ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

ထက်လျှံ

 

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုတွင် အဓိက အရေးပါသော အခန်းကဏ္ဍမှာ ပါဝင် နေသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကို အသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျ ှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။   ။           မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုတွင် အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေတဲ့ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေမှုကို စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဘယ်လိုအသုံးပြုပြီး ဆောင်ရွက်နိုင်သလဲဆိုတဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

ဒီနေ့အစီအစဉ်မှာ မြန်မာနိုင်ငံ လူငယ်စွန့်ဉီးတီထွင်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးဝင်းထက်မောင်မောင်နဲ့ ဖန်တီးရာမှာ စွန့်ဦးတီထွင်လုပ်ငန်းများနည်းပြ ဦးစိုးသီဟတို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ပထမဦးဆုံး မေးခွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှာ ဒစ်ဂျစ်တယ် ငွေပေးချေမှုက အဓိက  အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အတွက် ဒစ်ဂျစ်တယ်စနစ်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေပေးချေမယ်ဆိုရင် အဓိက အရေးပါပုံတွေက ဘယ်လိုမျိုးတွေ ရှိနေမလဲဆိုတာကို ဦးဝင်းထက်မောင်မောင်က မျှဝေပေးပါဦး။

 

ဦးဝင်းထက်မောင်မောင်။          ။ ပထမဆုံးပြောချင်တာက မြန်မာနိုင်ငံအနေနဲ့ ဒစ်ဂျစ်တယ် Payment တွေကို စတင်ပြီး သုံးလာတာ မကြာသေးဘူး။ အရင်တုန်းက Cash Base Transitions ကို နှစ်တော်တော်ကြာ သွားခဲ့ပါတယ်။ ယနေ့တိုင်လည်း ဘဏ်တွေ မရှိတဲ့နေရာတွေမှာ Cash Base Transitions နဲ့ သွားလာနေတာက လက်ရှိအထိကို ရှိနေပါတယ်။

 

ငွေစက္ကူကိုသုံးတဲ့ အလေ့အထတွေက အရင်ကနေလုပ်လာတာ အခုထိကို လုံးဝမပျောက်မပျက်သေးဘဲ ကျန်နေသေးတဲ့ စနစ်တစ်ခုရှိပါတယ်။ နောက်တစ်ခုက တစ်နေရာနဲ့တစ်နေရာကို ငွေလွှဲတဲ့နေရာတွေမှာ ဘဏ်ကိုမသုံးဘဲ အခြားကြားခံငွေလွှဲတဲ့စနစ်ကို အသုံးပြုမှုတွေက အများကြီးရှိနေပါသေးတယ်။

 

ဒီဟာတွေကို တောက်လျောက်သုံးခဲ့တဲ့အခါမှာ အဓိကပြဿနာအနေနဲ့ ငွေထုပ်ကြီးသယ်ပြီး ဘဏ်တွေကို သွားပေးရတယ်၊ ငွေလွှဲပေးတဲ့နေရာတွေကို သယ်သွားပေးရတယ်၊ ပြီးရင် ငွေကို Cash Counting ဆိုတာကို ဦးစားပေးပြီး လုပ်ပေးရတယ်။ ငွေပမာဏနည်းတယ်ဆိုရင် ပြဿနာမရှိပေမယ့်၊ ငွေပမာဏ သိန်းရာချီ၊ ထောင်ချီ ဖြစ်လာခဲ့ရင် Cash Counting က အများကြီး ပြဿနာရှိ နိုင်ပါတယ်။

 

နောက်တစ်ခုက ဒီငွေတွေကို သယ်သွားတဲ့အခါ လမ်းမှာကြုံတွေ့နိုင်တဲ့ Risk တွေပေါ့နော်၊ ဒီငွေစက္ကူလျော့နည်းတဲ့ ကိစ္စရပ်တွေအပြင် လမ်းမှာဓားပြတိုက်ခံရတယ်၊ လုခံရတယ်ဆိုတဲ့ ပြဿနာတွေ အများကြီးရှိနိုင်ပါတယ်။ ဒါတွေ အားလုံးကို Digital Economy မှာ Digital Payment ကိုသုံးပြီး လွယ်ကူလျင်မြန်တိကျပြီး စိတ်ချရတဲ့စနစ် တစ်ခုအနေနဲ့ အသုံးပြုနိုင်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

 

နောက်တစ်ခုက ဒစ်ဂျစ်တယ်စနစ်ကို သုံးခြင်းဖြင့် ကျွန်တော်ပြောသွားခဲ့တဲ့ အခက်အခဲတွေ အများကြီးကို Digital Payment ကနေပြီး Solution တစ်ခုအနေနဲ့ ဖြေရှင်းနိုင်တယ်ဆိုတဲ့အခါ ခုနကပြောတဲ့ Payment ပုံစံမှာရော၊ အရောင်းအဝယ်မှာရော၊ ငွေကြေးဆုံးရှုံးမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေရော အများကြီး လျော့နည်းလာမယ့်အပြင် ဘဏ်ကို သွားရတဲ့အချိန်တွေ သက်သာလာမယ်၊ ငွေကြေးဆုံးရှုံးမှုတွေ လျော့ကျလာမယ်၊ ဒီအချိန်တွေကနေ တခြားလုပ်ငန်းအတွက် အချိန်တွေ ပိုထွက်လာမယ်၊ နောက်တစ်ခုက သယ်ယူစရိတ်တွေ အပါအဝင် စရိတ်စက တွေကို လျော့ချနိုင် မယ်၊ နောက်အရေးကြီးတဲ့အချက်က နေရာဒေသမရွေး Digital Payment ကိုသုံးပြီး ငွေပေးချေမှု တွေပြုလုပ်လာနိုင်တယ်ဆိုတဲ့ အားသာချက်တွေ အများကြီးရှိတဲ့အခါ Digital Payment က ဒစ်ဂျစ်တယ် စီးပွားရေး အတွက်ကို အများကြီးအထောက်အပံ့ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

