ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး လုပ်ငန်းများကို နည်းပညာအသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၂၆ ရက် ညနေ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။         ဒီနေ့အစီအစဉ်မှာ မြန်မာနိုင်ငံ စီးပွားရေးရဲ့ အဓိကအခြေခံကျတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေကို နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုကို အသုံးပြုပြီး ဘယ်လိုတွေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်မလဲဆိုတဲ့ အကြောင်းအရာတွေ အပါအဝင် ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေကို ဖော်ဆောင်သွားမယ့် အကြောင်းအရာတွေကို ဗဟုသုတအဖြစ် မျှဝေပေးသွားမယ့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/ အဖြေ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးကြမည့်သူတွေက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အိုင်တီနည်းပညာအကြံပေး ဉီးသာထက်တို့ဖြစ်ပါတယ်။

 

ပထမဦးဆုံးမေးခွန်းအနေနဲ့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကဆောင်ရွက်တဲ့ နိုင်ငံဖြစ်ပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ စိုက်ပျိုးရေး၊ မွေးမြူရေးတွေကို ဘယ်လိုမျိုး ဖော်ဆောင်သင့်သလဲ၊ ဘယ်လိုမျိုးဖော်ဆောင်နိုင်သလဲ ဆိုတာကို ဆရာဦးရဲမင်းအောင်က အကြံပြုဆွေး နွေးပေးပါဦး။

 

ဦးရဲမင်းအောင်။      စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုကို အထောက်အပံ့ ဖြစ်သလို တစ်ဖက်ကလည်း နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချနိုင်တဲ့ အလားအလာတွေလည်း အများကြီးရှိပါတယ်။

 

ကျွန်တော်တို့ လူဦးရေအများစုရဲ့ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းကလည်း ဒီစိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေမှာဘဲ မှီခိုနေရတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုက အလွန်ကို အရေးတကြီး နှီးနွယ်ပတ်သက်နေတဲ့ အနေအထားရှိပါတယ်။

 

ကျွန်တော်တို့ ကုန်သည်စက်မှုအသင်းချုပ်က ညီနောင်အသင်းတွေရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေ၊ မွေးမြူရေးနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေ၊ ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ပုဂ္ဂလိက ကဏ္ဍကို ကိုယ်စားပြုပြီး ပြောင်းလဲလာတဲ့ အခြေအနေမှာ ဒီပြောင်းလဲမှုကလည်း ကိုဗစ် - ၁၉ ကြောင့် အားလုံးလုပ်ရကိုင်ရတဲ့ ပုံသဏ္ဏာန်တွေကအစ ပြောင်းလဲလာပါတယ်။

 

နိုင်ငံတကာဈေးကွက် လိုအပ်ချက်တွေ ပြောင်းလဲလာတယ်။ ပြည်တွင်းရဲ့ ဈေးကွက်အနေအထားတွေ ပြောင်းလဲလာတယ်။ ဒီပြောင်းလဲလာတဲ့ အနေအထားတွေမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိကလုပ်ငန်းကို လုပ်ကိုင်နေတဲ့ အငယ်စား၊ အသေးစား၊ အကြီးစား အားလုံးအတူတကွ ပြောင်းလဲပြီးတော့ လုပ်နိုင်ကိုင်နိုင်ဖို့အတွက် ညှိနှိုင်းပေါင်းစပ်ပြီး ပြောင်းလဲနေတဲ့ အနေအထား ဖြစ်ပါတယ်။

 

COVID-19 Digital Economy Talkshow 26-11-2020 (2)

 

ပထမအချက် ကျွန်တော် အဓိကထားပြီး ပြောချင်တာက လယ်ယာသားငါးကဏ္ဍက ဈေးကွက်ရဲ့အပေါ်မှာ အများကြီးမှီခိုပါတယ်။ ဈေးကွက်သည် အရင်တုန်းက ပုံမှန်အတိုင်း သမားရိုးကျ ဈေးကွက်တွေ ရှိပါတယ်။ အခုခေတ်မှာ ကိုဗစ် - ၁၉ ကြောင့်လည်း ပါပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာတွေနဲ့ အွန်လိုင်းကနေတစ်ဆင့် ရောင်းချရတဲ့ လုပ်ငန်းစဉ်တွေ၊ Platformတွေ လိုအပ်လာတယ်။

 

ဒါတွေကလည်း အမှန်တကယ်ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ / နှစ်လောက်ထဲက ကြိုတင် ပြင်ဆင်ထားတာတွေ ရှိပါတယ်။ ဒါတွေလည်း ကိုဗစ် - ၁၉ ကြောင့် ပိုပြီးလျင်လျင်မြန်မြန်နဲ့ ဖြစ်ပေါ် လာတာတွေ ရှိပါတယ်။ ပထမတစ်ချက်အနေနဲ့ နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပြီး လုပ်ဆောင်သင့်တဲ့နေရာမှာ စိုက်ပျိုးမွေးမြူရေးကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုန်စည်ဒိုင်တွေရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။

 

ကုန်စည်ဒိုင်တွေဟာ အနယ်နယ်အရပ်ရပ်မှာ ရှိတယ်။ လယ်ယာထွက်ကုန်တွေ၊ မွေးမြူရေး ထွက်ကုန်တွေကလည်း ကုန်စည်ဒိုင်တွေကနေတစ်ဆင့် ကူးသန်းရောင်းဝယ်နိုင်တယ်။ ကုန်စည်ဒိုင် တွေကို အွန်လိုင်းနဲ့ e-Marketplace ဖြစ်အောင်၊ ပြည်တွင်းက စိုက်ပျိုးမွေးမြူထုတ်လုပ်တဲ့ တောင်သူတွေ အပါအဝင် ကုန်သည်တွေ၊ နည်းပညာရှင်တွေ၊ ကျွမ်းကျင်တဲ့သူတွေ၊ ကုမ္ပဏီတွေ နောက် နိုင်ငံတကာကလည်း ဝယ်လိုအား၊ ရောင်းလိုအားတွေကိုပါ သိရှိနိုင်အောင် ကုန်စည်ဒိုင်တွေကို အီလက်ထရောနစ် ဒစ်ဂျစ်တယ် နည်းပညာနဲ့ပြောင်းလဲဖို့ ဆောင်ရွက်နေတဲ့ အနေအထားတွေ ရှိပါတယ်။

 

နောက်တစ်ချက်က Sharing Economy ရဲ့ သဘောက လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လို့ရတဲ့ လုပ်ငန်းစဉ်၊ ဒါတွေကိုလည်း ပေါင်းစပ်ညှိနှိုင်းမှုတွေ များလာအောင် ကျွန်တော်တို့က လုပ်ပါတယ်။ ဥပမာ ရန်ကုန်ကနေ မြန်မာနိုင်ငံရဲ့ တနင်္သာရီတိုင်းဒေသကြီးဆိုရင် ဆန်စပါးစိုက်ပျိုးမှုနည်းတော့ ရန်ကုန်ကဆန်ကို တနင်္သာရီကို ပို့ရတယ်။ ပို့တဲ့အခါမှာ ရေလမ်းကြောင်းကိုသုံးပြီး ပို့ရတယ်။ အဲဒီလိုပဲ တနင်္သာရီက စိုက်ပျိုးထုတ်လုပ်တဲ့ နာနတ်သီးနဲ့ အခြားသစ်သီးဝလံတွေကို အပြန်မှာ ဒီသင်္ဘောနဲ့ သယ်လာတယ်ဆိုရင် စရိတ်စကတွေကိုလည်း မျှဝေပြီး ကျခံနိုင်တာဖြစ်တဲ့အတွက် ဒါဟာကောင်းမွန်တဲ့ အစီအမံတွေဖြစ်ပါတယ်။

