည်း လောက၌ ငြိမ်းချမ်းသာယာမှုအပေါင်းကို မရနိုင်ကြောင်းကို ဤလောက၌ပင် သက်သေပြလျက်ရှိသည်။ သို့ရာတွင် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ပြည့်စုံမှုဖြင့်ကား လောက၌ ငြိမ်းချမ်းသာယာ မှုကို ရရှိနိုင်သည်။ သို့ဖြစ်ရာ လောကဓမ္မ နှစ်ဌာနအကျိုးကို ပြီးစေသော ကောင်းသောအမှု၊ ကောင်းသောအလုပ်တို့ကိုမြန်မာနိုင်ငံသူ နိုင်ငံသားများ အားသွန်ခွန်စိုက် ကြိုးပမ်းအပ်ပါကြောင်း။ ။

ကြေးမုံ