 

အစီအစဉ်မှူး။   ။ အခုလက်ရှိမှာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှု အနေအထားတွေက ဘယ်လိုပုံစံမျိုးတွေ ဖြစ်နေလဲဆိုတာကို သုံးသပ်ပြောကြားပေးပါဦး။

 

ဦးစိုးသီဟ။       ။ အခုအနေအထားဆိုရင် မြန်မာနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းလောက်က ဘဏ်အကောင့်မရှိသေးဘူး၊ Unbanked Populations ဖြစ်ပါတယ်။ ငွေပေးချေကတ်တွေ သုံးတာကလည်း ၁၀ ရာခိုင်နှုန်းအောက်မှာ ရှိနေပါတယ်။ ငွေစက္ကူအပြင် တခြားဒစ်ဂျစ်တယ်နည်းစနစ်နဲ့ ဘယ်လိုငွေပေးချေလို့ရလဲဆိုတော့ ဘဏ်အကောင့်ရှိ တယ်ဆိုရင် Mobile Banking စနစ်တွေနဲ့ သုံးလို့ရပါတယ်။

 

ဘဏ်အကောင့်ရှိတယ်ဆိုရင်လည်း ဘဏ်ကတ်စနစ်ဖြစ်တဲ့ MPU လို ကတ်စနစ်တွေသုံးလို့ ရပါတယ်။ အခုနောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာတဲ့ Digital Payment, Digital Wallet တွေ ကို အသုံးပြုလို့ ရပါတယ်။ ဒစ်ဂျစ်တယ် ငွေပေးချေစနစ်က တခြားနိုင်ငံနဲ့ ယှဉ်မယ်ဆိုရင် နည်းနေပေမယ့်၊ ဒီနှစ်ပိုင်းအတွင်းမှာ အရှိန်အဟုန်နဲ့ အများကြီး တိုးတက်လာပါတယ်။ အထူးသဖြင့် ကိုဗစ်ကာလမှာ Digital Payment ဘက်ကို ပိုမိုအသုံးပြုလာတာ တွေ့ရှိရပါတယ်။ e-Commerce လုပ်ငန်းတွေဆိုရင် ကိုဗစ်ကာလမှာ ၃ ဆလောက်အထိ တက်လာတယ်လို့ ကျွန်တော်တို့ ကြား သိရပါတယ်။

 

ဒီလိုမျိုး e-Commerce နဲ့ အရောင်းအဝယ်လုပ်တဲ့အခါမှာ ဒစ်ဂျစ်တယ်စနစ်ကို သုံးလာတဲ့ ရာခိုင်နှုန်းတွေက တက်လာပါတယ်။ အခုအနေအထားအရ အများကြီးဖြစ်ထွန်းလာဖို့ လိုပါသေးတယ်။ အဓိက အကြောင်းအရင်း တွေကို ကျွန်တော်အနေနဲ့ သုံးသပ်ကြည့်တဲ့အခါ အလေ့အကျင့်နဲ့ အလေ့အထမရှိသေးတာ၊ နောက်တစ်ခု ကိုယ်က ဒစ်ဂျစ်တယ်ငွေပေးချေစနစ်ကိုသုံးမယ်၊ ဒါပေမယ့် ဆိုင်တွေကလက်မခံရင် ဘယ်လိုလုပ်မလဲ သို့မဟုတ် ဆိုင်တွေက လက်ခံတယ်၊ သုံးတဲ့အချိန်မှာ အဆင်မပြေမှု ဖြစ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဒီလိုစိုးရိမ်မှုလေးတွေ ရှိပါတယ်။

 

ဒါပေမယ့် ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ပိုင်းတွေမှာ ဒါတွေက သိသိသာသာကို တိုးတက်လာတာတွေ့ ရှိရပါတယ်။ အလေ့အကျင့် မရှိသေးတာကို ဘယ်လိုလုပ်ဆောင်လို့ရလဲ၊ ဒါကို သုံးစွဲသူတွေအနေနဲ့ Digital Payment Account တွေ ဖွင့်ကြည့်ပြီး သုံးကြည့်ဖို့နဲ့ အများကြီးလွယ်ကူတယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။

 

အစီအစဉ်မှူး။   ။           ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေမှုအသုံးပြုဖို့အတွက် အကောင့်တစ်ခုဖွင့်မယ်ဆိုရင် အဆင့်ဆင့် ဘယ်လိုမျိုးဖွင့်ရသလဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးပါဦး။