 

နောက်တစ်ချက်က ကျေးရွာတွေမှာ ပူးပေါင်းဆောင်ရွက်မှု ပုံသဏ္ဍာန်တွေပေါ့နော်။ လယ်ထွန် စက်တို့၊ ရိတ်သိမ်းချွေလှေ့စက်တို့၊ အခြောက်ခံစက်တို့၊ သိုလှောင်ရုံတို့ ဒါတွေကို အချင်းချင်းမျှဝေပြီး ဝန်ဆောင်မှုပေးပြီး သုံးစွဲတဲ့ပုံသဏ္ဍာန်တွေကို ဆောင်ရွက်နေတဲ့ အနေအထားတွေ ရှိပါတယ်။

 

ကျွန်တော် ခြုံငုံပြီးပြောရမယ်ဆိုရင် ဒီနေ့ခေတ်ရဲ့ ပြောင်းလဲမှုလမ်းကြောင်းပေါ်မှာ အားလုံး ဘယ်သူမှ မကျန်ခဲ့ဘဲနဲ့ အတူတကွ လိုက်ပါလျှောက်လမ်းဖို့အတွက် နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိက အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေက ဆောင်ရွက်ရပါမယ်။ နောက် တောင်သူလယ်သမားတွေကလည်း အများပါဝင်မှုနဲ့ စုဖွဲ့ပြီး ဆောင်ရွက်ရမယ်။ မျှဝေပြီး ဆောင်ရွက်ရမယ့် အနေအထားတွေ ရှိပါတယ်။ ကိုယ့်မှာရှိတဲ့ အားသာချက်တွေကို အခြားသူတွေကို ဝန်ဆောင်မှုပေးနိုင်တဲ့ အနေအထားမျိုး ရှိနိုင်တယ်။

 

အဲဒီလိုပဲ အခြားသူတွေဆီကနေ မျှဝေပြီးသုံးစွဲနိုင်တဲ့ အနေအထားမျိုးတွေလည်း ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ့် အနေအထားတွေ အများကြီးရှိပါတယ်။ နိုင်ငံတော်အကြီးအကဲတွေကလည်း ကျွန်တော်တို့ နိုင်ငံကို စားနပ်ရိက္ခာတင်ပို့ ရောင်းချတဲ့ နိုင်ငံဖြစ်ဖို့၊ ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံဖြစ်ဖို့၊ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုတွေ သာမက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုနဲ့ ကမ္ဘာ့ဈေးကွက် အတွက်ပါ ဆောင်ရွက်ဖို့ နိုင်ငံတော်က လမ်းညွှန်ထားတာဖြစ်တဲ့အတွက် လမ်းညွှန်ချက်နဲ့အညီ ခေတ်ကာလ အခြေအနေနဲ့ ကိုဗစ် - ၁၉ ရဲ့ သက်ရောက်မှုတွေအပေါ်မှာ ကျွန်တော်တို့ အများကြီး လေ့လာသုံးသပ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတဲ့ အနေအထားရှိတယ်ဆိုတာ ဦးစွာဆွေးနွေးချင်ပါတယ် ခင်ဗျာ။

 

အစီအစဉ်မှူး။         ကိုဗစ် - ၁၉ ဖြစ်ပွားနေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်တဲ့ အခြေအနေတွေက ဘယ်လိုမျိုးတွေ ဖြစ်လာသလဲ ဆိုတာကို ဆရာဦးသာထက်က သုံးသပ်ပြောကြားပေးပါဦး။

 

ဦးသာထက်။           ကိုဗစ် - ၁၉ ကြောင့် မြန်မာပြည်သာမက ကမ္ဘာတစ်ဝန်းကရှိတဲ့ လုပ်ငန်း တွေအပေါ်မှာ ရိုက်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ရှိပါတယ်။ အလုပ်ရှင်ရော၊ အလုပ်သမားတွေရော တည်ငြိမ်နေတဲ့ အခြေအနေ တစ်ခုကနေ ရုတ်တရက်ကြီး အကျပ်အတည်း မျိုးစုံကြုံကြရပါတယ်။

 

ဒီလိုထိခိုက်မှုကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ လူတွေ၊ အလုပ်ပြောင်းလုပ်ရတဲ့ လူတွေ၊ လုပ်ငန်းပုံစံ ပြောင်းသွားတာတွေ စသည်ဖြင့် အလုပ်အကိုင်ဈေးကွက်မှာ လိုအပ်ချက်နဲ့ ဖြည့်ဆည်းနိုင်စွမ်း Supply and Demand က ပြောင်းသွားပြီး ရုတ်တရက်ကြီး မမျှတတာ၊ အံဝင်ဂွင်ကျမဖြစ်တာတွေ ဖြစ်လာတယ်။ လက်တွေ့ဥပမာကြည့်မယ်ဆိုရင် ခရီးသွားလုပ်ငန်း ထိခိုက်လာတော့ ခရီးသွားအေးဂျင့်လုပ်တဲ့ ရုံးဝန်ထမ်းတွေ အများကြီးမလိုတော့ဘူး။ စားသောက်ဆိုင်တွေ ပိတ်လိုက်ရတော့ စားပွဲထိုးဝန်ထမ်းတွေ အများကြီးမလိုတော့ဘူး။ တစ်ဖက်မှာလည်း အွန်လိုင်းကနေ ရောင်းဝယ်တဲ့ လုပ်ငန်းတွေ ပေါ်လာတဲ့အခါ Delivery ပို့မယ့်သူတွေ အများကြီးလိုလာပြန်ရော၊ သူတို့တွေက စက်ဘီးတွေနဲ့ ပို့ကြတယ်ဆိုတော့ စက်ဘီးနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ ရောင်းအားတွေ ကောင်းလာပြန်ရော စက်ဘီးပြင်တတ်တဲ့သူတွေလည်း အများကြီးလိုလာပြန်ပါတယ်။

 

စီးပွားရေးလုပ်ငန်းတွေဘက်က ကြည့်မယ်ဆိုရင် ဖြန့်ဖြူးရောင်းချတဲ့ပုံစံတွေ၊ ထုတ်လုပ်တဲ့ပုံစံတွေ ပြောင်းလိုက်ရပါတယ်။ အခုဆိုရင် Facebook ကနေ live လွှင့်ပြီး ကားလည်း ရောင်းတယ်၊ လက်ဝတ်ရတနာတွေလည်း ရောင်းတယ်၊ စားသောက်ကုန်တွေလည်း ရောင်းတယ် အကုန်လုံး အွန်လိုင်းမှာ တက်ရောင်းကြတာပေါ့နော်။ အွန်လိုင်းကနေ ဝယ်ယူတာတွေ၊ မှာယူတာတွေ လုပ်နေကြတာက အားလုံးရဲ့ အမြင်ပါ။ ရုတ်တရက်ကြီး လုပ်ငန်းတွေ ပြောင်းသွားတဲ့ အခြေအနေတွေပါ။ ဒါက ပြည်တွင်းမှာ ရိုက်ခတ်မှုကြောင့် ထိခိုက်ပြောင်းလဲသွားတဲ့ အခြေအနေ ဥပမာတွေကို ပြောတာပါ။

