ဒစ်စနေလောကကနေ အနားယူတော့မယ့် ဇန်ဒါယာ

ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ဒစ်စနေရဲ့ ရုပ်ရှင်ပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာလည်း အောင်မြင်တဲ့ ဇာတ်ဆောင်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်တဲ့ ဟောလိဝုဒ်ကြယ်ပွင့် ဇန်ဒါယာက သူဟာ ဒစ်စနေ ရုပ်ရှင်လောကကနေ အနားယူတော့မှာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

 

လတ်တလောမှာ အသက် (၂၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇန်ဒါယာက သူ့ရဲ့နောက်ဆုံးသော ဒစ်စနေရုပ်ရှင်ကို နှုတ်ဆက်ကြောင်း လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ တွစ်တာစာမျက်နှာပေါ်ကနေ တစ်ဆင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်မှာ ပရိသတ်တွေကို အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဇန်ဒါယာက ''ဒီနေ့ညဟာ KC ရဲ့ နောက်ဆုံးသော အပိုင်းဖြစ်ပါတယ်၊ ဒါကြောင့် ဒစ်စနေ ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ ကျွန်မရဲ့ နောက်ဆုံးသော ရုပ်ရှင်လည်း ဖြစ်ပါတယ်''လို့ ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်အတွင်း စတင်ရိုက်ကူးခဲ့တဲ့ အဆိုပါ ရုပ်သံဇာတ်လမ်းတွဲရုပ်ရှင်ရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ''K.C. Undercover: The Final Chapter''ကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

 

ဒီလို ဒစ်စနေသရုပ်ဆောင်ဘဝကို အဆုံးသတ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဇန်ဒါယာရဲ့ ပရိသတ်တွေကတော့ ဝမ်းနည်းကြောင်း စကားတွေနဲ့ သူ့ရဲ့ အနုပညာ သက်တမ်းမှာ အားပေး နှစ်သက်ခဲ့ရကြောင်း ပြန်လည်ရေးသား ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဇန်ဒါယာက လက်ရှိမှာ သူဟာ အသက်အရွယ်အရ အတော်လေးအရွယ် ရောက်လာပြီဖြစ်ကာ သူ့ရဲ့ဘဝမှာ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ သရုပ်ဆောင်လုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်လိုတာတွေ များစွာ ရှိနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် ပညာရေးပိုင်းမှာလည်း ကောလိပ်တက်ရောက်ဖို့ရာ ရှိနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ဇန်ဒါယာဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း သရုပ်ဆောင် ဘယ်လာသွန်းနဲ့ တွဲဖက်ကာ ဒစ်စနေရုပ်သံလိုင်းရဲ့ ''Shake It Up''မှာ ပါဝင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဒစ်စနေရုပ်သံရုပ်ရှင်တွေဖြစ်ကြတဲ့ ''Frenemies''၊ ''Zapped''မှာ ကျရာဇာတ်ကောင်နေရာမှာ ပါဝင်ခဲ့ကာ ''Good Luck Charlie'' နဲ့ ''A.N.T. Farm'' စတဲ့ ရုပ်ရှင်တွေမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်မှာတော့ ပင့်ကူလူသားရုပ်ရှင်ဖြစ်တဲ့ ''Spider-Man: Homecoming ''မှာ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာ ဖက်ရှင်ဒီဇိုင်းပိုင်းမှာလည်း အထူးအောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

အေးပြည့်

စုစည်းသည်