ဦးစိုးသီဟ။       ။ Mobile Payment Account တစ်ခုဖွင့်ဖို့ဆိုရင် ဘဏ်အကောင့်ရှိစရာ လိုလားဆိုတော့ မလိုပါဘူး။ ဘဏ်ကို သွားစရာလိုလားဆိုရင် မလိုပါဘူး။ ကိုယ့်ရဲ့ဖုန်းထဲမှာဘဲ Application သုံးပြီး အဲဒီထဲကနေ အကောင့်ကို ဖုန်းနဲ့ လွယ်လွယ်ကူကူ မိနစ်ပိုင်းအတွင်း ဖွင့်လို့ရပါတယ်။

 

ဒီလိုဖွင့်တဲ့အခါ ကိုယ့်ရဲ့ဖုန်းနံပါတ်က အဓိက ဖြစ်ပါတယ်။ အဲဒီလို ဖုန်းနံပါတ်နဲ့ ဖွင့်ပြီးသွားရင် တခြားလိုအပ်တဲ့ အချက်အလက်တွေက ကိုယ့်ရဲ့ နာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ ဒါတွေအပြင် နောက်ထပ်လိုတာတွေက ကိုယ့်မှတ်ပုံတင်ရဲ့ အရှေ့နဲ့ အနောက်ကို ဖုန်းကင်မရာနဲ့ ဓာတ်ပုံရိုက်ပြီး ပေးလိုက်လို့ရပါတယ်။ ပြီးတော့မှ ကိုယ့်ရဲ့ မျက်နှာနဲ့ မှတ်ပုံတင်ကို ဓာတ်ပုံတွဲရိုက်ပြီး တင်ပေးရပါတယ်။ အဓိက မှတ်ပုံတင်အချက်အလက် တင်ပေးရတာသည် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင်ရယ်၊ လုံခြုံရေးအတွက်ကြောင့်ပါ။ ဒီဟာတွေ တင်ပေးလိုက်တယ်ဆိုရင် စစ်ဆေးတယ်။ စစ်ဆေးပြီးသွားရင် ပိုပြီးသုံးလို့ရတဲ့ Limit တွေကို သူတို့က မြှင့်တင်ပေးလိုက်ပါတယ်။

 

နောက်ပိုင်းမှာ ဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီး ကန့်သတ်ထားတဲ့ ငွေကြေးပမာဏဘယ်လောက်လောက်ကို ဒီအကောင့်ထဲမှာ သိမ်းထားလို့ရမယ်၊ တစ်ရက်ကို သုံးစွဲလို့ရမယ့် ငွေကြေးပမာဏ Limit တွေကို တင်ပေးပါတယ်။ ဒါက နောက်ပိုင်းဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီးတင်လို့ ရပါတယ်။

 

ကိုယ့်ရဲ့ အကောင့်ထဲမှာ ပိုက်ဆံမရှိသေးဘူး၊ ဒါပေမယ့် တခြားသူက ငွေလွှဲတာတွေကို စပြီး လက်ခံနေလို့ ရနေပါပြီ၊ ဒါပေမယ့် ကိုယ့်အကောင့်ထဲမှာလည်း ပိုက်ဆံထည့်ပြီး သုံးစွဲချင်တယ်ဆိုရင် ပိုက်ဆံထည့်လို့ရပါတယ်။ အဲဒီလို ထည့်ဖို့ဆိုရင် နည်းလမ်းအများကြီး ရှိပါတယ်။ အေးဂျင့်တွေကနေတစ်ဆင့် ထည့်လို့ရပါတယ်။ ခုနတုန်းက Application ထဲမှာပဲ ကိုယ့်ရဲ့အနီးအနားမှာ ဘယ်အေးဂျင့်တွေရှိလဲဆိုတာကို ရှာဖွေလို့ရပါတယ်။ အေးဂျင့်တွေ ဆိုတဲ့အခါမှာလည်း တကယ်တော့ အခုကုန်စုံဆိုင်တွေရှိမယ်၊ ဖုန်းဆိုင်တွေရှိမယ် အစရှိသဖြင့် ဒီလိုမျိုးဆိုင်တွေက အေးဂျင့် ယူပြီး ငွေသွင်း/ငွေထုတ်ကို ဝန်ဆောင်မှုပေးနေပါတယ်။ ကိုယ့်အနီးအနားမှာပဲ ဒီအေးဂျင့်တွေကို Application က တစ်ဆင့် ရှာဖွေလို့ရပါတယ်။  

 

တခြားနည်းတွေက ကိုယ့်ရဲ့ ဘဏ်အကောင့်ရှိတယ်ဆိုရင်လည်း ဘဏ်အကောင့်နဲ့ ချိတ်ဆက်လို့ရပါတယ်။ တခြား MPU စနစ်ရှိတဲ့ ဘဏ်ကတ်တွေကိုသုံးပြီး ကိုယ့်ရဲ့အကောင့်ထဲမှာကို ငွေဖြည့်လို့ ရပါပြီ၊ ဒါဆိုရင် ဒီ Mobile Wallet က စတင် သုံးစွဲလို့ရပြီ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။   ။ ဒစ်ဂျစ်တယ် ငွေပေးချေမှုက ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှာ အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေ တယ်ဆိုတော့ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေအသုံးပြုမယ်ဆိုရင် ရရှိလာတဲ့ဝန်ဆောင်မှုတွေက ဘယ်လိုမျိုး အချိန်တိုအတွင်းမှာ လျင်မြန်အောင် ဆောင်ရွက်နိုင်သလဲဆိုတာကို ရှင်းပြပေးပါဦး။

 

ဦးဝင်းထက်မောင်မောင်။          ။ ခုနက ကိုစိုးသီဟ ပြောသွားသလိုပဲ Mobile Account တစ်ခု ဖွင့်ရတာ လွယ်ကူပါ တယ်။ လွယ်ကူတဲ့အခါမှာ သုံးစွဲဖို့အတွက်ကိုလည်း Mobile Account ထဲမှာ ဘာတွေသုံးလို့ရတယ်ဆိုတာက အများကြီးရှိပါတယ်။ အဓိကအားဖြင့် QR Code စနစ်ကိုသုံးပြီး ငွေတွေပေးလို့ရတယ်၊ လွှဲလို့ရတယ်၊ လက်ခံလို့ရ တယ် သို့မဟုတ် ဖုန်းနံပါတ်ကို အသုံးပြုပြီး ငွေလွှဲတာ ငွေလက်ခံတာ လုပ်လို့ရတယ်။ ဒါက ကိုယ့်ရဲ့ မိတ်ဆွေ အချင်းချင်း သို့မဟုတ် ပေးစရာရှိ၊ ရစရာရှိ ဆိုတဲ့ ငွေတွေနဲ့ ပတ်သက်ပြီး Mobile Account ထဲမှာ သုံးလို့ရပါတယ်။

 

နောက်တစ်ခုက Online Payment အနေနဲ့ ပေးလို့ရတာတွေက အများကြီးပါ။ အဓိကအားဖြင့် Online Payment ထဲမှာ တော်တော်များများက Service တွေရော၊ Product တွေရော အကုန်လုံးဝယ်လို့ရပါတယ်။ Service ဆိုရင် IT နဲ့ပတ်သက်တာတွေ၊ အစားအသောက်နဲ့ ပတ်သက်တာတွေ၊ Online Shopping နဲ့ ပတ်သက်တာတွေ၊ ဖုန်းဘေလ် ဖြည့်သွင်းတာတွေ ဒါတွေအကုန်လုံးကို သုံးလို့ရပါတယ်။

 

ဒါ့အပြင် ပညာရေးမှာဆိုရင် ကျောင်းတွေနဲ့ ပတ်သက်တဲ့ သင်တန်းကြေးတွေ ပေးသွင်းလို့ရမယ်။ အခုနောက်ပိုင်း ခေတ်စားလာတဲ့ အာမခံလုပ်ငန်းနဲ့ပတ်သက်တဲ့ ပရီမီယံကြေးတွေ ပေးသွင်းလို့ရမယ်။ နောက်ပြီး ငွေကြေးနဲ့ သက်ဆိုင်တဲ့ Payment တွေလုပ်လို့ရမယ်။ နောက်တစ်ခုက ခရီးသွားလာတဲ့အခါ လေယာဉ်နဲ့ပတ်သက်တဲ့ လေယာဉ်လက်မှတ်တွေ၊ ဘတ်စ်ကားလက်မှတ်တွေ၊ ဒါတွေ အကုန်လုံးကို ဒီအထဲကနေပြီး တစ်ခါတည်း ဘယ်မှသွားစရာမလိုဘဲနဲ့ ကိုယ့်အိမ်မှာဘဲ Mobile Account ကို အသုံးပြုလို့ရပါတယ်။

 

အခုနောက်ပိုင်း Bill Payment အနေနဲ့ဆိုရင် အင်တာနက်၊ ဖုန်းနဲ့ ရုပ်သံလိုင်းဝန်ဆောင်ခ Bill တွေကို ပေးလို့ရပါ တယ်။ အစိုးရအနေနဲ့ Digital Payment ကို သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေ ကနေ တစ်ဆင့် ဖြည်းဖြည်းချင်း ပြောင်းနေတယ်ဆိုတာ တွေ့ရပါတယ်။ အထူးသဖြင့် လက်ရှိ လျှပ်စစ်မီတာ ခဆောင်ရာမှာ Mobile Payment ကို အသုံးပြုပြီး ပေးဆောင်လို့ရပါတယ်။ YCDC ကိုပေးရတဲ့ အခွန်အခတွေကို ပေးဆောင်လို့ရပါတယ်။

 

၂၀၂၀  ပြည့်နှစ် အောက်တိုဘာလကစပြီး  လစာဝင်ငွေ သို့မဟုတ် ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေနဲ့ ပတ်သက်တဲ့ ဝင်ငွေ အခွန်ဆောင်တာတွေကို အွန်လိုင်းပေါ်ကနေ ပေးဆောင်လို့ရပြီ၊ နောက် ကုမ္ပဏီ နဲ့ပတ်သက်တဲ့ အခွန်တွေကိုလည်း ပေးဆောင်လို့ရနေပြီ ဖြစ်ပါတယ်။ မိုဘိုင်းလ်တင်မကဘဲ M Banking, I Banking အဲဒါမျိုးတွေ အများကြီးရှိ နေတဲ့အခါ Banking  Sector မှာလည်း ကုမ္ပဏီအချင်းချင်း ငွေလွှဲတာအပြင်  ကုမ္ပဏီမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ လစာတွေကို စာရင်းတစ်ချက် တွက်လိုက်ပြီး Online Banking ကနေ ပေးလိုက်ခြင်းဖြင့် ဝန်ထမ်းဆယ်ဂဏန်းပဲရှိရှိ၊ ရာဂဏန်းပဲရှိရှိ One Click နှိပ်လိုက်ရုံနဲ့ Salary Payment တွေက အကုန်လုံးကို ရောက်သွားမှာ ဖြစ်ပါတယ်။

 

အခုပြောသွားတာက ဘယ်လိုအသုံးပြုရတယ် ဆိုတာကိုပြောသွားတာပါ။ အဲဒီမှာ Security အပိုင်းအနေနဲ့ သူ့ရဲ့ဘဏ်က တာဝန်ယူပြီး လုပ်ထားတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ တချို့ဆိုရင် One Time Pass Code တွေ ပို့တာရှိတယ်။ Online Banking ဆိုရင်ဘဏ်တွေက ထုတ်ပေးတဲ့ Device တွေရှိတယ်။ အဲဒီ Device မှာ နံပါတ်တွေကို ရိုက်ထည့်ပြီး ကိုယ်ရဲ့ဘဏ်အကောင့်ကနေ အခြားဘဏ်အကောင့်ကိုဖြစ်ဖြစ်၊ လစာပေးတာပဲဖြစ်ဖြစ် ဒါတွေကို Security အဆင့်ဆင့်ဖြတ်ပြီး Payment တွေက နောက်ဆုံးမှ ထွက်သွားပါတယ်။

 

ခုနက အကောင့်ဖွင့်တယ်ဆိုတာ လွယ်ကူသလိုမျိုးပဲ အကောင့်ထဲမှာ ဖွင့်ပြီးရင် သက်ဆိုင်ရာ Payment အလိုက် ပူးပေါင်းထားတဲ့ Service ဝန်ဆောင်မှုတွေ၊ Product တွေ အကုန်လုံးကိုလည်း လုပ်လို့ရပါတယ်။ လွန်ခဲ့တဲ့ ၁ / ၂ နှစ်နဲ့ယှဉ်ရင် မိုဘိုင်းလ်အကောင့်ထဲကို ဝင်လာတဲ့ကုန်သည်တွေက အများကြီး ရှိလာသလိုမျိုးပဲ နောက်ပိုင်းမှာ ဒီဟာက ဘယ်လောက်အထိအသုံးဝင်တယ်၊ လွယ်ကူတယ်၊ မြန်ဆန်တယ်ဆိုတာကိုသိသွားရင် အခြားကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးက တော်တော်များများ ပါလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

 

ဦးစိုးသီဟ။       ။ ကိုဝင်းထက်ရေ အခုပဲ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်အကြားမှာ မိုဘိုင်းလ်ငွေပေးချေ တာသုံးပြီး ကျွန်တော်တို့အချင်းချင်း ငွေလွှဲကြည့်ရအောင်၊ အခုဆိုရင် ကျွန်တော် အကောင့်ထဲဝင်ပြီး လွှဲပေးမယ်။ ကျွန်တော်အစ်ကိုဆီက QR Code တောင်းလို့ရတယ် သို့မဟုတ် ဖုန်းနံပါတ်သိတယ်ဆိုရင်လည်း ဖုန်းနံပါတ် ရိုက်ထည့်ပြီး လုပ်ဆောင်လို့ရပါတယ်။ ဒါဆိုအခု ဖုန်းနံပါတ် ရိုက်ထည့်ပြီး ကျွန်တော်လွှဲချင်တဲ့ ပမာဏကိုထည့်ပြီး ကျွန်တော်ရဲ့ လျို့ဝှက်ကုတ်နံပါတ်ကို ရိုက်ထည့်ပြီး လွှဲလိုက်ပါပြီခင်ဗျာ။

 

ဉီးဝင်းထက်မောင်မောင်။          ။ ဟုတ်ကဲ့ ချက်ချင်းရောက်ပါတယ် ကိုစိုးသီဟ။ Mobile Payment က အတော့်ကို မြန်ဆန်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး တွေ့စရာမလိုဘဲနဲ့ ငွေလက်ခံလို့ ရတယ်၊ ငွေလွှဲလို့ရတဲ့အပြင် ခုနကပြောသလို စက္ကန့်ပိုင်းအတွင်းမှာ ငွေလက်ခံတာတွေ လုပ်လို့ရတဲ့ အတွက်ကြောင့် အများကြီးအဆင်ပြေပါတယ်။ အထူးသဖြင့် ကိုဗစ်ကာလမှာ ဒီဟာက တော်တော်အသုံးဝင်တယ်၊ နောက်ပိုင်းကျရင် ပိုပြီးသုံးစေချင်ပါတယ်။ အလွန်အသုံးဝင် ပါတယ်။

 