 

ပြည်တွင်းမှာ သာမက နည်းနည်းလေး ချဲ့ပြီးကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ အာဆီယံ ဒေသအတွင်းကို ကြည့်ကြပါစို့။ အာဆီယံ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်ပြီး လုပ်ကိုင်နေကြတဲ့ ကဏ္ဍအမျိုးမျိုးမှာရှိကြတဲ့ ကျွန်တော်တို့ နိုင်ငံသား ကျွမ်းကျင်သူတွေ ရှိကြပါတယ်။ အဲဒီနိုင်ငံတွေမှာလည်း ကိုဗစ် ဖြစ်တယ်ဆိုတော့ စီးပွားရေးတွေ၊ ကျန်းမာရေး အခြေအနေတွေ ပြောင်းလဲသွားတော့ သူတို့ဆီမှာလည်း သူတို့နိုင်ငံသားတွေကို ဦးစားပေးရတယ်။

 

ဦးစားပေးတဲ့အခါမှာ နေထိုင်လုပ်ကိုင်ဖို့ အခက်အခဲ ဖြစ်လာတဲ့ ပြည်ပရောက် ကျွန်တော်တို့ နိုင်ငံသားတွေ၊ ကျွမ်းကျင်သူတွေဟာ ပြည်တော်ပြန်ဝင်လာရမယ့် အခြေအနေတွေ ရှိလာတာပေါ့နော်။ သူတို့ ပြန်ရောက်လာပြီဆိုရင် ဘာဖြစ်လာမလဲဆိုတော့ သူတို့ပြည်တွင်းကို ရောက်လာတဲ့အခါ သူတို့ရဲ့ အတတ်ပညာ၊ အသိပညာ၊ အတွေ့အကြုံတွေနဲ့ လုပ်ကိုင်ဖို့ အပ်စပ်တဲ့ဈေးကွက်က မရှိဘူးဆိုရင် လုပ်အားတွေ အများကြီး ပိုလျှံတာမျိုး ဖြစ်လာမယ်။ ဆိုလိုတာက ကျွမ်းကျင်တဲ့သူရယ်၊ တတ်ကျွမ်းတဲ့ပညာရယ်နဲ့ ဈေးကွက်လိုအပ်ချက်က တည့်တည့်မကျဘူး ဖြစ်နေတာပေါ့နော်။

 

ဈေးကွက်ရဲ့ သဘောအရ တဖြည်းဖြည်းနဲ့ ညီမျှခြင်းမျှခြေတစ်ခုကို ပြန်ရောက်သွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကိုရောက်သွားမယ့် မျှခြေက အရင်က မျှခြေ မဟုတ်တော့ဘူးဆိုတာကို ကျွန်တော်တို့အားလုံး သတိပြုဖို့လိုပါတယ်။ အဲဒီမျှခြေကို ရောက်သွားတဲ့အချိန်မှာ ကိုယ်ရှိနေဖို့၊ ကိုယ်ပါနေဖို့ကို ကျွန်တော်တို့ ကြိုးစားကြရမယ့် အခြေအနေမျိုး ဖြစ်နေတာပါ။

 

အဲဒီမျှခြေကို ပြန်ရောက်ဖို့ ကြားကာလဟာ ကြာလေလေ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ လုပ်ငန်းတွေရဲ့ ဝင်ငွေတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘဝရပ်တည်မှု မတည်ငြိမ်မှုက ကြာလေလေ ဖြစ်နေမှာပါ။ ပုံမှန်အတိုင်းဆိုရင် ဒီလိုမျိုး အပြောင်းအလဲဖြစ်ဖို့အတွက်ကို စီမံကိန်းတွေ အမျိုးမျိုး၊ အားထုတ်မှုတွေ အမျိုးမျိုး၊ အချိန်ကာလတွေ အကြာကြီး အားထုတ်ပြီးမှ ရနိုင်တာ မျိုးပါ။

 

အခုကိုဗစ် ရိုက်ခတ်မှုကြောင့် ဈေးကွက်အခြေအနေကြီး ရုတ်တရက် ပြောင်းလဲဖို့ အချိန်တို အတွင်းမှာ ဖြစ်လာတာဟာ တစ်ဖက်ကကြည့်ရင် နိုင်ငံအတွက်က အခွင့်အလမ်းတစ်ခုပါပဲ။ ဒါကို အခွင့်အရေးတစ်ခုအနေနဲ့ ယူရမှာပါ။ ရောက်ရှိသွားမယ့် အခြေအနေက နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုစီးပွားအခြေအနေ ဖြစ်လာဖို့၊ အဲဒီအခြေအနေကို မြန်မြန်ရောက်ပြီး အားလုံးအခြေကျနိုင်ဖို့အတွက်ကို ရှေ့ကဆွေးနွေးခန်းမှာ ပါသွားတဲ့ ဆရာဦးဝေဖြိုးတို့၊ ဒေါက်တာ ထွန်းသူရသက်တို့ ဆွေးနွေးသွားတဲ့ Myanmar Economic Recovery and Reform Plan (MERRP) လိုဟာမျိုးကို အစိုးရက အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။

 

အနှစ်ချုပ်ပြောရမယ်ဆိုရင် အခြေအနေအသစ်တစ်ခုကိုတော့ ကျွန်တော်တို့ ပြောင်းနေပြီ။ တစ်ခါတည်းနဲ့ တည့်တည့်ကျမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါဟာ အခွင့်အလမ်း တစ်ရပ်ဆိုတာ ကျွန်တော်တို့ သိထားရမယ်။ ပြောင်းလဲမှုဖြစ်စဉ်မှာ လိုက်လျောညီထွေရှိအောင်၊ ကောင်းတဲ့ဘက်ကို ရောက်အောင်လုပ်ဖို့၊ လုပ်ငန်းတွေရော၊ အလုပ်သမားတွေရော မနာရအောင် အစိုးရက ဆောင်ရွက် နေပါတယ်။ ဒါကို သတိမူပြီး ကိုယ့်လုပ်ငန်း၊ ကိုယ့်ဝန်ထမ်း တတ်ကျွမ်းမှု အသိပညာ၊ အတတ်ပညာတွေ အခြေအနေအသစ်နဲ့ လိုက်လျောညီထွေရှိအောင် အားလုံးကြိုးစား ပြောင်းလဲရတော့မယ်လို့ ကျွန်တော် မြင်ပါတယ်။

 

အစီအစဉ်မှူး။         မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကိုသာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ ပြောင်းလဲပြီး လုပ်မယ်ဆိုရင် ဘယ်လိုမျိုးတွေ ဖော်ဆောင်နိုင်မလဲဆိုတာကိုလည်း ဦးရဲမင်းအောင်အနေနဲ့ ဆွေးနွေးပေးပါဦး။

 

ဦးရဲမင်းအောင်။      ကျွန်တော်တို့ ခုနက ဆွေးနွေးတဲ့အထဲမှာ ပြောသလို အဓိက ဈေးကွက်နဲ့ ဈေးကွက်တင်ပြီး ရောင်းချတဲ့အပိုင်းမှာ ကုန်စည်ဒိုင်တွေရဲ့ အခန်းကဏ္ဍပါ။ ကုန်စည်ဒိုင်တွေက ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေနဲ့သွားဖို့ ဒါကို ဦးစားပေးပြီး ဆောင်ရွက်နေတယ်။ အမှန်တကယ်က ကျွန်တော် ခုနကပြောသလိုပါပဲ။ လွန်ခဲ့တဲ့ / နှစ်ကစတယ် အခုကိုဗစ်ကြောင့် ဒါတွေက လျင်လျင်မြန်မြန် ပြောင်းလဲမှုဖြစ်လာတဲ့ အားသာချက်နဲ့ အခွင့်အလမ်းကောင်းတွေအဖြစ် ကျွန်တော်တို့ ရလိုက်ပါတယ်။

 

နောက်တစ်ချက်က ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေမှာ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ် သမားတွေ၊ မွေးမြူထုတ်လုပ်တဲ့သူတွေပါ ပါဝင်လာအောင် ဆောင်ရွက်နေတဲ့ အနေအထားတွေ ရှိပါတယ်။ နိုင်ငံတော်အစိုးရဘက်ကလည်း ဒါကို အားပေးကူညီမှုတွေရှိတယ်။ ကျွန်တော်တို့ ပုဂ္ဂလိက အသင်းအဖွဲ့အစည်းတွေကလည်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။

 

ဒီလိုမျိုး ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကနေ ပြည်တွင်းက ဝယ်ယူလိုတဲ့သူတွေသာမက နိုင်ငံတကာက ဝယ်ယူလိုတဲ့သူတွေအထိပါ ချိတ်ဆက်ပြီးရောင်းချနိုင်မယ့် အနေအထားတွေ ဖန်တီးလာနိုင်ပြီဖြစ်ပါတယ်။ နောက်ဆုံးမှာ အားလုံးက အသေးစား၊ အငယ်စား ထုတ်လုပ်နေတဲ့သူတွေ ကိုယ်တိုင်က ကိုယ်ထုတ်လုပ်တဲ့ စိုက်ပျိုးရေးထွက်ကုန်၊ မွေးမြူရေးထွက်ကုန်တွေကို ရောင်းချနိုင်တဲ့ အနေအထားတွေ ရှိလာမှာဖြစ်ပါတယ်။

 

နောက်တစ်ချက်က ကျွန်တော်တို့ တိုင်းပြည်ရဲ့ ထူးခြားတဲ့ သဘောသဘာဝက နိုင်ငံတကာက ပြန်လာတဲ့သူတွေ၊ များသောအားဖြင့် ကျွန်တော်တို့ တိုင်းပြည်က ထိုင်းနိုင်ငံတို့၊ မလေးရှား နိုင်ငံတို့မှာသွားပြီး အလုပ်လုပ်ကြတာများတယ်။ သူတို့ပြန်လာတဲ့အခါ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်မယ်။ 

 

ဒီလိုဖန်တီးနိုင်ဖို့ဆိုရင် ကျွန်တော်တို့က Agriculture လယ်ယာသားငါးကဏ္ဍနဲ့သက်ဆိုင်တဲ့ အခြေခံ အဆောက်အအုံတွေကို ရင်းနှီးမြှုပ်နှံမှုတွေ၊ အဲဒီမှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း လာနိုင်သလို ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့လည်း အခုထုတ်လုပ်နေတဲ့ သမားရိုးကျ ထုတ်လုပ်မှုပုံစံကနေ တန်ဖိုးမြင့်ထုတ်လုပ်တဲ့ ပုံသဏ္ဍာန်တွေကိုပါ ကူးပြောင်းပြီး အခွင့်အလမ်းတွေကို အရအမိ ရယူဆောင်ရွက်သွားဖို့လည်း လိုအပ်ချက်ရှိမယ်လို့ ပြောချင်ပါတယ်။ 

 

နောက်အဓိကထားပြီး ဆွေးနွေးချင်တာက ကိုဗစ် - ၁၉ ကြောင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထတွေလည်း ထွန်းကားလာတာ တွေ့ရပါတယ်။ ရန်ကုန်မှာဆိုရင် ကုန်ပစ္စည်း ထုတ်လုပ်တဲ့သူနဲ့ Delivery ဝန်ဆောင်မှုပေးတဲ့သူတွေ ပူးပေါင်းပြီး လုပ်ဆောင်လာကြပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့သူတွေ၊ ရောင်းချင်တဲ့သူတွေက   Delivery Service Provider ကို အားကိုးပြီး ဆောင်ရွက်ကြပါတယ်။

 

အွန်လိုင်းနည်းပညာရပ်တွေကို အားကိုးပြီးဆောင်ရွက်ကြတယ်။ ပူးပေါင်းဆောင်ရွက်မှုက မြို့ပြမှာ ဖြစ်လာသလို ကျေးလက်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တွေ့လာရပါတယ်။ ဉပမာ - ဆန်စပါးစိုက်ပျိုးတဲ့ တောင်သူတွေက သူတို့ကိုယ်တိုင် ဆန်စပါးကထွက်လာတဲ့ ကောက်ရိုးတွေကို သုံးပြီးတော့ မှိုစိုက်တဲ့လုပ်ငန်းကို လုပ်လာတယ်။ ဒီလိုပဲ မှိုစိုက်တဲ့ တောင်သူတွေကလည်း ဆန်စပါး စိုက်တဲ့ တောင်သူတွေနဲ့ ပူးပေါင်းပြီး တစ်ဖက်က ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းတွေကို သူတို့ လုပ်ငန်းအတွက် သုံးစွဲဖို့ကို ချိတ်ဆက်ပြီး လုပ်လာတာမျိုးတွေ တွေ့ရပါတယ်။

 

ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေက အတော်ကို ကောင်းပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတော် အစိုးရက ပထမဆောင်ရွက်တဲ့ Covid Economic Relief Plan (CERP) မှာလည်း ချေးငွေတွေ ပေးတဲ့အခါ စားသောက်ကုန် ထုတ်တဲ့လုပ်ငန်းတွေ၊ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ပတ်သက်ပြီး တန်ဖိုးမြှင့်ထုတ်တဲ့ လုပ်ငန်းတွေကို အများကြီး ပေးလိုက်တာတွေ့ရပါတယ်။

 

ဒီလိုမျိုး ချေးငွေအစီအစဉ်ကလည်း စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အပြည့်စုံဆုံး မဟုတ်တောင်မှ အထိုက်အလျောက် အကူအညီတွေရပါတယ်။ အခုဆက်ပြီး MERRP ဆိုတဲ့ စီမံကိန်းတစ်ခုကို ထပ်ပြီးဆောင်ရွက်ဖို့ ကြားသိရပါတယ်။ ဒီ Plan ဆောင်ရွက်တဲ့အခါမှာလည်း ပြည်ပက ပြန်ရောက်နေတဲ့ သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖို့ဆိုတာပါသလို တစ်ဖက်ကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ၊ စားသောက်ကုန်ထုတ် လုပ်ငန်းတွေကို အားပေးမယ်ဆိုတာ ပါတယ်လို့ သိရပါတယ်။

 

ဒါတွေကလည်း တကယ့်ကို ဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလ မတိုင်ခင်လေးမှာ တိရစ္ဆာန်မွေးမြူရေးနဲ့ ပတ်သက်ပြီး ဉပဒေတစ်ခု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒီဉပဒေက မွေးမြူရေးကဏ္ဍက မျှော်လင့်နေတဲ့ ဉပဒေဖြစ်တယ်။ မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် တကယ်ကို လိုအပ်တဲ့ ဉပဒေတစ်ခုကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှာ ပြဋ္ဌာန်းနိုင်ခဲ့တယ်။

 

နောက်တစ်ချက်က မြေအသုံးချတဲ့ ကိစ္စပါ။ ကျွန်တော်တို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေက မြေကိုအသုံးချရတယ်။ မြေကိုအသုံးချတဲ့လုပ်ငန်းတွေမှာ လယ်ယာမြေ ဥပဒေကို ပြင်ဆင်တဲ့ဉပဒေကိုလည်း ၂၀၂၀ ပြည့်နှစ် ကိုဗစ်မတိုင်ခင်လေးမှာပဲ ပြဋ္ဌာန်းနိုင်ခဲ့တယ်။ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ လယ်ယာမြေဥပဒေမှာ အခြားသီးနှံနဲ့ ရာသီသီးနှံတွေ ပြောင်းလဲစိုက်ပျိုးတဲ့ ကိစ္စတွေမှာ အကန့်အသတ်လေးတွေရှိတော့ ဒါတွေကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှာ လယ်ယာမြေဉပဒေကို ပြုပြင်ပြောင်းလဲတဲ့ ဉပဒေပြဋ္ဌာန်းနိုင်ခဲ့တယ်။ တိရစ္ဆာန်မွေးမြူရေးနဲ့ ပတ်သက်တဲ့ ဉပဒေကို ပြဋ္ဌာန်းနိုင်တယ်။ နောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ ဉပဒေတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

 

ကျေးလက်ဖွံ့ဖြိုးရေးက ကျွန်တော်တို့ တိုင်းပြည်ရဲ့ အဓိကကျတဲ့ အခြေခံလိုအပ်ချက်ဖြစ် ပါတယ်။ ဒီကျေးလက်ဖွံ့ဖြိုးရေးဉပဒေမှာ ကျေးရွာရဲ့ အရင်းမပျောက်တဲ့ ရန်ပုံငွေစနစ် တစ်ရပ်ကို ထူထောင်ပြီး ကျေးရွာရဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းကို တစ်ဖက်ကလည်း အရင်းမပျောက်အောင် ရန်ပုံငွေကို ထိန်းသိမ်းမယ်။ တစ်ဖက်ကလည်း အလားအလာရှိတဲ့ လုပ်ငန်းတွေကို စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ တိုင်ပင်ညှိနှိုင်းပြီး လုပ်မယ်ဆိုတဲ့ အစီအစဉ်တွေပါ ကျေးလက်ဖွံ့ဖြိုးရေးဉပဒေမှာ ပါလာပါတယ်။

 

ဒါကြောင့် ဉပဒေပိုင်းဆိုင်ရာ၊ နည်းဉပဒေပိုင်းဆိုင်ရာကိုလည်း ၂၀၁၉ - ၂၀၂၀ မှာ စိုက်ပျိုး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ပြောင်းလဲထားတဲ့ Legal Reform လုပ်ထားပြီးသားလည်း ဖြစ်ပါတယ်။ ဒီဖက်မှာ ကိုဗစ်ကထွက်လာတဲ့ MERRP နဲ့လည်း ချိတ်ဆက်ပြီး နိုင်ငံတော်အစိုးရရဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အပါအဝင် အခြားပုဂ္ဂလိကဘဏ်တွေကလည်း လယ်ယာသားငါး ဖွံ့ဖြိုးရေးအတွက် ပိုပြီးတော့ ထောက်ပံ့ငွေတွေ၊ ချေးငွေတွေ စီစဉ်ပေးလာပါတယ်။

 

တစ်ဖက်ကလည်း SME လုပ်ငန်းတွေက ဒီအချိန်မှာ စားနပ်ရိက္ခာဈေးကွက်ရဲ့ လိုအပ်ချက်တွေ၊ ဝယ်လိုအားတွေက များလာတဲ့အတွက် နိုင်ငံတကာမှာလည်း စစချင်းက Panic Shopping ဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ ဟိုတယ်တွေပိတ်၊ စားသောက်ဆိုင်တွေပိတ်ဆိုတော့ စားနပ်ရိက္ခာ ဈေးကွက်က တစ်ခါပြန်ပြီးကျသွားတယ်။ မတည်ငြိမ်တဲ့ အနေအထားတွေမှာ သတင်း အချက်အလက်ကလည်း အရေးကြီးပါတယ်။

 

ဒစ်ဂျစ်တယ်နည်းစနစ်တွေ၊ အွန်လိုင်းပလက်ဖောင်းတွေက အတော့်ကို အရေးကြီးပါတယ်။ ဒီလိုပြောင်းလဲနေတဲ့အချိန်မှာ ခုနကပြောတဲ့ ဉပဒေတွေလည်း ရှိတယ်၊ အစီအမံတွေလည်း ရှိတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး ကျေးရွာအဆင့်ကစပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လာမယ့် ၂၀၂၁ ခုနှစ်မှာ အားထည့်ပြီး ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်အကြီးအကဲတွေ မျှော်မှန်းတဲ့၊ ရိက္ခာတင်ပို့ရောင်းချတဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် ပေါ်ထွက်လာမယ့် အခွင့်အလမ်းကောင်းတွေလည်း ရှိနေပါတယ်။

 

အစီအစဉ်မှူး။         ဆရာဦးသာထက် အရှေ့ပိုင်းမှာ ဆွေးနွေးသွားတာက နိုင်ငံရဲ့စီးပွားရေး လုပ်ငန်းတွေက အွန်လိုင်းပေါ်ကို ရောက်လာမယ်။ ပြည်ပကနေ ပြန်ဝင်လာတဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လုပ်အားကလည်း ပိုနေပြီ။ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ပြောင်းလဲလာတယ်ဆိုပြီး သိရှိရပါတယ်။ နိုင်ငံတော်အစိုးရက မကြာခင်မှာလည်း စီမံကိန်းအသစ်ဖြစ်တဲ့ MERRP ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတော့ လက်တွေ့ အကောင်အထည်ဖော်မယ့်အပိုင်းမှာရော ဘယ်လိုမျိုးတွေရှိလာနိုင်မလဲဆိုတာ ဆွေးနွေးပေးပါဦး။

ဦးသာထက်။           လွန်ခဲ့တဲ့ရက်က ဆွေးနွေးတင်ပြသွားတဲ့အထဲမှာ MERRP မှာပါဝင်တဲ့ မဟာဗျူ ဟာကဏ္ဍတွေကို ဦးဝေဖြိုး ဆွေးနွေးတင်ပြသွားတာရှိပါတယ်။ အဲဒီအထဲမှာ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးချဆောင်ရွက်မယ့် လုပ်ဆောင်ချက်တွေရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဉပမာ ပြောရမယ်ဆိုရင် ပြည်တော်ပြန်ဝင်လာတဲ့ ပြည်ပရောက်နိုင်ငံသားတွေရဲ့ အသိပညာ၊ အတတ်ပညာ၊  အတွေ့အကြုံတွေနဲ့ ကောင်းကောင်းအသုံးဝင်မယ့် ပြည်တွင်းက အလုပ်အကိုင် အခွင့်အလမ်းတွေကို အလွယ်တကူရှာဖွေနိုင်ဖို့၊ ချိတ်ဆက်နိုင်ဖို့၊ အလုပ်အကိုင်တွေကို တွဲဖက်ပေးမယ့် နည်းပညာအသုံးပြုတဲ့၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်လောက်တဲ့ အလုပ်အကိုင်ရှာဖွေရေး ကွန်ရက်တွေ တည်ဆောက်ဖို့၊ အားပေးမြှင့်တင်ဖို့ လိုပါတယ်။

 

နောက်ပြီး ကျွမ်းကျင်သူ၊ အစွမ်းရှိသူတွေဆိုတာကလည်း တစ်နေရာတည်းမှာ၊ အဖွဲ့အစည်း တစ်ခုတည်းမှာ ရှိနေပြီး အသုံးပြုတာထက်စာရင် လိုအပ်ချက်က ပိုများနေတဲ့အခါမျိုးမှာ လုပ်ငန်း တစ်ခုတည်းကို ဝင်လုပ်နေတာထက် လိုအပ်တဲ့နေရာတိုင်းမှာ ပါဝင်နိုင်ဖို့ Self Contract သို့မဟုတ် အလွတ်တမ်း ပညာရှင်အဖြစ် လုပ်တာမျိုး ပညာရှင်ကို မျှဝေပြီးသုံးတာမျိုးက အဖက်ဖက်အတွက် ပိုပြီးအကျိုးရှိစေနိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။

 

ဒါကိုတော့ နိုင်ငံတကာမှာ gig economy လို့ခေါ်ပါတယ်။ gig economy ဆိုတာ အထူးအဆန်း မဟုတ်ပါဘူး။ ပညာရှင်ကို မျှဝေပါဝင်စေတယ် ဆိုတာကလည်း ယခင်တည်းကလည်း ရှိပါတယ်။ အနီးစပ်ဆုံး ဉပမာပါ။ မင်္ဂလာဆောင်မှာ ဘိသိတ်ဆရာလိုမျိုး၊ တီးဝိုင်းတို့၊ အဆိုတော်တို့ကို လုပ်ငန်းရှိမှ ငှားတာမျိုးပါ။ ကိုယ်တိုင်ကလည်း နေ့တိုင်းမင်္ဂလာဆောင်နေတာ မဟုတ်တော့ ကိုယ်ပိုင် အချိန်ပြည့်ခန့်ထားဖို့လည်း လိုတာမဟုတ်ပါဘူး။

 

COVID-19 Digital Economy Talkshow 26-11-2020 (4)

 

ဒါပေမယ့် ငှားဖို့လိုပြီဆိုရင် အကောင်းဆုံး၊ အကျွမ်းကျင်ဆုံးကို လိုချင်ကြပါတယ်။ အဲဒီလိုဟာ မျိုးမှာဆိုရင် ပညာရှင်ကို မျှဝေပြီးအချိန်ပိုင်းနဲ့ ငှားရမ်းအသုံးချတာက အားလုံးအတွက် အကျိုးရှိပါတယ်။ ဒါက ဉပမာပြောပြတာပါ။ တကယ်တော့ လုပ်ငန်းကဏ္ဍအသီးသီးမှာ အဲဒီလို ကျွမ်းကျင်မှုတွေ ရှိတယ်။ သူတို့ကို လိုအပ်နေတဲ့ လုပ်ငန်းတွေကလည်း အများကြီး ဖြစ်နေတဲ့အတွက်ကြောင့် မျှဝေပြီး အသုံးပြုနိုင်တဲ့နည်းက အားလုံးအတွက် အကျိုးအရှိဆုံး ဖြစ်ပါလိမ့်မယ်။

 

ဒီလိုမျိုး လိုအပ်ချက်နဲ့ ဖြည့်ဆည်းနိုင်မယ့် ကျွမ်းကျင်သူကို တွဲဖက်ပေးတဲ့ အွန်လိုင်း သို့မဟုတ် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုတဲ့ကွန်ရက်တွေကို တည်ဆောက်ဖို့၊ အားပေးမြှင့်တင်ဖို့တွေကို MERRP က လုပ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီလို ဝက်ဘ်ဆိုက်တွေ၊ ပလက် ဖောင်းတွေက အမှန်ပြောရရင် ကမ္ဘာနဲ့တစ်ဝန်းမှာ ရှိနေပြီးသားပါ။ ဒါတွေကိုသုံးပြီး အင်တာနက်ရှိတာနဲ့ ကမ္ဘာခြားနေတဲ့နေရာက အလုပ်တွေကို ပြည်တွင်းမှာ ထိုင်ပြီး လှမ်းလုပ်ပေးနေတဲ့ ပညာရှင်တွေလည်း ရှိကြပါတယ်။

 

ပြည်တွင်းမှာလည်း ဒီလိုမျိုး ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး အလုပ်အကိုင်ရှာဖွေတဲ့ ဝက်ဘ်ဆိုက်တွေ၊ လုပ်ငန်းတွေ၊ လိုအပ်နေတဲ့ တတ်ကျွမ်းမှုရှိတဲ့ အလွတ်တန်း ကျွမ်းကျင်သူတွေကို ချိတ်ဆက်ပေးနေတဲ့ ဝက်ဘ်ဆိုက်တွေလည်း ရှိနေသင့်ပါတယ်။ ဒါမျိုးတွေကို အားပေးမြှင့်တင်ဖို့လည်း လုပ်လိမ့်မယ်လို့ ကျွန်တော်နားလည်ပါတယ်။ ဒီနေရာမှာ လူတိုင်းနီးပါးက အခုခေတ်မှာ အင်တာနက်တွေ၊ မိုလ်ဘိုင်းဖုန်းတွေ သုံးနေကြပြီဆိုတော့ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုတဲ့ ကွန်ရက်တွေ၊ ပလက်ဖောင်းတွေ ဖြစ်လာပြီဆိုရင် လူတိုင်း၊ လူတိုင်းအတွက်ကို တူညီတဲ့အခွင့်အလမ်း ပေးနိုင်လာမှာ ဖြစ်ပါတယ်။

 

