ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်)၏ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်)၏ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

 

၂၀၂၃ ခုနှစ်ကနေ ၂၀၂၄  ခုနှစ်သို့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတဲ့အချိန်အခါမှာ ကမ္ဘာသူ ကမ္ဘာသား၊ နိုင်ငံသူ နိုင်ငံသားအားလုံး ဆရာတော်မှ ဆုတောင်းမေတ္တာများ ပို့သပါတယ်။ ကိုယ်စီကိုယ်ငှ ကိုယ့်ဒေသ၌ ပျော်ကြစံရာ သတ္တဝါ ဟူသမျှတို့သည် အိပ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။ မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်ရာ ကောင်းစွာမိုးသောက် အလင်းရောက်၍ ထမြောက် နိုးကြားနိုင်ကြပါစေကုန်သတည်း။ မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို သူတော်လက်နက်တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြ ပါစေကုန်သတည်း။ ကောင်းရာဖြည့် အလောင်းအလျာသိ ကောင်းရာဖြစ် သုံးဖြာဆယ်လီ ပါရမီအပေါင်း အကျင့်ကောင်းကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင် မလင့်ပုံသွေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။

 

နှစ်ဟောင်းကုန်လို့  နှစ်သစ်ကိုပြောင်းလဲတဲ့အခါမှာ အားလုံးသော သတ္တဝါတွေ၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊   ကမ္ဘာသူ   ကမ္ဘာသားအားလုံး ခုနစ်ရက်သားသမီးအပေါင်းတို့ ကောင်းမွန်စွာ အိပ်စက်နိုင်ပြီး ကောင်းမွန်စွာ နိုးကြားနိုင်ကြပါစေ။ အပယ်ကို ရောက်စေနိုင်တဲ့ ဒုစရိုက်တရားများကိုလည်း ပယ်ခွာပြီးတော့ သုဂတိနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ ပစ္စုပ္ပန် သံသရာနှစ်ဖြာကို ချမ်းသာစေနိုင်တဲ့ သူတော်ကောင်းတရားတွေ မြဲကြပါစေ။ ကောင်း သောနက္ခတ်၊ ကောင်းသောမင်္ဂလာ၊ ကောင်းသော အချိန်အခါနဲ့လည်း အမြဲတမ်းဆုံစည်းနိုင်ကြပါစေ။ အားလုံးသော သတ္တဝါတိုင်းမှာ ကောင်းတဲ့ကံ၊ မကောင်းတဲ့ကံ ရှိကြပါတယ်။ ကောင်းတဲ့ကံဟာ ကောင်းတဲ့အကျိုးကိုပေးလို့၊ မကောင်းတဲ့ကံဟာလည်း မကောင်းတဲ့အကျိုးကို ပေးတတ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာသူ ကမ္ဘာသားအပေါင်း၊ နိုင်ငံသူ နိုင်ငံသားအပေါင်း မိမိတို့ပိုင်ဆိုင်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံမှာ မကောင်းသောအရာများ မကျူးလွန်စေဘဲ နေ့စဉ်နေ့တိုင်း ကောင်းတဲ့ကိုယ်အမူအရာ၊ ကောင်းတဲ့ကာယကံ၊ ကောင်း တဲ့ဝစီကံ၊ ကောင်းတဲ့မနောကံတွေနဲ့ မိုးလင်းကြပါစေ၊ မိုးချုပ်ကြပါစေ။ ကောင်းသောအချိန်များ ဖြစ်ကြပါစေလို့ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ယနေ့နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်တဲ့အခါမှာ ကောင်းကျိုးချမ်းသာ များစွာ ရရှိကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။