ဦးစိုးသီဟ။       ။ သူငယ်ချင်းမိတ်တွေကြားထဲမှာ ငွေအလွှဲအပြု အများကြီးလွယ်ကူသွားတယ်။ မိသားစုထဲမှာ မုန့်ဖိုးပေးတာ၊ သီတင်းကျွတ်ကန်တော့တာကအစ Mobile Payment ရဲ့ အခန်း ကဏ္ဍက ပိုပြီးတွင်ကျယ်လာတယ်။ ကိုဝင်းထက်ရေ အစိုးရနဲ့ ပြည်သူလူထုကြားမှာ ဒီလိုမျိုး Mobile Payment နဲ့ပတ်သက်ပြီး ဉပမာတစ်ခုလောက် ကျွန်တော်တို့ကို ပြောပြပေးပါဦး။

 

ဦးဝင်းထက်မောင်မောင်။          ။ အစိုးရနဲ့ ပြည်သူကြားမှာ Mobile Payment အသုံးပြုပြီး ငွေလွှဲတယ်ဆိုတာ အရင်တုန်းက မကြားဖူးပါဘူး။ တော်တော်များများက ငွေသားနဲ့ ဘဏ်ကိုသွားပြီး လုပ်ကြတာများပါတယ်။ ဒါပေမယ့် အခုကိုဗစ်ကာလအတွင်းမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကိုယ်ဝန်ဆောင်တွေကို ငွေထောက်ပံ့တဲ့ အစီအစဉ်တစ်ခုကို လုပ်ခဲ့ပါတယ်။ ဒါကို ဉပမာအနေနဲ့ နည်းနည်း ပြောပြချင်ပါတယ်။

 

ကိုဗစ်ကာလမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကနေပြီး ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းကောက်တဲ့အခါ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ / ၅ ခုလောက်မပါဘဲနဲ့ကို လူဦးရေက သိန်းနဲ့ချီပြီး ရှိပါတယ်။ ဒီလိုမျိုးအခြေအနေမှာ ငွေသားနဲ့ထုတ်ပေးဖို့က ကိုဗစ်ကာလနဲ့ဆိုရင် ဘဏ်မှာသွားပြီး တန်းစီရမယ်၊ငွေထုတ်ရမယ် ဒါတွေက ကျန်းမာရေး နဲ့ပတ်သက်လို့ မသင့်တော်တဲ့ကိစ္စတွေဖြစ်ပါတယ်။

 

ဒီတော့ ဝန်ကြီးဌာနက ဘဏ်တွေရော၊ Mobile Payment Operator တွေအကုန်လုံးကို ခေါ်လိုက်ပြီး သူတို့ကို စာရင်းအရင် ကောက်ပါတယ်။ အစိုးရဝန်ကြီးဌာနကလည်း နောက်ပိုင်းတော်တော်လေး အဆင့်မြင့်လာပါတယ်။ “ငွေဗိုက်” လို့ခေါ်တဲ့ Application တစ်ခုကို ရေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင်တွေက ဒီထဲမှာ အချက်အလက် တွေကို ဖြည့်သွင်းပြီး စာရင်းပေးရပါတယ်။ ကိုယ်ဝန်ဘယ်လောက်ရှိပြီ၊ နေရပ်လိပ်စာ၊ နာမည်၊ အသက် စတဲ့ လိုအပ်တဲ့အချက်အလက်တွေ အကုန်လုံးကို ထည့်ပေးရပါတယ်။ အဲဒါကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆင့်ဆင့် ပြန်ပြီးစိစစ်ပါတယ်။ စိစစ်ပြီးတဲ့အခါမှာ Payment အနေနဲ့ ပေးတာက တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။

 

Payment က အရင်ကဆိုရင် ငွေသားနဲ့ပေးတာ တစ်မျိုးတည်း ရှိပါတယ်။ အခုဘာတွေ့ရလဲဆိုတော့ ဖုန်းနံပါတ်ကို အသုံးပြုပြီး ငွေလွှဲတဲ့စနစ်ကို သုံးပါတယ်။ ဘဏ်တွေကလုပ်တဲ့ Payment ကို အစိုးရဝန်ကြီးဌာနက ပေါင်းပြီး လုပ်ပါတယ်။ ‌နောက်တစ်ခုက ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ငွေသားနဲ့ ထုတ်မယ်ဆိုရင် အသေးစား ငွေရေးကြေးရေးကုမ္ပဏီတွေကို တစ်ဆင့်ခံပြီးပေးပါတယ်။ ဒါပေမယ့် အခုဒီစနစ်တွေနဲ့ ငွေထုတ်ပြီးသွားတာက ကိုယ်ဝန်ဆောင် ၂၅၀၀၀၀ ကို ထုတ်ပေးပြီးသွားပြီ၊ အဲဒီအထဲမှာ အများစုက မိုဘိုင်းလ်ဖုန်းကိုသုံးပြီး ငွေလက်ခံတယ်၊ ဝန်ကြီးဌာနကလည်း Mobile Payment စနစ်နဲ့ ငွေလွှဲလိုက်တယ်လို့ ကျွန်တော်ကြားသိရပါတယ်။

 

