စုပ်ခွက်ငါးအန္တရာယ်အသိပညာပေးလုပ်ငန်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်မည်

ရန်ကုန်၊ ၁၂ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီးပြီးလျှင် ရန်ကုန်တိုင်းဒေသကြီးမှာ ငါးမွေးမြူမှုအများဆုံးဖြစ်ရာ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ငါးမွေးကန်များထိ ပျံ့နှံ့လာသော အသားစားကြူးသည့် စုပ်ခွက်ငါးများအန္တရာယ်ကို ကာကွယ်မှုနှင့်အတူ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြည်ပမှ အလှမွေးငါးအဖြစ် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ်မတိုင်မီ ဝင်ရောက်ခဲ့ရာ တိုးပွားနှုန်းမြန်ပြီး အစုံစားငါးမျိုးစိတ်ဖြစ်သောကြောင့် ရေသတ္တဝါတို့၏ ဂေဟစနစ်ကို ပျက်စီးစေသည့်အတွက် ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးမွေးတောင်သူတို့ကို နှစ်စဉ်အသိပညာပေးလျက်ရှိသည်။

  တိုင်းရင်းငါးမျိုးစိတ်များကို ပျက်စီးစေနိုင်သော စုပ်ခွက်ငါးများကို ၂၀၀၉-၂၀၁၀ ခုနှစ်၌ ဧရာဝတီမြစ် အတွင်း ရေလုပ်သားများ စတင်ဖမ်းမိရာမှ မြေွပွေးငါးခူအဖြစ်အမည်တပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ ရန်ကုန် တိုင်း ဒေသကြီးအတွင်း မအူပင်၊ တွံတေး၊ ပန်းတနော်ငါးမွေးကန်များတွင် စတင်တွေ့ရှိရသော ကြောင့်   ငါးကန်အောက်ခြေ ဂေဟစနစ်ကို ပျက်စီးခြင်း၊ မွေးမြူရေးငါးအစာများကို ဖဲ့ယူစားသုံးမှုကြောင့် ငါး ထွက်နှုန်း ကျဆင်းခြင်းနှင့် ကန်ပေါင်များ ပျက်စီးခြင်းကို ရင်ဆိုင်ခဲ့ကြကြောင်း၊ ရေချိုတွင် ရှင်သန် ပေါက်ပွားသော ငါးမျိုးစိတ်ဖြစ်ရာ ရည်ရှည်တွင် ရေချိုငါးမွေးမြူရေးနှင့် မြစ်၊ ချောင်းများအတွင်းရှိ ဒေသမျိုးစိတ်၊ မျိုးကွဲများ ပျက်စီးစေနိုင်သောကြောင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းကို ထိခိုက်မှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

“၂၀၁၇ ခုနှစ်ကစပြီး စုပ်ခွက်ငါးနဲ့ပတ်သက်ပြီး သတိပေးစာတွေထုတ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာ စုပ်ခွက်ငါးကို ဘုရားကန်တွေမှာ အများဆုံးတွေ့ရတယ်။ ဘေးမဲ့လွှတ်တာကြောင့်ပါ။ ဘေးမဲ့ကန်တွေ ဆယ်ရင် ငါးလုပ်ငန်းဦးစီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က လမ်းညွှန် ထားတာကြောင့် ကန်ကိုရေစုတ်ထုတ်ပြီး လွှတ်လို့ရတဲ့ ငါးတွေကို ကန်တော်ကြီး၊ အင်းလျားကန်မှာ လွှတ်တယ်။ စုပ်ခွက်ငါးကိုတော့ မြေမြုပ်ပြီးဖျက်ဆီးပစ်တယ်။ အလှမွေးငါးထဲမှာ သူနဲ့ ပီးကော့ငါး၊ ငါးရံ့ဘီလူး စတဲ့ သားစားငါးမျိုးတွေကြောင့် ငါးတွေကိုစားသုံးတဲ့အတွက် မွေးမြူရေးလုပ်ငန်းကို ထိခိုက်စေပါတယ်။ ဒီလိုငါးမျိုးမရှိသင့်ပါဘူး။ အလှမွေးသူတွေက အကြောင်း အမျိုးမျိုးကြောင့် မမွေးတော့ရင် သဘာဝကန်တွေကို သွားလွှတ်ကြတဲ့အတွက် များလာတာလည်းပါတယ်။ ကျွန်မတို့ လုပ်ဆောင်နေတဲ့ အသိပညာပေးမှုကို ပိုပြီးလုပ်ဆောင်ရမှာပါ။ စုပ်ခွက်ငါးကို ငါးမွေးကန်နဲ့ သဘာဝမြစ်၊ ချောင်းအတွင်း မထည့်ဖို့ ပိုစတာတွေနဲ့ အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ရှိပါတယ်။ ပြည်သူသိအောင် ရုပ်မြင်သံကြား၊ ရေဒီယိုကနေပညာပေးဖို့လည်းလိုပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာယဉ်ယဉ်မိုးက  ပြောပြသည်။