ဒီနေရာမှာ ဒစ်ဂျစ်တယ်နည်းလမ်းဆိုလို့ စကားစပ်လို့ ပြောပါရစေ။ အခုဆိုရင် ကိုဗစ်ကာလမှာ အားလုံးသဘောပေါက်သွားတာက ဘာပဲရောင်းရောင်း အွန်လိုင်းက ရောင်းလို့ရတယ်ဆိုတာ  မြင်သွားပြီ။ ကားလည်းရောင်းတယ်၊ စိန်ဘယက်ကြီးလည်းရောင်းတယ်၊ အဝတ်အထည်လည်း ရောင်းတယ်။ ပန်းပင်လည်း ရောင်းတယ်။ နံနက်စာ မုန့်ဟင်းခါးတောင်မှ အွန်လိုင်းကနေ ဝယ်စားကြတယ်ဆိုတာ ဖြစ်ကုန်ပြီဆိုတော့ ပြည်တွင်းလုပ်ငန်းတွေဟာ ဒစ်ဂျစ်တယ်နည်းလမ်းကို အသုံးပြုဖို့နဲ့ သမားရိုးကျ မဟုတ်တဲ့ ဆန်းသစ်ဖန်တီးမှုတွေကိုလုပ်လို့ရတဲ့ အခွင့်အလမ်းကို အားလုံးကမြင်သွားပြီ။ သဘောတူသွားပြီ။

 

ဒါတွေကို အားပေးမယ်ဆိုရင် ပြည်တွင်းလုပ်ငန်းတွေအနေနဲ့ အွန်လိုင်းပေါ်တက်ဖို့၊ ဒစ်ဂျစ် တယ်သုံးဖို့၊ ဆန်းသစ်ဖန်တီးမှုတွေ လုပ်ဖို့အတွက်ကို အားပေးလိုက်မယ်ဆိုရင် ကိုဗစ် - ၁၉ ကြောင့် နှောင့်နှေးသွားရတဲ့၊ ပြောင်းလဲသွားရတဲ့ လုပ်ငန်းတွေကို လမ်းသစ်ဖောက်ပေးသလိုဖြစ်ပြီး လုပ်ငန်းတွေ ပိုကောင်းလာဖို့၊ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ရောက်လာဖို့ လုပ်ပေးနိုင်မယ်လို့ ကျွန်တော် မြင်ပါတယ်။

 

ဒီတော့ e-Commerce Platform တွေ၊ အွန်လိုင်းကနေဈေးရောင်းတဲ့ ဝက်ဘ်ဆိုက်တွေ အဲဒီမှာ ပြည်တွင်းက ဝယ်သူတွေ အလွယ်တကူ ငွေပေးချေနိုင်ဖို့၊ အခွန်အခတွေ တိတိကျ ကျဖြစ်စေဖို့၊ ရောင်းသူတွေက ဒီဘဏ်မို့လို့ ဝယ်သူက ဟိုဘဏ်မို့လို့  ပိုက်ဆံပေးလို့ မရဘူး ဆိုတာမျိုးတွေ မဖြစ်အောင်၊ ဘဏ်မတူရင်တောင်မှ အွန်လိုင်းကနေ ငွေလွှဲလို့ရတယ်၊ ပေးလို့ရတယ် ဆိုတာမျိုးတွေ ဖြစ်အောင်၊ Mobile Payment တွေမှာလည်း သူကဟို Pay ငါက ဒီ Pay  နာမည်မတူလို့ တစ်ခုနဲ့ တစ်ခု ပေးလို့မရဘူးဆိုတဲ့ဟာမျိုးတွေ မဖြစ်အောင် လိုအပ်တဲ့ Digital Gate Way အသုံးချမှုတွေ ဖြစ်လာအောင် ပြုပြင်တာတွေ၊ အားပေးမြှင့်တင်တာတွေကို Recovery Plan ထဲမှာ လုပ်မယ်လို့  ယူဆပါ တယ်။

 

ဒီလို ဒစ်ဂျစ်တယ်နည်းပညာနဲ့လုပ်ထားတဲ့ ဝက်ဘ်ဆိုက်တွေမှာ ပြည်တွင်းက လုပ်ငန်းတွေအနေနဲ့ ဈေးရောင်းတတ်၊ အသုံးပြုတတ်လာပြီဆိုရင် မြန်မာ့ထုတ်ကုန်ကို နိုင်ငံတကာရဲ့ အွန်လိုင်း ပလက်ဖောင်းတွေမှာ တင်ရောင်းဖို့ လုပ်တတ်သွားပါလိမ့်မယ်။ ဒါမျိုးလုပ်နိုင်လာပြီဆိုရင် အားလုံးက ကမ္ဘာနဲ့ချီပြီးသွားဖို့ အခွင့်အလမ်း ဖြစ်သွားတဲ့အတွက်ကြောင့် ဒါကိုအားပေးပံ့ပိုးကူညီ ရမယ့်အဆင့်ထဲမှာ ထည့်သွင်းသင့်ပါတယ်။

 

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် လုပ်ငန်းတွေရဲ့ တတ်ကျွမ်းသူလိုအပ်ချက်နဲ့ ဖြည့်ဆည်းမှုတွေ အံဝင်ခွင်ကျဖြစ်အောင် တွဲဖက်နိုင်ဖို့၊ ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့လုပ်ငန်းတွေ ပြန်လည် ဦးမော့လာနိုင်ဖို့အတွက်မှာလည်း ဒစ်ဂျစ်တယ်စနစ်တွေကို ပြောင်းသုံးဖို့၊ ကောင်းမွန်တဲ့ ရွေးချယ်စရာ တစ်ခုအနေနဲ့ သုံးနိုင်ဖို့၊ နည်းပညာအသုံးပြုမှုနဲ့ ဆန်းသစ်ဖန်တီးမှုတွေကို လက်တွေ့ကျကျ လုပ်နိုင်ဖို့ အစိုးရက MERRP မှာ ဗျူဟာတစ်ရပ်အနေနဲ့ အားပေးမြှင့်တင်မှုတွေ လုပ်သွားမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့အားလုံးအတွက် ဒစ်ဂျစ်တယ်ရဲ့ ပြောင်းလဲမှု အကောင်းဆုံး အခွင့်အရေး ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။

 

အစီအစဉ်မှူး။         ဒီအစီအစဉ်ကနေ ဦးရဲမင်းအောင်အနေနဲ့ ထပ်မံဖြည့်စွက်ပြီး ပြည်သူတွေကို ပြောချင်တဲ့အ ကြောင်းအရာရှိရင်လည်း မျှဝေပေးပါဦး။

 

ဦးရဲမင်းအောင်။      ဒီနေ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ၊ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင် အသေးစား၊ အငယ်စားအားလုံးကို ကျွန်တော့်အနေနဲ့ အကြံပြု တိုက်တွန်းချင်တာက ဒစ်ဂျစ်တယ်နည်းစနစ်နဲ့ ပြုပြင်ပြောင်းလဲပြီး လုပ်ရမယ်ဆိုတဲ့ အသိစိတ်ရယ်၊ လုပ်နေတာတွေက တော်တော်များများ ဖြစ်လာပါပြီ။ ဒါပေမယ့် စုပေါင်းညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ရမယ့်ကိစ္စကိုလည်း မမေ့လျော့စေချင်ပါဘူး။