ခုနပြောသလိုမျိုး အစိုးရဖြစ်တဲ့အခါ ဘဏ်ကနေ ငွေသွားထုတ်ပြီးလုပ်မယ့်အစား သက်ဆိုင်ရာ၊ နီးစပ်ရာ အေးဂျင့်တွေကနေ တစ်ဆင့် ပိုက်ဆံကို ပြန်ပြီးထုတ်မယ်၊ ကိုယ့်မှာ Mobile Account ဖွင့်ထားတယ်ဆိုရင် ကိုယ့်အကောင့်ထဲကို ပိုက်ဆံတိုက်ရိုက်ဝင်မယ် ဒါတွေက အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေဆိုရင် ဘယ်လိုမှ ဘဏ်တွေကိုလည်း မသွားနိုင်ဘူး၊ အပြင်လည်း သွားလို့မရဘူး ကိုဗစ်ကာလဖြစ်နေတယ်ဆိုတော့ ပိုပြီးဆိုးပါတယ်။ ဒါကို အစိုးရကနေပြီး ကိုဗစ်ကာလအတွင်း ပထမဦးဆုံးအနေနဲ့ Mobile Payment ကိုသုံးပြီး ပြည်သူတွေကို ထောက်ပံ့တယ်ဆိုတဲ့ အစီအစဉ်တစ်ခုကို ကျွန်တော်မျှဝေပေးတာပါ။ အများကြီးအဆင်ပြေပါတယ်။

 

အစီအစဉ်မှူး။   ။           မြန်မာနိုင်ငံရဲ့ အခုလက်ရှိ ဒစ်ဂျစ်တယ်ငွေပေးချေမှုနဲ့ ပတ်သက်ပြီး တခြားသိကောင်းစရာ တွေရှိရင်လည်း မျှဝေပေးပါဦး။

 

ဦးစိုးသီဟ။       ။ သုံးစွဲသူတွေဘက်က သိသင့်တဲ့အချက်တွေကို ကျွန်တော်ဖြည့်စွက်ချင်ပါတယ်။ တစ်ခုက ဒစ်ဂျစ်တယ်စနစ်သုံးတဲ့အခါမှာ လုံခြုံရေးကို သတိပြုသင့်ပါတယ်။ ဒီလိုမျိုး Digital Payment Account တွေသည် ဖုန်းနံပါတ်ကို အဓိကထားပြီး သုံးတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို သေသေချာချာ Register လုပ်ထားဖို့ တိုက်တွန်းလိုပါတယ်။ အဲဒီလို လုပ်ထားမှသာလျှင် ဆင်းကတ်ပျောက်ခဲ့တယ်၊ တယ်လီဖုန်းပျောက်ခဲ့တယ်ဆိုရင် ဒီဖုန်းနံပါတ်ကို ပြန်လည်ပြီး ရယူလို့ရမှာပါ။

 

နောက်တစ်ခုက ဒီလိုမျိုး Digital Payment Providers တွေအနေနဲ့ ပိုပြီးလုံခြုံအောင်ဆိုပြီး ကိုယ့်ရဲ့ လုံခြုံရေး လျှို့ဝှက်ကုတ်အပြင် တစ်ခါသုံးလျှို့ဝှက်ကုတ်တွေကိုလည်း ဖုန်းထဲကို SMS ကတစ်ဆင့် လုံခြုံရေးအတွက် ပို့ပေးတတ်ပါတယ်။ ဒီကုတ်တွေက ကိုယ့်အတွက်ပဲ ဖြစ်ပါတယ်။ တခြားသူတွေနဲ့မျှဝေဖို့အတွက် မဟုတ်ပါဘူး။ ကိုယ့်အတွက် လုံခြုံစွာကိုယ်တိုင်သုံးဖို့အတွက် ဖြစ်ပါတယ်။

 

ဒီလိုမျိုး ငွေလွှဲတဲ့အခါ ကိုယ်လွှဲမယ့်သူရဲ့ နာမည်ကို သေချာစစ်ပါ။ ဖုန်းနံပါတ်ထည့်လိုက်တယ် သူရဲ့ နာမည်ကို သေချာစစ်ဖို့ရယ် နောက်တစ်ခုက ကိုယ်လွှဲလိုတဲ့ ငွေကြေးပမာဏရဲ့ ဂဏန်းအရေအတွက်ကို သေချာစစ်ဖို့ကို ဆွေးနွေးချင်ပါတယ်။ နောက်တစ်ခု ဒီလိုမျိုး ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်က ကျွန်တော်တို့အတွက် အလွန်အဆင် ပြေသွားပါတယ်။ ဥပမာ ရုပ်ရှင်လက်မှတ်ဝယ်တာ၊ အွန်လိုင်းက ပစ္စည်းမှာပြီး ငွေပေးချေတာ၊ သူငယ်ချင်းတွေစုပြီး အလှူအတန်းပြုတဲ့အခါ အိမ်ထဲကနေ လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေကို စမ်းကြည့်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်။

 

အစီအစဉ်မှူး။   ။           ဒီအစီအစဉ်ကနေပြီး ပရိသတ်တွေကို ထပ်မံပြီးအသိပေးချင်တဲ့ အကြောင်းအရာတွေ ရှိရင်လည်း ဆွေးနွေးပေးပါဦး။

 