စုပ်ခွက်ငါးများကို အလှမွေးရာမှ ပေါက်ပွားနှုန်းမြန်သောကြောင့် ဘေးမဲ့ကန်၊ ဘုရားကန်များနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်တွင် လွှတ်ရာမှ မျိုးပွားခဲ့ခြင်းဖြစ်ပြီး မျိုးပွားနှုန်းမြန်ဆန်၍ မြေကြီးတွင် စုပ်ခွက်ဖြင့် ကပ်နေသောကြောင့် ဖမ်းဆီးရန်ခက်ခဲတတ်ရာ ကန်ပေါင်နှင့်ကန်အောက် ခြေတွင် အပေါက်များ ဖြစ်ပေါ်စေလျက် အကောင်ကြီးလာပါက အခြားငါးမျိုးစိတ်များကိုစားသုံးသည်။ မာကြောသော ဆူးတောင်တို့ကြောင့် ငါးဖမ်းပိုက်များ ပျက်စီးတတ်ပြီး ထိုငါးကြောင့် နိုင်ငံခြားဝင်ငွေရရှိနေ‌သော ငါးမွေးမြူရေးလုပ်ငန်းကို တစ်ချိန်တွင် ထိခိုက်နိုင်လျက်ရှိသည်။

 “တစ်ချိန်က ဒေသမျိုးရင်းတွေဖြစ်တဲ့ ငါးကျည်း၊ ငါးခူ၊ ငါးရံ့၊ ငါးပြေမဆိုရင် သဘာဝမရှိတော့ဘူး၊ မွေးငါးပဲရှိတော့တယ်။ ဒါဟာဒေသမျိုးရင်းတွေ သဘာဝမြစ်၊ ချောင်းမှာ ပျောက်ကွယ်သွားတဲ့ သဘောပဲ။ ဒီလိုဒေသမျိုးရင်း လျော့နည်းလာချိန်မှာ မွေးမြူရေးကဏ္ဍအတွက် အန္တရာယ်ရှိတဲ့ စုပ်ခွက်ငါးတွေကို မမွေးဖို့ ထိန်းချုပ်ရမှာပါ။ ငါးမွေးတောင်သူတွေအနေနဲ့ စုပ်ခွက်ငါးအန္တရာယ်ကို သိကြတယ်။ ကြုံလည်းကြုံခဲ့ဖူးတယ်။ ရေသွင်း/ရေထုတ်ကအစ စုပ်ခွက်ငါးမျိုးဉတွေပါလာမှာစိုးလို့ သတိထား ရတဲ့ကြားက ကြုံရတာရှိတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ ပျက်စီးစေတဲ့အတွက် မရှိသင့်တဲ့ ငါးတစ်မျိုးပါ။ မြန်မာ့ရေမြေမှာ အဆမတန်ပေါက်ပွားလာတာကို ပြန်လည်သုံးသပ်ဖို့ လိုလာပြီ” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယဉက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောပြသည်။

ပြည်ပမှ ဝင်ရောက်လာသော စုပ်ခွက်ငါးအန္တရာယ်ကို တားဆီးကာကွယ်မှုနှင့်အတူ ရေသယံဇာတပေါ များသော နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် မြေဩဇာအဖြစ် အသုံးပြုခြင်းဖြင့် စိုက်ပျိုးရေး ကဏ္ဍကို အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် ရေသတ္တဝါတို့၏ ဂေဟစနစ် ပျက်စီးမှု မရှိစေရန် တိုင်းရင်းငါးများပျက်စီးစေမည့် စုပ်ခွက်ငါးအန္တရာယ်အား ငါးမွေးတောင်သူများနှင့်အများ ပြည်သူပိုမိုသိရှိိနိုင်ရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး