ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်း အပတ်စဉ် (၃၈) ညောင်ရွှေမြို့တွင် ဖွင့်လှစ်

နေပြည်တော် ၅ ဇူလိုင်

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးရုံးမှ စီစဉ်ဖွင့်လှစ်သည့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ)သင်တန်း အပတ်စဉ်(၃၈/၂၀၁၈) သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂ ရက် နံနက် ၉ နာရီခွဲတွင် ညောင်ရွှေမြို့ နိုဝင်ဘာ ဟိုတယ်၌ ကျင်းပခဲ့သည်။

 

 

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးက အဖွင့်အမှာစကား ပြောကြားရာတွင် အင်းလေးကန်သည် အာဆီယံအမွေအနှစ် တစ်ခုအဖြစ် စိတ်ဝင်စားဖွယ်ကောင်းသည့် လှပသော တောတောင်သဘာဝ ရှုခင်းများ ရှိသောကြောင့် ဒေသခံလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဧည့်လမ်းညွှန် သင်တန်းကို ဒေသတွင်း၌  ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဖွင့်လှစ်သည့်အတွက် ဒေသတွင်းရှိ ဧည့်လမ်းညွှန်များ တိုးတက်လာပြီး ဝန်ဆောင်မှုကောင်းများ ပေးနိုင်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ 

 

ဧည့်လမ်းညွှန်ကောင်း တစ်ဦးဖြစ်လာရန် အဘက်ဘက်မှ ကြိုးစားရသလို ဗဟုသုတစုံလင်ဖို့ သမိုင်းကြောင်းတွေ၊ ရှေးဟောင်းယဉ်ကျေးမှု ဓလေ့ထုံးစံများ သိရှိထားရန် လိုအပ်သည့်အပြင် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာ မညှိုးနွမ်းစေ သည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန် လိုအပ်ကြောင်း၊ 

 

ယခု ဧည့်လမ်းညွှန်အခြေခံ သင်တန်းဆင်းပြီး လိုင်စင်သက်တမ်း (၃)နှစ်ပြည့်လျှင် နိုင်ငံ တစ်ဝှမ်းလုံး လှည့်လည်လုပ်ကိုင်နိုင်သည့် ဧည့်လမ်းညွှန်စာမေးပွဲကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် သွားရောက် ဖြေဆိုနိုင်သည့် အခွင့်အရေး ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၁၂၅) ဦးတို့ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။ 

 

ဟိုတယ်/ခရီး