ဦးဝင်းထက်မောင်မောင်။          ။ ကျွန်တော်တို့အနေနဲ့ Mobile Payment တွေကို တွင်တွင်ကျယ်ကျယ် သုံးစေချင် ပါတယ်။ အဓိကဘာလဲဆိုတော့ ခုနကပြောသလိုမျိုး အကောင့်တွေ ဖွင့်ရတာလွယ်ကူတယ်။ နောက်ပြီး သက်ဆိုင်ရာ ဘဏ်တွေဖြစ်ဖြစ်၊ Mobile Payment ကို လုပ်တဲ့ကုမ္ပဏီဖြစ်ဖြစ် သူတို့က လုံခြုံရေးကို အထပ်ထပ်လုံခြုံအောင်လို့ နည်းပညာနဲ့ သေချာလုပ်ထားပါတယ်။

 

ဒါကြောင့် သုံးစွဲမယ့် ပြည်သူလူထုတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Mobile Payment ကို ယုံကြည်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ ခုနက ပြောခဲ့သလိုပဲ Cash Management တွေက Digital ကိုသုံးပြီး ပေးတဲ့အချိန်မှာ အလွန်လျင်မြန်လွယ်ကူပြီး မြန်ဆန်တာကို တွေ့ရပါမယ်။ ပြီးရင် Cash Counting တွေနဲ့ တော်တော်ကို လျော့ကျသွားပါတယ်။ ကျွန်တော်တို့အနေနဲ့ ပိုက်ဆံကို ရေတွက်တဲ့အချိန် ပိုက်ဆံကနေ ထွက်လာမယ့်အနံ့တွေကို လူတိုင်းက ရှုနေရတယ်ဆိုတော့ ဒါတွေကလည်း ကျန်းမာရေးရှု့ထောင့်က ကြည့်မယ်ဆိုရင် ဆိုးကျိုးအနေနဲ့ ဖြစ်စေနိုင်ပါတယ်။

နောက်တစ်ခုက သယ်ယူပို့ဆောင်ရေးမှာ Risk တွေ အများကြီးလျော့ချနိုင်တဲ့ အနေအထားမျိုးကို တွေ့ရတဲ့အတွက် ဒါလေးက အားသာချက်အနေနဲ့ ကျွန်တော်ပြောခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ဆိုင်တွေအနေနဲ့ Mobile Payment Account ထဲမှာပါဝင်တာ အရင်ကထက်စာရင် များလာပေမယ့်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို Cover မဖြစ်သေးပါဘူး။ ဒီတော့ ပြည်သူလူထုအနေနဲ့ Mobile Wallet ကိုသုံးပြီး ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို ရယူတဲ့အခါမှာ Mobile Wallet ကို ကုန်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က သုံးစွဲတဲ့သူ လွယ်ကူအောင် လို့ Mobile Platform မှာ ပူးပေါင်းပါဝင်စေချင်ပါတယ်လို့ ပြောချင်ပါတယ်။

 

အစီအစဉ်မှူး။   ။ ဦးစိုးသီဟအနေနဲ့ ထပ်မံပြီးဖြည့်စွက်ပြောကြားချင်တဲ့ အကြောင်းတွေ ရှိရင်လည်း မျှဝေပေးပါဦး။

 

ဦးစိုးသီဟ။       ။ ဒစ်ဂျစ်တယ်စီးပွားရေး အသွင်ကူးပြောင်းတဲ့ကိစ္စတွေမှာ မြန်မာနိုင်ငံအနေနဲ့ အရှိန်အဟုန်ရ လာနေပြီ။ ဒစ်ဂျစ်တယ် ငွေပေးချေတဲ့စနစ် အောင်မြင်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ ဥပမာအနေနဲ့ အိန္ဒိယနိုင်ငံဆိုရင် ၂၀၁၆ ခုနှစ် ဧပြီလလောက်မှာ UPI လို့ခေါ်တဲ့ Unified Payments Interface ကို စတင်ခဲ့ပါတယ်။ ၃ / ၄ နှစ်အတွင်းမှာ သူတို့နိုင်ငံရဲ့ GDP ၁၀ ရာခိုင်နှုန်းကို Payments Interface ကနေတစ်ဆင့် အသုံးပြုလာနိုင်ခဲ့ ပါတယ်။ သူတို့ နိုင်ငံသားတွေရဲ့ ၈၀ ရာခိုင်နှုန်းသည် ဘဏ်အကောင့်တွေရှိသွားပြီ ဆိုလိုတာက လူသန်းပေါင်း ၁၀၀၀ ကျော်လောက် အထိ ဘဏ်အကောင့်တွေရှိသွားတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်သွားတဲ့အခါမှာ စီးပွားရေးတွေက လည်း လုပ်ရတာပိုပြီးလွယ်ကူလျင်မြန်လာပါတယ်။ ဒါ့အပြင် ဒီအပေါ်မှာထပ်ဆင့်ပြီး ဆန်းသစ်တီထွင်တဲ့ လုပ်ငန်းတွေကလည်း ပိုမိုပြီး ဖြစ်ထွန်းအောင်မြင်လာပါတယ်။ မြန်မာနိုင်ငံရဲ့ Digital Payment ကလည်း ဒီလို လျင်လျင်မြန်မြန်နဲ့ အောင်မြင်ဖို့အတွက် မျှော်လင့်ပါတယ်။