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက တစ်ဦးကောင်း၊ တစ်ယောက်ကောင်းလုပ်လို့ မရပါဘူး။ အားလုံးစုပေါင်းညှိနှိုင်းပြီး လုပ်ရတဲ့အနေအထား ဖြစ်ပါတယ်။ ကျေးရွာအဆင့်မှာလည်း တူရာတူရာ စုဖွဲ့ပြီး ဆောင်ရွက်ဖို့လိုပါတယ်။ တစ်ဖက်ကလည်း ဒီကဏ္ဍအတွင်းမှာရှိနေတဲ့ စိုက်ပျိုးရေးလုပ်ငန်း လုပ်နေတဲ့သူတွေနဲ့ မွေးမြူရေးလုပ်ငန်းလုပ်နေတဲ့သူတွေ ပူးပေါင်းဖို့လိုပါတယ်။ အရင်တုန်း ကလည်း ရှိပါတယ်။ ဆန်စက်လုပ်ငန်းလုပ်နေတဲ့ လုပ်ငန်းရှင်တွေက ဆန်စက်ကထွက်လာတဲ့ ဖွဲ၊ ဆန်ကွဲတို့ကို မွေးမြူရေးလုပ်ငန်းရှင်တွေကို ရောင်းကြပါတယ်။

 

ဒီတော့ ဆန်စက်လုပ်ငန်းလုပ်နေတဲ့ လုပ်ငန်းရှင်နဲ့ မွေးမြူရေးလုပ်ငန်းလုပ်တဲ့ လုပ်ငန်းရှင်တွေ Public Private Partnership ပါ။ တစ်ခါတစ်လေကျရင် ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်း ဆောင်ရွက်မှုကို ပြောသလိုပဲ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ပုဂ္ဂလိကကဏ္ဍအတွင်းမှာ ပူးပေါင်းဆောင် ရွက်မှုတွေ၊ မျှဝေဆောင်ရွက်မှုတွေ ပိုပြီးအရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းအကြံပြုပြောကြားလိုပါတယ်။

 

နောက်တစ်ချက်က နိုင်ငံတော်အစိုးရပိုင်းက အခု MERRP ပေါ့။ အားလုံးမျှော်လင့်နေတဲ့ အစီအစဉ် ထွက်လာပါပြီ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ပြီဆိုရင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ဘာတွေလုပ်သင့်သလဲ၊ ဘယ်လိုတွေလုပ်မှာလဲဆိုတဲ့ ကိစ္စတွေကို ကျွန်တော်တို့လည်း ပြင်ဆင်ထားပါတယ်။ ကျန်တဲ့ကိုယ့်ရဲ့ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းလုပ်နေတဲ့ အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေကလည်း စဉ်းစားထားဖို့လိုအပ်ပါတယ်။

 

နိုင်ငံတော်အစိုးရက ပြည်သူနဲ့အတူဆိုပြီး မူဝါဒချမှတ်ဆောင်ရွက်နေတဲ့ချိန်မှာ ကျွန်တော်တို့ကလည်း နိုင်ငံတော်အစိုးရနဲ့အတူ ဘာတွေလုပ်နိုင်မလဲဆိုတာ အခုကတည်းက ပြင်ဆင်တွက်ချက်ပြီး ကိုယ့်ရဲ့လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲဆောင်ရွက်ဖို့ လိုအပ်တဲ့ အနေအထားရှိပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက ကိုယ့်နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံရေး၊  စားနပ်ရိက္ခာ ဖူလုံရေးဆိုရာမှာလည်း အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံရေး၊ Food Safety ပိုင်းလည်း ပါပါတယ်။ ဒါတွေကို ဂရုစိုက်ပြီး စနစ်တကျထုတ်လုပ်မယ်၊ နိုင်ငံတော်အစိုးရနဲ့အတူ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်မယ်ဆိုရင် ၂၀၂၁ ခုနှစ်က လယ်ယာကဏ္ဍရဲ့ အလှည့်အပြောင်းနှစ် တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ မျှော်လင့်ပါတယ်။

 

အစီအစဉ်မှူး။         ဆရာဦးသာထက်အနေနဲ့ ပြည်သူတွေကိုထပ်မံပြီး အကြံပြုချင်တဲ့ အကြောင်း အရာရှိရင်လည်း မျှဝေပေးပါဦး။

 

ဦးသာထက်။           ကျွန်တော့်အနေနဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ သာမက အခြားအခြားသော ကဏ္ဍတွေမှာရှိနေတဲ့ လုပ်သားတွေ၊ အလုပ်အခြေအနေအရ အပြောင်းအလဲဖြစ်ကြတဲ့ အခြေအနေ ထဲမှာရှိနေတဲ့သူတွေ၊ နောက်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ ဒီလိုအချိန်ကာလအတွင်းမှာ ဒစ်ဂျစ်တယ် နည်းလမ်းကိုသုံးပြီး ဖျော်ဖြေရေးတွေ၊ ပျော်စရာတွေပဲ ကြည့်နေမယ့်အစား ဒီဟာကို သုံးပြီးသူများတွေ ဘယ်လိုဈေးတွေရောင်းနေတယ်။

 

ဒီအချက်အလက်ကိုသုံးပြီး ဘယ်လိုဈေးကွက်ရှာနေကြတယ် ဆိုတာမျိုးတွေကိုလည်း မြင်အောင်ကြည့်ပြီး ကိုယ်လည်း ဒါကိုသုံးတတ်အောင်၊ လုပ်တတ်အောင်လုပ်ဖို့ အကြံပြုချင်ပါတယ်။ နည်းပညာလို့ ကျွန်တော်တို့ အမြဲတမ်းပြောတဲ့အခါ နည်းပညာက စက်ပစ္စည်းတွေနဲ့ Infrastructure လိုမျိုးသာမက ဒါကို ဘယ်လိုအသုံးပြုရသလဲဆိုတဲ့ နည်းလမ်းကလည်း နည်းပညာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

 

နည်းပညာဆိုတာက  Processes လည်း ပါတယ်။ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေက ယခင် ဒစ်ဂျစ်တယ်စနစ် မဖြစ်ခင်ကလုပ်တဲ့ပုံစံနဲ့ ဒစ်ဂျစ်တယ်စနစ်ကို သုံးလိုက်လို့ မြန်မြန်ရောင်း လို့ရတယ်။ လွယ်လွယ်ရောင်းလို့ရတယ်။ များများရောင်းလို့ရမယ်ဆိုရင် ဘယ်လိုမျိုး ကိုယ့်လုပ်ငန်းကို ပြောင်းလဲရမယ်ဆိုတာကအစ ဒီအချိန်မှာစပြီး တွေးဖို့လိုနေပါပြီ။ အဲဒီလို မဖြစ်ဘူး၊ အဲဒီလို မလုပ်ထားဘူးဆိုရင် ရွေ့လျားသွားမယ့် မျှခြေအခြေအနေ ရောက်တဲ့အချိန်မှာ ကိုယ့်ရဲ့လုပ်ငန်းက မရှိတာ့တာမျိုး ဖြစ်သွားနိုင်တယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုပြောင်းလဲမယ်ဆိုတာ စဉ်းစားပြီး နည်းပညာကို ကိရိယာတစ်ခုလို အသုံးပြုပြီး လုပ်နိုင်အောင်၊ ကြီးပွားအောင်လုပ်ဖို့အတွက်ကို ပြင်ဆင်ဖို့ အခွင့်အလမ်းကောင်းဖြစ်တယ်လို့ မြင်ပါတယ်။ အဲဒါကို လုပ်ဖို့အတွက်  တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ထက်လျှံ